ဘိုးဘွားပိုင်မြေဆိုတာ ဘိုးဘွားအစဉ်အဆက် ဓားမဦးချနေထိုင်ပိုင်ဆိုင်လာရာ နေရာလို့ အများက သိကြပါတယ်။  ဥပဒေအရ ပြောရရင်လည်း အောက်မြန်မာ နိုင်ငံ မြို့နဲ့ ကျေးရွာ မြေများ အက်ဥပဒေပုဒ်မ (၄)၊ ပုဒ်မ ခွဲ (၁၀) အရ ဘိုးဘပိုင်မြေ (မြေပိုင် မြေ) ဆိုတာဟာ ဘိုးဘွားမိဘ လက်ထက်ကစ ဓားမဦးချပိုင်ဆိုင်လာလို့ လွှဲပြောင်းဆက်ခံခွင့်ရှိတဲ့ မြေအမျိုး အစားဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။ 

ဘိုးဘပိုင်မြေ ခွဲစိတ် ရောင်းချလို့ ရ/မရ

အခုခေတ်မှာတော့ ဘိုးဘွားပိုင်မြေတွေကို ခွဲ စိတ်ရောင်းချလာကြတာ တွေ့ရပါတယ်။ဒါကိုတချို့က ဘိုးဘွားပိုင်မြေတွေက ခွဲစိတ်ရောင်းချလို့မရဘူး၊ ခွဲစိတ်လိုက်ရင် ဘိုးဘွားပိုင်မြေ နာမည်ပျက်တယ်၊ အဝယ်ကိစ္စရှုပ်တယ်လို့ ဆိုကြပါတယ်။  ဒီဆောင်းပါးလေးကို ဖတ်လိုက်ရင်တော့ ရှင်းပါလိမ့်မယ်။ 

ဘိုးဘွား ပိုင်မြေတွေဟာ ခွဲစိတ်ရောင်းချလွှဲ ပြောင်းပေးပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ရောင်းမယ့်သူနဲ့ မြေကွက် အမည်ပေါက်က တစ်ဦးတည်းလား၊ ဒါမှမဟုတ် မြေကွက်အမည်ပေါက်နဲ့ ဘယ်လိုဆက်စပ်မှုရှိသလဲဆိုတာကိုတော့ သေချာစုံစမ်းသိ ရှိဖို့ လိုတယ်။ အမွေအရှုပ်တွေ ရှိတတ်လို့ ဖြစ်ပါတယ်။ 

မြေပေါ်နေထိုင်သူအားလုံး သဘောတူမှ အရောင်းအဝယ် ဖြစ်ပါတယ်

ဘိုးဘပိုင်မြေ ဖြစ်တဲ့အတွက် မြေမှာနေထိုင်သူတွေကတော့ ရှိတတ်ကြပါတယ်။ ဒါတွေကြောင့် ဝယ်မယ်ဆိုရင် ခြံဝိုင်းထဲ လမ်းအဝင်အထွက်ကစ စဉ်းစားဖို့ လိုပါတယ်။  မူလဝင်ပေါက်အပြင် နောက်ထပ်ဝင်ပေါက်ထပ်ထည့်ဖို့ လုပ်ရတာတွေရှိပါတယ်။ ဒီလုပ်စဉ်တွေအတွက် အရင်ဆုံး မြေတိုင်းရပါမယ်၊ မြေက မခွဲစိတ်ရသေးဘူး ဆိုရင်လည်း မူလမြေကွက်ကြီးထဲကနေ ခွဲစိတ်ဝယ်ယူရပါမယ်။



ခွဲစိတ်ဝယ်ယူရာမှာ မြေကိုပိုင်ဆိုင်တဲ့ မိသားစုတွေ၊ မောင်နှမတွေရှိရင် အားလုံးက ဒါကို သဘောတူကြဖို့ လိုပါတယ်။ တကယ်လို့ ဘိုးဘပိုင်မြေမှာ မူရင်းပိုင်ရှင်က သား(သို့မဟုတ်) သမီးဖြစ်သူကို လွှဲပြောင်းပေးခဲ့တယ်ဆိုရင်တော့ ဒီမောင်နှမအာလုံးရဲ့ သဘောတူညီမှု ယူရမယ့် ကိစ္စဟာ တစ်ဆင့်လျော့သွားမှာ ဖြစ်ပါတယ်။ 

အရောင်းမြေပုံ၊ မြေတိုင်းမြေပုံ ထုတ်ရပါမယ်

မြေခွဲစိတ်ပြီးပြီဆိုရင် အရောင်းမြေပုံနဲ့ မြေတိုင်းမြေပုံ ထုတ်ရပါမယ်။ ကိုယ်လိုချင်တဲ့အတိုင်း အတာကို မြေပုံပေါ်မှာ ဖော်ပြပြီး စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး မြေခွဲစိတ်လျှောက်ထား အမည်ပြောင်းရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကားအဝင်အထွက်လမ်း အသုံးပြုခွင့်ပေးဖို့ အရောင်းမှတ်ပုံတင်စာချုပ်မှာ အတိအလင်းဖော်ပြချုပ်ဆိုပြီး မြေတိုင်းမြေပုံမှာ ကိုယ်ပိုင်လမ်းထည့်ဆွဲပြီး ဝယ်ယူမှုမှာ အဆင်ပြေချောမွေ့နိုင်ပါပြီ။ 

ဘိုးဘပိုင်မြေတွေဟာ ပိုင်ဆိုင်မှု အခိုင်မာဆုံး မြေတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ရောင်းမှား ဝယ်မှားတွေ ဖြစ်တတ်တာမို့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဝယ်ယူတာဟာ အကောင်းဆုံးပါပဲ။ 

စာဖတ်သူမိတ်ဆွေများအားလုံး မြေကောင်း၊ အိမ်ကောင်းများ ပိုင်ဆိုင်နိုင်ကြပါစေ။

Written By : Lily ( ShweProperty.com )