By The Modern, Shweproperty.com
Updated at 27 April 2013
ရောင်းမထွက်တဲ့တိုက်ခန်းကို အမြန်ရောင်းထွက်ဖို့ဆိုရင် တိုက်ခန်းကို သပ်ရပ်သန့်ရှင်းလှပအောင် မွမ်းမံပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ်မှတ်ကြော်ငြာဖို့ လိုအပ်တယ်လို့ သိရတယ်။
‘ရောင်းမထွက်တဲ့ တိုက်ခန်းကို ရောင်းထွက်ဖို့ဆိုရင် မြန်မာလူမျိုးတွေ အကြိုက်လှလှပပ သပ်သပ်ရပ်ရပ် မွမ်းမံတာ၊ ကျွမ်းကျင်တဲ့ အိမ်ခြံမြေအကျိုးဆောင်ကို အပ်နှံတာ ၊သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ်မှတ်တာတို့ ပြုလုပ်ရင် ရောင်းမရဘူးဆိုတာ မရှိပါဘူး’လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းအထွေထွေအတွင်းရေးမှူး ဝင်းရွှေဝါအိမ်ခြံမြေအကျိုးဆောင် ဒေါ်မို့မို့အောင် ကပြောပါတယ်။
ရောင်းမထွက်ဘူးဆိုတဲ့နေရာမှာ မြို့နဲ့အလှမ်းဝေးလို့ သွားလာရေးခက်ခဲလို့ ကျောင်း ၊ဈေး ၊ဆေးရုံတို့နဲ့ အလှမ်းဝေးတာ ၊တိုက်ခန်းက သတ်မှတ်တဲ့ စံနှုန်းထက် သိပ်ကျဉ်းနေတာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တိုက်ခန်းရဲ့ ပိုင်ဆိုင်မှု ရှုပ်ထွေးတဲ့ ပြဿနာမရှိဖို့ တစ်ခုပဲ လိုအပ်ပါတယ်လို့ဆိုပါတယ်။
ကိုယ်ရောင်းချမယ့် တိုက်ခန်းကို လာရောက်ကြည့်ရှုမယ့် ဝယ်လက်တွေကို ဆွဲဆောင်နိုင်ဖို့ ဧည့်ခန်း ၊အိပ်ခန်း ၊စားသောက်ခန်း သူ့နေရာနဲ့သူ သပ်ရပ်သန့်ရှင်းဖို့ လိုအပ်တယ်။ လှေကားကနေတက်လာကတည်းက အိမ်ထဲရောက်တဲ့အထိသပ်ရပ် သန့်ရှင်းအောင်ပြုလုပ်ထားရပါမယ်။ လိုအပ်ရင် အခန်းနံရံပြုပြင်ဆေးသုတ်တာ ၊ကြွေပြားကပ်တာတွေ ပြုလုပ်နိုင်ပါတယ်။နောက်တစ်ခုက တိုက်ခန်းရဲ့ တန်ဖိုးကို လိုအပ်ထက် ဈေးပိုခေါ်ထားရင်လည်း အရောင်းမထွက်ဘဲ ဖြစ်တတ်တယ်။ ဥပမာ သိန်း ၁၂၀ တန်တဲ့ တိုက်ခန်းကို သိန်း ၁၅၀ လောက်ဈေးခေါ်ထားရင် အရောင်းမထွက်နိုင်ပါဘူး။ ငွေသိပ်လိုနေတယ်ဆိုရင် ၁၁၅ သိန်းလောက်နဲ့ရောင်းမယ်ဆိုရင် ဝယ်သူရောက်လာပါလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မိမိဘယ်ဈေးနှုန်းနဲ့ အိမ်ရောင်းမယ်ဆိုတာ အားလုံးသိအောင် ကြောညာဖို့ လိုအပ်တယ်လို့ ဒေါ်မို့မို့အောင်က ပြောတယ်။
အမ်တီပီဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးကလည်း ပြန်ရောင်းမယ့် တိုက်ခန်းတွေကို အလှဆင်မွမ်းမံရတာတွေရှိကြောင်း သာမန်အားဖြင့် မဆလာပြန်ဖာတာ ၊ပြန်ချောတာ ၊ဆေးသုတ် ၊ကြွေပြားကပ်တာတွေ ပြုလုပ်ရကြောင်း ၊တိုက်ဟောင်းတွေဆိုရင် မဆလာတွေ မကောင်းတော့တဲ့အတွက် ပြန်ခြစ်ထုတ်ပြီး နံရံတွေကို အများဆုံးပြုပြင်ရကြောင်း၊ ဝယ်သူကို ဆွဲဆောင်နိုင်ဖို့အတွက် အရောင်နုနုလေးတွေ အသုံးပြုသင့်ကြောင်း၊အပြာနုရောင်၊အစိမ်းရောင်တို့ကို ရွေးရင် သင့်တော်ကြောင်းပြောတယ်။တိုက်ခန်းဝယ်သူအချို့က အခန်းဖွဲ့စည်းပုံစံကို မကြိုက်ကြတာလည်းရှိတယ်။ အခန်းဖွဲ့စည်းပုံ မပါဘဲအခန်းရှည် (hall)အတိုင်း ရောင်းရတာလည်းရှိတယ်လို့ အမ်တီပီဆောက်လုပ်ရေးကုမ္ပဏီတာဝန်ရှိသူက သူ့အတွေ့အကြုံပြောပါတယ်။
Ref : The Modern
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ