အိမ်ဦးနတ်ဆိုတာ မိသားစုကို ဦးစီးဦးဆောင်ပြုတဲ့ ခင်ပွန်း(သို့) ဖခင်ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ဖုန်းရွှေပညာ အရ အိမ်တစ်အိမ်မှာ အဲဒီအိမ်ဦးနတ်ရဲ့ နေရာဟာလည်း အိမ်ရဲ့ ဖုန်းရွှေ အငွေ့အသက်တွေကို ကောင်းစေ၊ ညံ့စေတတ်တယ်လို့ ဆိုပါတယ်။
" ရှေးထုံးကိုလဲ မပယ်နဲ့ ...ဈေးသုံးလဲ မလွယ်နဲ့ " ဆိုသလိုပဲ အိမ်ဆောက်တဲ့အခါမှာ ပရိဘောဂ ပစ္စည်းထားတဲ့နေရာမှာ မြန်မာ အယူတွေကိုလည်း မပယ်သင့်သလို စီးပွားလာဘ်လာဘတွေကို ဖိတ်ခေါ်နိုင်စွမ်းရှိတဲ့ ဖုန်းရွှေနည်းပညာတွေကိုလည်း လိုက်နာကျင့်သုံးပေးသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိမ်တစ်အိမ်ရဲ့ အိမ်ဦးနတ်နေရာနဲ့ ဖုန်းရွှေပညာအကြောင်း တစေ့တစောင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

အိမ်တစ်အိမ်မှာ အရေးအပါဆုံးနေရာတစ်ခုက 'ဧည့်ခန်း' ဖြစ်ပါတယ်။ 'ဧည့်ခန်း' ဟာအိမ်ရှင်၊အိမ်ထောင်ဦးစီးရဲ့ သြဇာအာဏာအရှိန်အဝါတည်ရာ အရပ်လို့ ဆိုကြပါတယ်။ 'ဖုန်းရွှေ'မှာ 'ဧည့်ခန်း' ကိုအိမ်ထောင်ဦးစီးရဲ့ 'ရာဇပလ္လင်' လို့တောင် ခေါ်ဝေါ်ကြပါတယ်။ ဖုန်းရွှေပညာမှာ 'ဧည့်ခန်း' နဲ့ပတ်သက်ပြီ သိထားရမယ့် နေရာကြီးသုံးနေရာရှိပါတယ်။ အဲဒါတွေက 
(က) နဂါးနေရာ (ခ) ရွှေဧည့်သည်နေရာ (ဂ) ဝါးပင်ကိုင်းတဲ့နေရာ ဆိုတဲ့ နေရာ ၃ ခုပဲ ဖြစ်ပါတယ်။ 

(က) နဂါးနေရာ - ဆိုတာကတော့ အဲဒီနေရာကနေ အိမ်တံခါးမကြီး လှမ်းမြင်နိုင်တဲ့ အဲ့ဒီ အိမ်တံခါးမကြီး ရဲ့ ဓားလွယ်ခုတ်နေရာကို ခေါ်တာပါ။ အဲ့ဒီနေရာမှာ...ကုလားထိုင်ချထားမယ်ဆိုရင် အဲဒါဟာ နဂါးနေရာလို့ ခေါ်ရမှာ ဖြစ်ပါတယ်။ ဧည့်ခန်းမှာ နဂါးနေရာ ဟာ အရေးအပါဆုံးပါပဲ။

အိမ်ထောင်ဦးစီးဟာ အဲ့ဒီ နဂါးနေရာမှာ အမြဲနေရာယူပြီးထိုင်ရပါတယ်။ ဒါမှ အိမ်ထောင်ဦးစီးဟာ ကျက်သရေမင်္ဂလာတိုးပွားပြီး မိမိမိသားစု အိမ်သူအိမ်သားတွေအပေါ်မှာ ကောင်းကောင်း စီမံအုပ်ချုပ်နိုင်မယ်။ သြဇာညောင်းမယ်၊ အိမ်သူအိမ်သားတွေပဲဖြစ်ဖြစ်...ဧည့်သည်တွေနဲ့ပဲဖြစ်ဖြစ် အခြေအတင်ပြောဆိုဆွေးနွေး တိုင်ပင်ညှိနိုင်းစရာ ပြသနာတွေ၊ကိစ္စတွေရှိနေခဲ့ရင် အိမ်ထောင်ဦးစီးက နဂါးနေရာကနေ တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် အဲဒီစကားဝိုင်းမှာ အိမ်ထောင်ဦးစီးကပဲ အသာစီးရတယ်လို့ ဆိုပါတယ်။



(ခ) ရွှေဧည့်သည်နေရာ - ဒီနေရာကလည်း အိမ်တံခါးမကြီး မြင်နိုင်တဲ့ နေရာပါပဲ။ ဒါပေမဲ့ နဂါးလိုတော့ အိမ်တံခါးမကြီးကို စီးပြီး မမြင်ရတတ်ပါဘူး။ အဲ့ဒါကြေင့် နဂါးနေရာ လောက်တော့ သြဇာအာဏာအရှိန်အဝါ မရှိပါဘူး။

ဒါပေမယ့် အိမ်ရှင် အိမ်ထောင်ဦးစီးက လေးစားတဲ့ ပုဂ္ဂိုလ်တွေ၊ ဆရာသမားတွေ၊ ဂုဏ်သရေရှိသူတွေ၊ လာဘ်လာဘတွေ ယူဆောင်လာတဲ့ ဧည့်သည်တွေအတွက် အိမ်ထောင်ဦးစီးက သတ်မှတ်နေရာထိုင်ခင်းပေးတဲ့အခါ ရွှေဧည့်သည်နေရာကို ပေးကြရပါတယ်။ 

(ဂ) ဝါးပင်ကိုင်းတဲ့နေရာ - ဒီနေရာကတော့ ဧည့်ခန်းထဲမှာရှိတဲ့ အိမ်တံခါးမကြီးကို မမြင်နိုင်တဲ့ နေရာ အကုန်လုံးကို ဆိုလိုပါတယ်။ အဲဒီနေရာမှာ ထိုင်ရမယ့် သူတွေက အိမ်ထောင်ဦးစီးရဲ့ဇနီး၊ တူ၊ တူမ၊ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမ အောက်လက်ငယ်သားတွေ၊ သားသမီးတွေ၊ တပည့်တွေ ထိုင်ရမယ့်နေရာဖြစ်ပါတယ်။ ဧည့်ခန်း ထဲမှာ သတိထားရမှာက ကုလားထိုင် (ဆက်တီ) တွေကို အင်္ဂလိပ်အက္ခရာ (L) ပုံ ခင်းကျင်းဖို့ 'ဖုန်းရွှေ' မှာ လုံးဝ ခွင့်မပြုပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ 'ဧည့်ခန်း' ဟာ အိပ်ခန်းတစ်ခန်းနဲ့ ကပ်လျက်ရှိနေမယ်။ ပြီးတော့ နံရံတစ်ချပ်လောက်ပဲ ခြားနေခဲ့ပြီး ကုလားထိုင် (ဆက်တီ) ထောင့်စွန်းက အိပ်ခန်းထဲက ကုတင်ကို ဦးတိုက်နေရင် ကုတင်ပေါ်မှာ အိပ်တဲ့သူ ကျန်းမာရေးထိခိုက်လိမ့်မယ်။ အိပ်မပျော်တဲ့ရောဂါရပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းသွားနိုင်တယ်လို့ ဖုန်းရွှေ က ဆိုထားပါတယ်။

ဒါဆို အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးအတွက် နေရာကို ဘယ်လိုချရမယ်ဆိုတာ ဗဟုသုတ ရမယ်လို့ ထင်ပါတယ်။ ဖုန်းရွှေနည်းကို အသုံးချ ပြင်ဆင်ရင်း လာဘ်လာဘ ပေါကြွယ်ဝတဲ့ အိမ်တွေ ပိုင်ဆိုင်ကြစေဖို့ ဆုတောင်းလိုက်ပါတယ်။ 

Written By : Lily ( ShweProperty.com )