By Myanmar Builders Guide, Shweproperty.com
Updated at 30 July 2018
မန္တလေးမြို့စွန်ရှိ ကျေးရွာများ၌ လယ်ယာမြေများကို မြေကွက်များဖော်ဆောင်ရောင်းချနေမှုများရှိနေကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မှ ပြောကြားသည်။
မန္တလေးမြို့အနီးဝန်းကျင်ရှိ ကန်ကောက်ကျေးရွာ၊ နန်းဦးလွင်ကျေးရွာ၊ ကျွဲရေကုန်းကျေးရွာ၊ နွယ်နီကျေးရွာ၊ ဆင်ရွာကြီးကျေးရွာနှင့် နန္ဒာကျေးရွာတို့တွင် အကွက်ရိုက်၍ မြေကွက်ဖော်ဆောင်မှုများရှိနေသည်ဟု ၎င်းက ပြောဆိုသည်။
“ဒီလို ဥပဒေမဲ့ရပ်ကွက်တွေ ပေါ်လာရင် လမ်းနဲ့ ရေ၊ မီးကအစ စနစ်မကျတာတွေဖြစ်လာမယ်။ စနစ်မကျတာတွေ ဖြစ်လာရင် အုပ်ချုပ်ရေးပိုင်းနဲ့ တရားဥပဒေဆွေးနွေးမှုပိုင်းမှာ လျော့နည်းလာရင် မကြာခင်ကဖြစ်ခဲ့တဲ့ ဇီးအုပ်လိုဖြစ်စဉ်မျိုးတွေဖြစ်လာမယ်” ဟု ရှင်းပြသည်။ယခုကဲ့သို့ မြေကွက်ဖော်ရောင်းချနေမှုများကို စိစစ်အရေးယူဆောင်ရွက်နိုင်ရန် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေနှင့် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ မြေဖို့ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများသည် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် မညီသဖြင့် ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာထားသည်။
လယ်ယာမြေများပေါ်တွင် လူနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများလုပ် ကိုင်ရန် မြေကွက်များရိုက်၍ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကြော်ငြာ၍လည်းကောင်း၊ အကျိုးဆောင်များမှတစ်ဆင့်လည်းကောင်း ရောင်းဝယ်မှုများပြုလုပ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့သည် ဇူလိုင်လ ၁၈ ရက် နံနက် ပိုင်းက နန်းဦးလွင်ကျေးရွာတွင် ရှောင်တခင်စစ်ဆေးခဲ့ပြီး လယ်ယာမြေပေါ်တွင် ဥပဒေမဲ့အိမ်ရာဆောက်မှုများကို စာရင်းကောက်ယူခဲ့သလို လမ်းခင်းသည့် စက်ယန္တရားနှင့် မြေသယ်ယာဉ်များကိုလည်း သိမ်းဆည်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ်မှ ပြောကြား သည်။
မန္တလေးမြို့ဝန်းကျင်ရှိ လယ်ယာ မြေများပေါ်တွင်အကွက်ရိုက်၍ ရောင်းချနေသော မြေကွက်များကို ဝယ်ယူထားမိသူ အမြောက်အမြားရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှ စုံစမ်းသိရှိရသည်။
၂၀၁၇ ခုနှစ် ဇွန်လကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ယင်းကိစ္စနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနက အဖိုးတန် လယ်ယာမြေများကို ကာကွယ်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ရရှိခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ပြောကြားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ