တိုက်ခန်းတွေမှာဖုန်းရွှေအသုံးချနိုင်ပါသလား။ ဖုန်းရွှေပညာရပ်ပေါ်ပေါက်လာစဉ်ကာလမှာအဆောက်အအုံအများစုကတစ်ထပ်မျှသာရှိကြပြီးအခမ်းနားဆုံးအဆောက်အအုံတွေဆိုတာကမှ နှစ်ထပ်သာရှိခဲ့ကြပါတယ်။ ဒီတော့ ဒီနေ့ခေတ်အထပ်မြင့်တိုက်ခန်းတွေ၊ ကွန်ဒိုမီနီယံတွေ၊ မိုးမျှော်တိုက်တွေမှာရောရှေးအဆက်ဆက်အသုံးပြုလာခဲ့ကြတဲ့ ဖုန်းရွှေကိုဘယ်လိုအသုံးပြုနိုင်မလဲ။ ဒီမေးခွန်းကိုဖြေဖို့ဆိုရင် ခေတ်မီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟောင်ကောင်ကိုတစ်ချက် ကြည့်လိုက်ပါ။ ဖုန်းရွှေပညာရှင်တွေ ပေါ်ပေါက်မှုများတဲ့နေရာမှာနာမည်ကျော်တဲ့ ဟောင်ကောင်မှာဆိုရင် အထပ်မြင့်အဆောက်အအုံတွေနဲ့ပြည့်နှက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဖုန်းရွှေပညာရပ်ကိုအထပ်မြင့်အဆောက်အုံတွေ မှာလည်းအသုံးပြုနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
 
ဖုန်းရွှေသဘောတရားတွေက နှစ်ပေါင်းထောင်နှင့်ချီသက်တမ်းရှိခဲ့ပြီဆိုပေမယ့် ဘယ်အဆောက်အအုံမျိုးမှာမဆိုအသုံးချနိုင်ပါတယ်။ ကျေးလက်လယ်တောအိမ်လေးကစပြီး မြို့ကြီးပြကြီးကတိုက်ခန်းတွေမှာအထိအသုံးပြုနိုင်ပါတယ်။
 
တိုက်ခန်းတွင် မကောင်းသည့် ချီဓာတ်ကိုဖယ်ရှားခြင်း
 
တိုက်ခန်းတွေမှာကောင်းတဲ့ချီဓာတ်ကိုစီးဆင်းစေဖို့အလွယ်လေးပြုလုပ်နိုင်မယ်ဆိုရင် ဖုန်းရွှေပညာရှင်တွေကိုတောင် လိုအပ်နေပါဦးမလား။ ဖုန်းရွှေအခြေခံသင်တန်းကိုဆိုရင်တောင် ပြီးမြောက်ဖို့ လနဲ့ချီအချိန်ယူရမှာဖြစ်ပါတယ်။ ဒီတော့ ပိုင်ဆိုင်တဲ့နေရာလေးမှာမကောင်းတဲ့ချီဓာတ် ရှိမနေစေရအောင် လုပ်ဆောင်တာကပိုပြီးလွယ်ကူစေပါတယ်။ နေထိုင်သူတွေအတွက် အခိုက်မရှိစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အဓိကကျတဲ့အချက်တွေကိုရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။
 
စတင်မည့်နေရာ- ဝရံတာ
 
မြေစိုက်အိမ်မျိုးမှာဆိုရင်တော့ ဖုန်းရွှေအားလုံးအတွက် စတင်ရမယ့်နေရာက ချီဓာတ်ဝင်လမ်းဖြစ်တဲ့ ပင်မတံခါးပေါက်ဖြစ်ပါတယ်။ တိုက်ခန်းမှာဆိုရင်တော့ ပင်မတံခါးကကော်ရစ်ဒါမျိုးနေရာမှာရှိနေနိုင်သလိုမြေညီထပ်ဖြစ်ရင်တော့ အိမ်ပြင်ဘက်ကနေ ဝင်လာမယ့်နေရာမှာရှိနေနိုင်တာကြောင့် တသမတ်တည်းယူဆပြောဆိုဖို့မလွယ်ပါဘူး။ ဒီတော့ တိုက်ခန်းမှာဆိုရင် ချီဓာတ်ဝင်ရာလမ်းကို ဝရံတာနေရာမှာထားဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ဝရံတာနေရာက နေရောင်ခြည်ဝင်ဖို့လိုအပ်ပြီးပိတ်ကာနေတာမျိုးမဖြစ်ဖို့လိုပါတယ်။ ဝရံတာ ပါတဲ့အခန်းတွေမှာချီဓာတ်ကိုတစုတစည်းတည်း ဝင်လာစေဖို့ ပိတ်ကာနေလို့မရဘဲကောင်းကောင်းဖွင့်ထားဖို့လိုအပ်ပါ တယ်။ ဝရံတာက ချွန်ထက်နေတဲ့ မည်သည့်ထောင့်ချွန်နေရာမျိုး၊ မည်သည့်ထောင့်ချွန်လျှောက်လမ်းနေရာမျိုး၊ မည်သည့် ထောင့်ချွန်အရာပစ္စည်းမျိုးကိုမှ မျက်နှာမူနေလို့မရပါဘူး။ ဒီလိုအရာမျိုးတွေကသင့်တိုက်ခန်းအလွှာရဲ့ အပေါ်နဲ့အောက် နေရာလွှဲပြီးတည်ရှိနေမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ အဓိကကကိုယ့်အခန်းနဲ့ မျက်မှန်းတန်းနေတဲ့နေရာမျိုးမှာရှိမနေရင် ရပါပြီ။ ဝရံတာက တိုက်ခန်းရဲ့ပင်မဝင်ထွက်ရာ တံခါးပေါက်နဲ့ တိုက်ရိုက်မျက်နှာချင်းဆိုင်ရှိနေလို့မရပါဘူး။ မဟုတ်ရင် ချီဓာတ်ကတိုက်ခန်းထဲကနေချက်ချင်းတိုးယိုပေါက် ထွက်သွားမှာဖြစ်ပါတယ်။ ဝရံတာနဲ့ ပင်မတံခါးပေါက်ကမျက်နှာ ချင်းဆိုင်အနေအထားရှိနေမယ်ဆိုရင်တော့ ချီဓာတ် တိုက်ရိုက်ထွက်မသွားစေအောင် ဝရံတာနဲ့ ပင်မတံခါးပေါက်အကြားမှာခန်းဆီးလေးပဲဖြစ်ဖြစ်၊ အခန်းကန့်လေးထားတာပဲဖြစ်ဖြစ်ပြုလုပ်ပြီးကာကွယ်ထားနိုင်ပါတယ်။
 


မေတ္တာရေးနှင့် ကျန်းမာရေးအတွက် အိပ်ခန်း
 
တိုက်ခန်းမှာနောက်ထပ်အရေးကြီးတဲ့နေရာကတော့ အိပ်ခန်းပဲဖြစ်ပါတယ်။ ဒီနေရာကသင့်ရဲ့ကျန်းမာရေးနဲ့ မေတ္တာရေးတို့အတွက် လွှမ်းမိုးချုပ်ကိုင်ထားတဲ့နေရာဖြစ်ပါတယ်။ ဖွဲ့စည်းပုံကောင်းတဲ့အခါ အိပ်ခန်းအသုံးပြုသူမှာမကြာခဏနာဖျားတာမျိုးမဖြစ်ဘဲသင်နဲ့ သင့်အိမ်ထောင်ဘက်မှာဖြစ်စေ၊ သင့်မိသားစုနဲ့ဖြစ်စေ၊ သင့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဖြစ်စေပိုပြီးသာယာကောင်းမွန်တဲ့ ချစ်ခင်ရင်းနှီးမှုကိုရစေမှာဖြစ်ပါတယ်။ မကောင်းတဲ့ချီဓာတ်သင့်နေမယ်ဆိုရင် တော့ နေထိုင်သူမှာမကြာခဏဆက်တိုက်ဆိုသလိုဖျားနာနေတတ်တာ၊ မကြာခဏခိုက်ရန်ဖြစ်ရတာ၊ သဘောထားကွဲလွဲမှုတွေဖြစ်ရတာတွေနဲ့ ကြုံတွေ့နေရမှာဖြစ်ပါတယ်။
 
အိပ်ခန်းရဲ့ အဓိကပင်မအရေးကြီးဆုံးအစိတ်အပိုင်းကအိပ်ရာကုတင်ပဲဖြစ်ပါတယ်။ အိပ်ခန်းမှာကုတင်ကိုနေရာချတဲ့အခါ အသေအချာပြုလုပ်ဖို့အရေးကြီးတဲ့အချက်တွေကတော့-
 
၁။ ကုတင်ရဲ့ခေါင်းရင်းအုံးတားနေရာကမာကြောတဲ့နံရံကိုမှီထားရပါမယ်။ အိပ်စက်တာက ငြိမ်သက်တဲ့ ရင်(Yin) ဖြစ်တာကြောင့် ကုတင်ကချီဓာတ် တည်ငြိမ်တဲ့နေရာမှာ ဖြစ်သင့်ပါတယ်။ နံရံမှာမှီထားတဲ့အခါ ကုတင်ကိုအခြေခိုင်စေပြီးလှုပ် ရမ်းမှုသက်သာစေကာအိပ်စက်ချိန်အနှောင့်အယှက်ဖြစ်စေတာမျိုးကိုသက်သာစေပါတယ်။
၂။ ကုတင်အောက်ခြေကတံခါးပေါက်ကိုညွှန်နေတဲ့အနေအထားမျိုးမဖြစ်စေရပါဘူး။ ကုတင်ခြေဖျားကတံခါးပေါက်ဘက် ကိုခြေဆင်းလျက်အနေအထားနဲ့ ညွှန်နေမယ်ဆိုရင် ကုတင်မှာရှိနေတဲ့ချီဓာတ်ကအိပ်ခန်းထဲကို ငြိမ်းချမ်းသာယာစွာပြန့်နှံ့သွားမယ့်အစားတံခါးပေါက်ကနေချက်ချင်းထွက်သွားမှာဖြစ်ပါတယ်။ ဒီအနေအထားကြောင့် ကုတင်မှာရှိနေတဲ့စွမ်းအင်တွေကိုလည်းမငြိမ်မသက်ဖြစ်စေပါတယ်။
၃။ အိပ်ရာ၊ ကုတင်ရဲ့ အထက်မှာဘယ်အရာမျှ တန်းလန်းချိတ်ဆွဲထားတာမျိုးမရှိသင့်ပါဘူး။ ကုတင်ရဲ့အထက် မျက်နှာကြက်မှာထုတ်တန်းတွေအပါအဝင် မည်သည့်အရာမျှ ရှိမနေသင့်ပါဘူး။ ဒါကချီဓာတ်ကိုဖိနှိပ်ချေဖျက်လိုက်ပြီးကောင်းမွန်တဲ့စွမ်းအင်ကိုပပျောက်သွားစေနိုင်ပါတယ်။
၄။ အိပ်ရာ၊ ကုတင်ရဲ့ အထက်မျက်နှာကြက်ကထုတ်တန်းတွေမရှိဘဲညီညာချောမွတ်တဲ့မျက်နှာပြင်ဖြစ်ဖို့လိုပါတယ်။
၅။ အိပ်ခန်းကအလွန်အကျွံရှုပ်ပွမနေရပါဘူး။ ရှုပ်ပွနေတဲ့အိပ်ခန်းမှာချီဓာတ် အခန်းထဲကောင်းမွန်စွာပြန့်နှံ့နိုင်မှာမဟုတ်ပါ ဘူး။
၆။ အိပ်ခန်းထဲမှာ ကြည့်မှန်ရှိရင် အိပ်ရာဘက်ကိုနေပြောက် အလင်းပြန်ဟပ်ပြီးထိုးနေတာမျိုးမရှိအောင် ဂရုပြုကာနေရာချပေးပါ။ နေရောင်ခြည်ကလှုပ်ရှားတဲ့ ယန်(Yang)စွမ်းအင်ဖြစ်ပြီး ကြည်မှန့်ကတဆင့် နေရောင်ကအိပ်ရာဘက်ထိုးနေမယ်ဆိုရင် အိပ်ရာကယန်(Yang)စွမ်းအင်ကိုစုပ်ယူလိုက်ပြီးရင်(Yin)စွမ်းအင်နဲ့ ထိပ်တိုက်ဆန့်ကျင်မှုဖြစ်စေပါတယ်။
၇။ အိပ်ခန်းထဲမှာရေနဲ့ဆိုင်တဲ့အသုံးအဆောင်တွေမထားရှိသင့်ပါဘူး။ သောက်ရေထည့်တဲ့ ရေကရား၊ ရေဖန်ခွက်ကလွဲရင်ငါးမွေးတဲ့မှန်ငါးကန်၊ ရေတံခွန်စသဖြင့် ရေနဲ့ပတ်သက်တဲ့အသုံးအဆောင်ပစ္စည်းတွေမထားရှိသင့်ပါဘူး။ ရေကယန် (Yang)စွမ်းအင်ကိုအသက်သွင်းသူတွေဖြစ်ပါတယ်။ ရင်(Yin)စွမ်းအင်နဲ့ ပြည့်နှက်နေသင့်တဲ့အိပ်ခန်းထဲမှာယန် (Yang)စွမ်းအင်ကိုနိုးကြားစေမယ်ဆိုရင် ဒီနှစ်ခုထိပ်တိုက်ဆန့်ကျင်မှုဖြစ်စေပြီးကမောက်ကမဖြစ်စေနိုင်ပါတယ်။
 


စွမ်းအင်နှစ်ခုထိပ်တိုက်ဆန့်ကျင်တာ၊ မတည်မငြိမ်ကမောက်ကမဖြစ်စေတာကအိပ်စက်မှုနဲ့ အချစ်ရေးမှာ ပြဿ နာတွေဖြစ်စေပါတယ်။ ချီဓာတ်ဖိနှိပ်ခံထားရပြီး ပြန့်နှံ့စီးဆင်းဖို့မစွမ်းသာတဲ့အခါ နေထိုင်သူအတွက် ချီဓာတ်ရဲ့ ကောင်းကျိုးတရားကိုခံစားနိုင်မှာမဟုတ်ပါဘူး။
 
အိပ်ရာရဲ့ဒီဇိုင်းနဲ့အရောင်ကဖုန်းရွှေမှာထူးခြားတဲ့သတ်မှတ်ချက်မရှိတဲ့အတွက် သင်ကခရမ်းရောင်နှစ်ထပ်ကုတင်မျိုးကြိုက်တတ်မယ်ဆိုရင်လည်းစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။
 
ကျန်းမာရေးအတွက် အရေးပါသည့် အခြားနေရာများFree Space Intent
 
ကျန်းမာရေးအတွက်အဓိကပြောနေပြီဆိုမှတော့ ဖုန်းရွှေမှာအရေးပါတဲ့ မီးဖိုခန်းအကြောင်းလည်းဆိုရပါဦးမယ်။ အထပ်မြင့်တိုက်နဲ့ ယနေ့ခေတ်လူနေမှုပုံစံမှာကမီးဖိုခန်းကိုအသုံးပြုမှုမရှိသလောက်နည်းပါးကြပြီးအပြင်ထွက်စားသောက် တာ၊ အပြင်စာမှာယူစားသောက်တာတွေများကြပါတယ်။ မီးဖိုခန်းကိုပုံမှန်အသုံးပြုမယ်ဆိုရင်တော့ ဖုန်းရွှေသဘောတရားဆင်ခြင်နိုင်ဖို့ဖော်ပြလိုက်ပါတယ်။ မီးဖိုခန်းမှာပုံမှန်ချက်ပြုတ်စားသောက်ကြတဲ့မိသားစုမျိုးဆိုရင် မီးဖိုနေရာနဲ့ ပန်းကန်ဆေးဘေစင်တို့ကိုဘေးချင်းကပ်ယှဉ်ထားတာမျိုး၊ မီးဖိုကိုပန်းကန်ဆေးဘေစင် သို့မဟုတ် တံခါးတို့နဲ့ မျက်နှာချင်းဆိုင်ထားတာ မျိုးမပြုလုပ်သင့်ပါဘူး။ မီးဖိုကိုနံရံဘက်မှာထားရမှာဖြစ်ပြီးမီးဖိုခန်းအလယ်ခုံမှာမထားသင့်ပါဘူး။
မီးဖိုကမီးဓာတ်ဖြစ်ပြီးအခြေခိုင်ခံတည်ငြိမ်အောင်ထားသင့်တဲ့အရာဖြစ်ပါတယ်။ ဒါမှသာချက်ပြုတဲ့အစားအစာတွေမှာကောင်းမွန်တဲ့ချီဓာတ်ပါရှိနိုင်ပြီးမိသားစုကိုကျန်းမာစေမှာဖြစ်ပါတယ်။ အခြေခိုင်တည်ငြိမ်စေဖို့ရာအတွက် မီးဖိုနေရာကနံရံနားကပ်ထားရမှာဖြစ်ပြီးမီးဖိုခန်းအလယ်စားပွဲခုံမှာမရှိသင့်ပါဘူး။ အလယ်မှာရှိနေတဲ့အခါ အရပ်ရှစ်မျက်နှာကနေချီဓာတ် တိုက်ခိုက်မှုဖြစ်စေနိုင်ပြီးအလားတူပင် မီးဖိုကတံခါးပေါက်နဲ့ မျက်နှာချင်းဆိုင်မှာရှိနေတဲ့အခါ ချီဓာတ်က တွန်းဝင် ရောက်လာပြီးအခြေတည့်တံ့မှုကိုပျက်ပြားစေမှာဖြစ်ပါတယ်။
 
မီးဓာတ်ဖြစ်တာကြောင့် ရေဓာတ်ဖြစ်တဲ့ ရေအသုံးပြုရတဲ့ပစ္စည်းတွေရဲ့ ဘေးဒါမှမဟုတ် မျက်နှာချင်းဆိုင်မှာမီးဖိုကိုမထားရှိသင့်ပါဘူး။ မီးဓာတ်နဲ့ ရေဓာတ်ကဆန့်ကျင်တိုက်ခိုက်မှုဖြစ်စေပါတယ်။ ဒါကြောင့်မို့ မီးဖိုကိုပန်းကန်ဆေးဘေစင်နဲ့ ဘေးကပ်လျက် သို့မဟုတ် မျက်နှာချင်းပြီးမထားသင့်ပါဘူး။
 
မီးဖိုကမတည်ငြိမ်တဲ့အခါ ဒါမှမဟုတ် ဓာတ်တစ်ခုနဲ့တစ်ခုတိုက်ခိုက်ဆန့်ကျင်တဲ့အခါ မိသားစုဝင်တွေမှာ ကျန်းမာရေးထိခိုက်စေတတ်ပါတယ်။
 
ပညာရေး၊ အလုပ်အကိုင်အခြေအနေကောင်းမွန်ပါရဲ့လား။ အိမ်ကနေပုံမှန်အလုပ်လုပ်တတ်သူဆိုရင် ဒါမှမဟုတ် သင်ကပညာဆည်းပူးနေဆဲသူဆိုရင်၊ အိမ်မှာစာကျက်လေ့လာတဲ့ကျောင်းနေအရွယ် သားသမီးတွေရှိနေတယ်ဆိုရင် သင့်အလုပ်လုပ်ရာနေရာ၊ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်သားသမီးတွေ စာကျက်လေ့လာတဲ့နေရာကလည်းအရေးကြီးပါတယ်။ အလုပ်လုပ်သူပဲဖြစ်ဖြစ်၊ ကျောင်းသူကျောင်းသားပဲဖြစ်ဖြစ် နံရံဘက်ကိုကျောခိုင်းထိုင်ပြီးလုပ်ကိုင် တာ၊ စာကျက်မှတ်လေ့လာတာတွေ ပြုလုပ်သင့်ပါတယ်။ တံခါးပေါက်ဘက်ကိုမျက်နှာမူထိုင်လျက်အနေအထားဆိုရင် ပိုပြီးကောင်းပါတယ်။ အလုပ်လုပ်နေတဲ့သူ၊ ဒါမှမဟုတ် စာကျက်မှတ်နေသူတွေကတည်ငြိမ်တဲ့ ရင်(Yin)စွမ်းအင်ကိုကျောထောက်နောက်ခံပြုထားဖို့လိုအပ်ပါတယ်။ ဒါမှသာလူကိုနောက်ကနေထောက်ကူမှုပြုထားပြီးအလုပ်အကိုင်နဲ့ လေ့လာမှု အားကိုပိုလို့ကောင်းမွန်အောင် ကူညီပေးတဲ့သဘောတရားဖြစ်ပါတယ်။ တံခါးပေါက်ဘက်ကိုမျက်နှာမူထားခြင်းအားဖြင့် ၎င်းတို့ရဲ့ရှေ့ဘက်ကနေတက်ကြွလှုပ်ရှားတဲ့ ယန်(Yang)စွမ်းအင်ကိုရရှိစေမှာဖြစ်ပါတယ်။ ယန်(Yang)စွမ်းအင်ကအရှေ့က၊ ရင်(Yin)စွမ်းအင်ကနောက်ကျောဘက်ကဆိုတဲ့အနေအထားကစံပြအနေအထားဖြစ်ပါတယ်။ တိုက်ခန်းတစ်ခန်းရဲ့ဖုန်းရွှေအတွက် ဝရံတာနဲ့ အိပ်ခန်းကအရေးအကြီးဆုံးနှစ်ချက်ဖြစ်ပြီးမီးဖိုခန်းနဲ့ စာဖတ်ခန်းတို့အတွက်ကတော့ သင့်သဘောဆန္ဒအရလိုအပ်မှသာအသုံးပြုလို့လည်းရပါတယ်။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
အိမ်တအိမ် စီးပွားပျက်မယ့်ကိန်း ၇ ချက်
 
ကိုယ်ပိုင်အိမ် အရစ်ကျဝယ်ယူလိုသူများ အိမ်ရာချေးငွေ ဘယ်လိုလျှောက်မလဲ
 
နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ
 
Ref : MM Home Decor
Posted By: Ra Wai (ShweProperty.com)