အိမ်ငှားရမ်း နေထိုင်ရာမှာလည်း ဖုန်းရွှေကို အသုံးချနိုင်ပါတယ်။ ကိုယ့်အနေနဲ့ စိတ် ကြည်လင်ချမ်းမြေ့စေဖို့၊ ဘေးကင်းလုံခြုံမှုရှိဖို့၊ စီးပွားကျတ်သရေ တိုးစေဖို့ သေချာစစ်ဆေးပြီးမှ ငှားရမ်းနေထိုင်သင့်ပါတယ်။ အိမ်တစ်အိမ်ရဲ့ တည်နေရာဟာ အဲ့ဒီအိမ်မှာ နေထိုင်သူတွေရဲ့ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း၊ ကံကောင်းခြင်းတွေအပေါ် သိသိသာသာ သက်ရောက်နိုင်ပါတယ်။ ငှားရမ်းနေထိုင်ခြင်းဟာ မကြာခဏ အိမ်ပြောင်းရွှေ့ရတာမျိုး ရှိတတ်တာကြောင့် တအိမ်ကနေ တအိမ်ကိုပြောင်းရာမှာ အိမ်အနေအထားကို သေချာရွေးချယ်စိစစ်ပြီးမှသာ ပြောင်းရွှေ့နိုင်ဖို့ ဒီအချက်တွေကို ဖော်ပြလိုက်ပါတယ်။  

အိမ်ပတ်ဝန်းကျင်ကို သတိထားပါ။
ပတ်ဝန်းကျင်ကို အမြဲဂရုစိုက်သင့်တာ မဟုတ်ပေမယ့် အိမ်ရွေးချယ်ရာမှာ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်နိုင်မှ တော်ကာကျပါတယ်။ တကယ်လို့ ကိုယ်နေမယ့် ရပ်ကွက်က သူခိုးများတယ်၊ ရန်ဖြစ်ဆဲဆိုနေသူတွေ များတယ်ဆိုရင် သင့်လုံခြုံရေးရော၊ သင့်ရဲ့ စည်းစိမ်ဥစ္စာတွေလည်း ပျက်စီးပျောက်ရှနိုင်ပါတယ်။ ဒါအပြင် စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း စိတ်ကိုရှုပ်ထွေးစေပြီး မကောင်းတဲ့ ချီစွမ်းအင်ဓာတ်တွေ သင့်ကံကြမ္မာအပေါ် သက်ရောက်လာနိုင်ပါတယ်။



အရင်နေခဲ့သူတွေရဲ့ သမိုင်းကြောင်းကိုကြည့်ပါ။
တိုက်ခန်းဖြစ်ဖြစ်၊ အိမ်ဖြစ်ဖြစ် ငှားရမ်းတော့မယ်ဆိုရင် အရင်နေခဲ့သူတွေရဲ့ သမိုင်းကြောင်းကိုလည်း စပ်စုထားသင့်ပါတယ်။ ဒီနေရာမှာ အရင်နေခဲ့သူတွေက စီးပွားပျက်ခဲ့ကြလား၊ လူသေဘူးလား၊ ရာဇဝတ်ပစ်မှုရှိခဲ့လား၊ အိမ်ရှင်က လစာတိုးတောင်းလွန်းလို့ ပြောင်းကုန်ကြတာလား စသဖြင့် လေ့လာထားသင့်ပါတယ်။ အိမ်ရဲ့ နောက်ကြောင်းကို ပြောင်းပြီးမှ သိရင်တော့ သင့်အနေနဲ့ စိတ်လည်းချမ်းသာနိုင်မှာ မဟုတ်သလို ထပ်ပြောင်းရွှေ့ဖို့လည်း အခက်ကြုံရနိုင်ပါတယ်။ သင်ဆက်နေမယ်ဆိုလည်း သင်ပါ အလားတူပြဿနာတွေနဲ့ ကြုံဆုံရနိုင်ပါတယ်။ အကောင်းဓာတ်တွေရှိတဲ့၊ ပတ်ဝန်းကျင်ကောင်းရှိတဲ့ နေအိမ်မျိုးက နေထိုင်ဖို့ရာ အကောင်းဆုံးပါပဲ။

တည်နေရာ
ဒါကတော့ အရှေ့မှာလည်း ဖော်ပြခဲ့ဖူးသလို လမ်းဦးတိုက်အိမ်၊ လမ်းအကွေ့အချိုးမှာ တည်ရှိတဲ့အိမ်၊ သူများအိမ်နောက်ဖေးကို မျက်နှာမူတည်ဆောက်ထားတဲ့အိမ်၊ လမ်းမြေမျက်နှာပြင်အောက် နိမ့်ဆင်း
နေတဲ့ မြေမှာ တည်ဆောက်ထားတဲ့အိမ်တွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဥပမာ- လမ်းဦးတိုက်အိမ်ဆိုရင် မော်တော်ယာဉ်တွေ လမ်းပေါ် ဖြတ်သွားတဲ့အခါ မော်တော်ယာဉ်ရှေ့မီးတွေက ကိုယ့်အိမ်ထဲ ဝင်ရောက်ပြီး မကောင်းတဲ့ချီစွမ်းအင်တွေကို အိမ်ထဲ လျင်မြန်စွာ ဖိတ်ခေါ်နိုင်လို့ပဲ ဖြစ်ပါတယ်။  

မီးဖိုချောင်တည်နေရာ
မီးဖိုချောင်ဟာ အိမ်တစ်အိမ်၊ မိသားစုတစ်ခုအတွက် အလွန်အရေးကြီးတာကြောင့် အိမ်ရွေးတဲ့အခါ မီးဖိုချောင်နေရာကိုလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။ မီးဖိုချောင်က အိမ်ရဲ့ အနောက်မြောက်ဘက်အရပ်မှာတော့ ရှိမနေသင့်ပါဘူး။ ဖုန်းရွှေနည်းအရမှာ အနောက်မြောက်အရပ်ဟာ နတ်ပြည်ဝင်ပေါက်နဲ့ အဲ့ဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးပုဂ္ဂိုလ်ကို ကိုယ်စားပြုတာကြောင့် အဲဒီနေရာမှာ မီးဖိုချောင် ရှိနေတာဟာ အိမ်ထောင်ဦးစီးကို မကောင်းတဲ့ဘက်က သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။

ခဏအတွက်ပဲဖြစ်ဖြစ်၊ အမြဲတမ်းအတွက်ပဲဖြစ်ဖြစ် နေထိုင်ဖို့ အိမ်တစ်ခု ရွေးတော့မယ်ဆိုရင် ဒီအချက်တွေနဲ့ သတိထားတိုက်စစ်ပြီးမှ ရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်။ လူတိုင်းငြိမ်းချမ်းတဲ့ အိမ်ဂေဟာများ ပိုင်ဆိုင်နိုင်ကြပါစေ။ 

Written By : Lily ( ShweProperty.com )