By EMG, Shweproperty.com
Updated at 14 January 2014
တန်ဖိုးမျှတ အိမ်ရာများ၏ ဈေးနှုန်းသတ်မှတ်ချက် ဂယက်ကြောင့် အိမ်ခြံမြေအကျိုးဆောင်ဈေးကွက်တွင် မြို့တွင်းနှင့်နီးစပ်သော မြို့နယ်များမှ တိုက်ခန်းများကိုပါ ဈေးတိုးမြှင့်ခေါ်ယူ ရောင်းချမှုများ ရှိလာနေကြောင်း အဆိုပါအကျိုးဆောင်များ အသိုင်းအဝိုင်းမှ သိရသည်။
“တန်ဖိုးမျှတအိမ်ရာက အနိမ့်ဆုံး ၂၃၇ သိန်းကနေ အမြင့်ဆုံး ၃၂၉ သိန်းဆိုတော့ ကျန်တဲ့တိုက်ခန်းတွေဈေးကိုပါ ဆွဲတင်လိုက်ကြတယ်။ အရင်က တာမွေတို့၊ မင်္ဂလာတောင်ညွန့်တို့က တိုက်ခန်းတွေက အဲဒီလောက် ဈေးမပေါက်ဘူးလေ။ ဒါပေမဲ့ တန်ဖိုးမျှတအိမ်ရာက အဲဒီလောက်ဈေးဆိုတော့ ကျန်တာတွေလည်း ဆွဲတင်ကြတာပေါ့” ဟု အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းမှ ကိုဇော်လေးက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ်နေသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းဈေး သတ်မှတ်ချက်များမှာ သိန်း ၂၄၀ နီးပါးမှ သိန်း ၃၃၀ နီးပါးအထိ ရှိနေသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
“အကျိုးဆောင်တွေက နဂိုကတည်းက ဈေးတင်ချင်လို့ အကြောင်းရှာနေတာ။ အခု အစိုးရရဲ့ တန်ဖိုးမျှတအိမ်ရာက ဈေးကိုပြပြီး ဆွဲတင်လို့ရသွားတာပေါ့။ အရောင်းအဝယ်က အနည်းအကျဉ်းတော့ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများ၏ ဝင်ငွေမှာ နည်းပါးလျက်ရှိပြီး စားဝတ်နေရေး စရိတ်များမှာ ဝင်ငွေနှင့်နှိုင်းယှဉ်လျှင် လွန်စွာကြီးမြင့်လျက်ရှိသည်။
အထူးသဖြင့် နေထိုင်စရိတ်ဖြစ်သည့် အိမ်ခြံမြေဈေးနှုန်းများမှာ အကျမရှိဘဲ တိုးတက်လာနေသဖြင့် နေထိုင်စရိတ်မှာ ပိုမိုကြီးမြင့်လာနေကြောင်း သိရသည်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန်ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းစေရန် လုပ်ဆောင်ပါက မြန်မာ့ငွေကြေးဈေးကွက်တွင် ကမောက်ကမ များစွာဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအဝိုင်းမှ သုံးသပ်ချက်များအရ သိရသည်။
ရန်ကုန်မြို့သည် နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း လူဦးရေ ၁၀ သန်းကျော်နေထိုင်သည့် Mega City ဖြစ်လာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ အခြေချလာသည့် လူဦးရေမှာ နေထိုင်စရာ အိမ်အခန်းများ ဆောက်လုပ်ပြီးစီးမှုထက် သုံးဆခွဲ များပြားလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ယခင်ထုတ်ပြန်ချက်များအရ သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ