By Myanmar Times, Shweproperty.com
Updated at 23 June 2016
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် တရားဝင်လိုင်စင်မရှိဘဲ အကျိုး ဆောင်လုပ်ငန်းဖွင့်လှစ်နေသည့် နိုင်ငံခြားသားများကို ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းက စာရင်းကောက်ယူ တိုင်တန်းသွားမည်ဖြစ်သည်။
အကျိုးဆောင်လုပ်ငန်းကို လိုင်စင်မဲ့ လုပ်ဆောင်လာသည့် နိုင်ငံခြားသား အရေအတွက် များလာရာ ပြည်တွင်းအိမ်ခြံ မြေလုပ်ကိုင်သူများ နစ်နာရခြင်းကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရထံသို့ တင်ပြရမည်ဖြစ်ကြောင်း အသင်း၏ ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။
"သူတို့ မြန်မာနိုင်ငံမှာလာပြီး တိုက်ရိုက် ဝန်ဆောင်မှုအနေနဲ့ လာလုပ်တာက တရားမဝင်ဘူးလေ။ ဥပဒေကလည်း ခွင့်ပြု ထားခြင်းမရှိဘူး။ ဝန်ဆောင်မှုကဏ္ဍမှာ လာလုပ်ချင်ရင်တောင် မြန်မာနိုင်ငံ သားနဲ့ အကျိုးတူလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရဲ့ခွင့်ပြုချက်လိုသေးတယ်။ အခုအပြင်မှာဖြစ်နေ တာက ကုမ္မဏီလိုင်စင်လည်းမရှိ၊ ဘာခွင့်ပြုချက်မှမရှိဘဲ လုပ်နေကြတယ်။ သူတို့ အခုလို လုပ်နေတဲ့အတွက် ပြည်တွင်း က လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းတွေကို ထိခိုက်နေ ပါတယ်။ ဒါကြောင့် စာရင်းကောက်ယူပြီး သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြ တိုင်တန်းသွားဖို့ စာရင်းကောက်ယူနေ ပါတယ်"ဟု ၎င်းကပြောသည်။ နိုင်ငံခြားသား အချို့မှာမူ နိုင်ငံသားအကျိုးဆောင်များနှင့် ပူးပေါင်းလုပ်ကိုင်မှု များရှိကြောင်းလည်း ၎င်းက ပြောသည်။ ဧပြီလအတွင်းကစတင်ကာ ရန်ကုန် မြို့တော်အနှံ့ရှိ တရားမဝင် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ကိုင်နေသည့် နိုင်ငံခြား သားများကို နည်းလမ်းစုံဖြင့် စာရင်း ကောက်ယူလျက် ရှိသည်။
ဇွန် ၁၇ ရက်အထိ စာရင်းကောက်ယူထားပြီးသည့် နိုင်ငံပေါင်း စုံက တရားမဝင်နိုင်ငံခြား အကျိုးဆောင် ရာဂဏန်းကို စိစစ်ကောက် ယူနိုင်ခဲ့ပြီး အရေအတွက်အတိအကျကို မကြာမီ ထုတ် ပြန်သွားရန်ရှိသည်။ "ကျွန်တော်တို့ စာရင်းကောက်နေတာ နှစ်လကျော်ရှိပါပြီ။ ထောင်ဂဏန်းလောက် တော့မရှိပေမဲ့ ရာဂဏန်းတော့ ကျော် တယ်လို့ ပြောနိုင်တယ်။ ကျွန်တော်တို့ လုပ်နေတာကို သိပြီး ရပ်ရင်ရပ် မရပ်ရင် တော့ အဆင့်လိုက် ဆက်ပြီး တင်ပြရမှာဖြစ်တယ်။ သူတို့က လုပ်ပိုင်ခွင့်မရှိဘဲနဲ့ သူတို့ နိုင်ငံသားအသီးသီးကို ဝန်ဆောင် မှုပေးနေ တော့ ကျွန်တော်တို့ ပြည်တွင်းက လူတွေဆီ မလာကြတော့ဘူး။ ကျွန်တော်တို့ ရပိုင်ခွင့် ကို သူတို့က ဝင်လုတဲ့ သဘောဖြစ်နေ တယ်။ အစိုးရကလည်း သူတို့အိမ်ခြံမြေဝန်ဆောင် မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခွင့်မပေးထားဘူးဆိုတာ ကန့်သတ်ထားပြီးသား ဖြစ်တယ်"ဟု ဦးစိုင်းခွန်နောင်က ဆက်လက်ပြောသည်။
နိုင်ငံခြားသားအကျိုးဆောင်က မိမိ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြဘဲ ကိုယ်တိုင်နေထိုင်မည်ဟု အကြောင်းပြကာ အိမ်ခြံမြေဈေးကွက် ဈေးနှုန်းအချက်အလက်များကို ပြည်တွင်းရှိ အကျိုးဆောင် များထံမှတစ်ဆင့် ရယူခြင်းဖြစ်သည်။ ထို့နောက် မိမိတို့နှင့် ဆက်နွှယ်သည့် သက်ဆိုင်ရာနိုင်ငံများမှ လာရောက်သူများ ကို သီးသန့်ပစ်မှတ်ထားကာ အခကြေးငွေ ရယူလုပ်ကိုင်နေသည်။ ၎င်းတို့ကို အတိ အကျစာရင်းကောက်ယူနိုင်ရန် အခက် အခဲများ ရှိနေသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ကလည်း တရားမဝင် နိုင်ငံခြားသားအကျိုး ဆောင်များကို တိုင်တန်းနိုင်ကြောင်း မကြာ သေးမီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ "ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဘက်က တော့ တွေ့ရင်တိုင်ပါလို့ ပြောထားတယ်။ ခက်တာက သူတို့လုပ်နေ တဲ့ပုံစံက ပြောင် ပြောင်တင်းတင်းလုပ်တာ မဟုတ်ဘဲ၊ ပတ်သက်ရာပတ်သက်ကြောင်းပဲ တိုးတိုး တိတ်တိတ်လုပ်ကြတာဆိုတော့ လုပ်ရ ကိုင်ရခက်တယ်။ မြန်မာနိုင်ငံသားနဲ့ ပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့ လုပ်ကြတဲ့လူတွေကလည်း ရောင်တော်ပြန် လွှတ်ပြီး လုပ်ကြတဲ့သဘောပဲ ရှိတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ဖို့ အစီအစဉ်ရှိ ပေမဲ့ လောလောဆယ်တော့ လုပ်မယ့် အစီအစဉ်ကို မပြောနိုင်သေးပါဘူး"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)၏ ဒုဥက္ကဋ္ဌ ဦးသန်းဦးက ဇွန် ၁၇ ရက်တွင် ပြောသည်။
ကော်မရှင်၏စာရင်းအရ ၂၀၁၆ ခုနှစ် မေလအထိ အိမ်ခြံမြေဝင်ရောက်လုပ်ကိုင် သည့် လုပ်ငန်းပေါင်း ၃၅ ခုရှိသည်။ ယင်းတို့ ကိုစုံစမ်း သိရှိပါက ကော်မရှင်သို့ လာရောက် တိုင်ကြားနိုင်ကြောင်းလည်း အစိုးရသစ် လက်ထက်တွင် အသိပေးပြီးဖြစ်သည်။
Ref : Myanmar Times
Photo Credit : keywords
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ