By Myanmar Times, Shweproperty.com
Updated at 11 November 2015
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းများနှင့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသော လိုင်စင်ရ ကန်ထရိုက် များနှင့် လိုင်စင်ရ အင်ဂျင်နီယာများကို လုပ်ငန်းလုပ်ကိုင်ခွင့်များ ရာသက်ပန်ရုပ်သိမ်း ခြင်းနှင့် အမည်ပျက်စာရင်းသွင်းခြင်း ((black list) များကို နိုဝင်ဘာ ၂ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာခဲ့သည်။
သတ်မှတ်ထားသော စည်းကမ်းချက်များ ကို အကြိမ်ကြိမ်ဖောက်ဖျက်ကျူး လွန်သော လိုင်စင်ရ ကန်ထရိုက် ၁၇ ယောက်နှင့် လိုင်စင်ရအင်ဂျင်နီယာ လေးယောက်ကို ပထမ ဆုံး အကြိမ်အဖြစ် ရာသက်ပန် လိုင်စင် ပိတ် သိမ်းခြင်းနှင့် အမည်ပျက်စာရင်းသွင်းခြင်း များ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဒုတိယဌာနမှူး ဦးနေဝင်းက ပြောသည်။
"အခု ပထမဆုံးအနေနဲ့ စည်းကမ်းဖောက် ဖျက်တဲ့ လိုင်စင်ရကန်ထရိုက်တာ ၁၇ ယောက် နဲ့ လိုင်စင်ရ အင်ဂျင်နီယာ လေးယောက်ထဲက အချို့ကို လုပ်ငန်း လုပ်ကိုင်ခွင့် ရာသက်ပန် ရုပ်သိမ်းခြင်းနဲ့ အချို့ကို အမည်ပျက်စာရင်း((black list) ထည့်ခြင်းပါ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ စည်းကမ်းမလိုက်နာတာတွေကို ကြည့်ပြီး အချို့ကို ရာသက်ပန်လိုင်စင်ပဲ ပိတ်သိမ်းပေမယ့် အချို့ကိုတော့ အမည်ပျက် စာရင်းပါ သွင်းခဲ့ပါတယ်။ အမည်ပျက် စာရင်း သွင်းခံရတော့ တခြားအစိုးရ ဝန်ကြီးဌာနတွေ နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေပါ ထိခိုက်မှာပါ" ဟု ၎င်းကပြောသည်။
"လိုင်စင်ရ ကန်ထရိုက်တွေနဲ့ အင်ဂျင် နီယာတွေကို အခုလို ရာသက်ပန် လိုင်စင်ပိတ်သိမ်းတာတွေမလုပ်ခင် သတိပေးမှတ်တမ်းတွေ ပို့ပေးခဲ့တယ်။ သတိပေးမှတ်တမ်းပို့ လို့မှ မပြင်သေးရင် လိုင်စင်ယာယီပိတ်သိမ်း တာတွေကို လုပ်ခဲ့တယ်။ လိုင်စင်ယာယီပိတ်သိမ်းထားချိန်မှာ အမှားထပ်လုပ်လို့ ရာသက်ပန် လိုင်စင် ပိတ်လိုက်တာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ လိုင်စင်ပိတ်သိမ်း ခံထားရသော လိုင်စင်ရ ကန်ထရိုက်အများစုမှာ ယခုအချိန်တွင် တရားရုံးများတွင် အမှုရင်ဆိုင်နေရသူများ ဖြစ်ကြောင်း ၎င်းကပြောသည်။ "လိုင်စင်ပိတ်သိမ်းခံလိုက် ရတဲ့သူတွေထဲ မှာ အမှုတွဲတွေ အများကြီးရင်ဆိုင်နေရတဲ့ ကန်ထရိုက်တွေပါတယ်။ အဆောက်အအုံတွေဆောက်ပြီး နေထိုင်ခွင့်ပါမစ်မတင်ဘဲ ပစ်ထားသူတွေ ပါတယ်။ တချို့တွေဆိုရင် တိုက်ခန်း ၁၈ လုံးဆောက်ရင် ဥပဒေအရ ကိုယ်ပိုင် မီးအားမြှင့်စက်တစ်လုံး ထည့်ပေးရမှာစိုးလို့ တိုက်ခန်း ၁၇ လုံးပဲ ဆောက် မယ်လို့ စာရင်းပေးပြီး တကယ်မီတာသွားလျှောက် တော့ ၁၉ လုံးလောက်လျှောက်တော့ တိုင်းဒေသကြီးရုံးက တိုင်ထားပြီး လိုင်စင်ပိတ်ခိုင်း ထားသူတွေလည်းပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လိုင်စင်ရ အင်ဂျင်နီယာလေးဦးကိုသာ ပထမဆုံးအကြိမ်လိုင်စင်ပိတ်သိမ်းခြင်းနှင့် အမည်ပျက်စာရင်းသွင်းခြင်းများ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး နောက်ထပ် စည်းကမ်း မလိုက်နာ သော လိုင်စင်ရအင်ဂျင်နီယာများကိုလည်း ဆက်လက်လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ပြီး မကြာမီ အချိန်အတွင်း အမြန်ဆုံးလိုင်စင်ပိတ် သိမ်းရမည့် လိုင်စင်ရအင်ဂျင်နီယာများ ကျန်ရှိနေသေးကြောင်း ဦးနေဝင်းကပြောသည်။
"အခု လိုင်စင်ပိတ်သိမ်းလိုက်တဲ့ အင်ဂျင် နီယာလေးယောက်ဆိုရင် တစ်ယောက်မှ ရန်ကုန်မြို့မှာ နေတဲ့သူတွေ မဟုတ်ဘူး။ အားလုံးစင်ကာပူနိုင်ငံမှာပဲနေပြီး သူတို့ တံဆိပ်တုံးကို ဒီမှာအလွဲသုံးစားရောင်းစားနေတာမျိုးတွေ တွေ့နေရတယ်။ အဲဒါကြောင့် လိုင်စင်ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း အဲဒီလို အင်ဂျင်နီယာတွေရှိနေသေးပါတယ်။ သူတို့ကိုလည်း မကြာမီ အချိန်အတွင်းမှာ အမြန်ဆုံးလိုင်စင်ပိတ်သိမ်း သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ယခုလိုင်စင်ပိတ်သိမ်းခံရသော လိုင်စင်ရ အင်ဂျင်နီယာလေးဦးမှာ ဦးစိုးညွှန့်၊ ဒေါ်လပြည့် သွယ်၊ ဒေါ်မိကျိုက်စောနှင့် ဦးသိန်းဇော်တို့ ဖြစ်ပြီး လိုင်စင်ပိတ် သိမ်းခံရသော လိုင်စင်ရ ကုမ္ပဏီများတွင် ရှိုင်း၊ ရွှေမြိုင်ကျော်၊ ကမ္ဘာကျော်၊ ဝင်းမြဉ္ဇူ၊ သန်မြန်သူ၊ စိုးရှိုင်း၊Father Land နှင့် Mother Land ဆောက်လုပ်ရေးကုမ္ပဏီများ ပါဝင်သည်။
Ref : Myanmar Times
Photo Credit : The Muse Hotel
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ