By Myanmar Times, Shweproperty.com
Updated at 7 December 2015
ပန်းဥယျာဉ်များနှင့် ကစားကွင်းများကို ကုမ္ပဏီများကို ပြန်လည်အငှားချထားရာတွင် လက်ရှိ ပြင်ပပေါက်ဈေးနှင့် များစွာ ကွာဟနေမှုကြောင့် ကျပ် သိန်း ၁၀,၀၀၀ ဝန်းကျင်ခန့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းစစ်ချုပ်က နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည့် လွှတ်တော် အထူးအစည်းအဝေး၌ ပြောသည်။
ပြည်သူ့ဥယျာဉ်မြေ ၇၆ ဒသမ ၃၆ ဧကကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာန အောက်ရှိ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနက ၂၀၀၉ ခုနှစ်တွင် Natural World Company Ltd ကို နှစ် ၃၀ သက်တမ်းဖြင့် ငှားရမ်းရာ တစ်နှစ်စာ ၃၂ ဒသမ ၂၁၀ သန်း ရရှိသဖြင့် တစ်ဧက သုည ဒသမ ၀၃၅ သန်းနှုန်း ရရှိကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
သို့သော် ပြည်သူ့ဥယျာဉ် မျက်နှာချင်းဆိုင် ပြည်လမ်းရှိ မြေကွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ် စတင် ငှားရမ်းစဉ်က တစ်ဧကလျှင် တစ်လအတွက် သိန်း ၆၀ ဖြင့် ငှားရမ်းခဲ့ရာ ပြည်သူ့ဥယျာဉ် ငှားရမ်းခငွေနှင့် နှိုင်းယှဉ်ကြည့်ပါက ၇၆ ဒသမ ၃၆ ဧကအတွက် ၄၆၃ ဒသမ ၁၂ သန်း၊ တစ်နှစ်လျှင် ၅,၅၅၇ ဒသမ ၄၈၀ သန်းအထိ နိုင်ငံတော်က များစွာဆုံးရှုံးနစ်နာနေကြောင်း စစ်ဆေးတွေ့ရှိချက်ကို စာရင်းစစ်ချုပ်က ပြောသည်။
ထို့နောက် စာရင်းစစ်ချုပ် ဦးမြင့်အောင်က ထိုက်သင့်သည့် နှုန်းထားရရှိရေး ပြင်လည် ပြင်ဆင်ဆောင်ရွက်ရန်၊ ကာလပေါက်ဈေးနှင့် ဆီလျော်သော နှုန်းထားများ ဖြစ်စေရန် ပြင်ဆင်နိုင်ခြင်း မရှိပါက ပြည်သူ့ဥယျာဉ် စာချုပ်ကျန် သက်တမ်း ၂၁ နှစ် (၂၀၃၆ ခုနှစ်)အတွက် နိုင်ငံတော်က ရသင့်ရထိုက်သော ငွေ ၁၁၆,၇၀၇ သန်း နီးပါး ဆုံးရှုံးမည်ဟု လွှတ်တော်ကို အသိပေးခဲ့သည်။
ထို့ပြင် ကန်တော်ကြီး စိမ်းလန်း စိုပြည်ရေး သာယာလှပရေးဇုန်အတွက် မြေ ၂၅ ဧကကို တစ်နှစ်လျှင် ငှားရမ်းခ သန်း ၃၀ ခန့်ဖြင့် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် နှစ် ၃၀ သက်တမ်းဖြင့် ဇေကမ္ဘာကုမ္ပဏီကို YCDC က ငှားရမ်းခဲ့သော်လည်း ဥယျာဉ်အတွင်းရှိ Dolphin စားသောက်ဆိုင်အတွက် တစ်နှစ်စာမြေနေရာ ငှားရမ်းခမှာ မြေဧရိယာ ၁၂,၀၄၀ စတုရန်းပေအတွက် ကျပ် ၁၂ သန်း ဖြစ်နေသောကြောင့် မြေဧက ၂၅ ဧက ရှိသော ဥယျာဉ်မြေအနေဖြင့် တွက်ချက်ပါက တစ်နှစ်လျှင် ၁,၀၅၅ ဒသမ ၃၈၂ သန်း နိုင်ငံ့ဝင်ငွေ ဆုံးရှုံးနေသည်ဟု စာရင်းစစ်ချုပ်က ထောက်ပြခဲ့သည်။
ဇေကမ္ဘာ ကုမ္ပဏီက အုပ်ချုပ်မှုဒါရိုက်တာ ဦးဇေသီဟက စာရင်းစစ်ချုပ်၏ ပြောဆို ထောက်ပြချက်များမှာ စာချုပ်အဟောင်းများအပေါ်တွင် အခြေခံ၍ ပြောနေခြင်းဖြစ်သောကြောင့် လက်ရှိအနေအထားနှင့် ကွဲလွဲနေသည်ဟု တုံ့ပြန်ပြောကြားလိုက်သည်။
"၂၀၁၅ ခုနှစ် အစောပိုင်းမှာ စာချုပ်အသစ် ချုပ်ဆိုခဲ့ပါတယ်။ စာရင်းစစ်ချုပ်က အဲဒါကိုသိပုံမရပါဘူး။ စာချုပ်သစ်မှာ အစိုးရက ကျွန်တော်တို့ဆီက ဝင်ငွေ ပိုမိုရရှိနေပါတယ်။ ငွေကြေးပမာဏကိုတော့ ကျွန်တော် မပြောလိုပါဘူး" ဟု ဦးဇေသီဟက ပြောသည်။
အခြားလူသိများသည့် ဥယျာဉ်တစ်ခုဖြစ်သော မြကျွန်းသာကိုလည်း အဆင့်မြင့် အပန်းဖြေဥယျာဉ် အဖြစ် ပြင်ဆင်ရာတွင် ကုမ္ပဏီ ရှစ်ခုကို အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းမျိုး မရှိဘဲ YCDC က လုပ်ပိုင်ခွင့်ပေးထားသည့်အပြင် စာချုပ်အရ တစ်နှစ်ပြည့်သည့်အခါတိုင်း ငှားရမ်းခကို လက်ရှိ ငှားရမ်းခနှုန်းထား၏ ၁၀ ရာခိုင်နှုန်းထက် မပိုဘဲ တိုးမြှင့်သတ်မှတ်ရန် ပါရှိသော်လည်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်အတွက် တိုးမြှင့်သတ်မှတ်ခြင်း မရှိဟုလည်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြကျွန်းသာ ပန်းဥယျာဉ်မှာလည်း ကုမ္ပဏီ ရှစ်ခုနှင့် စာချုပ်ချုပ်ဆိုထားပြီး ဧဒင်အုပ်စု၊ မက်စ်မြန်မာ ကုမ္ပဏီ၊ အင်းလျားပဲလေ့စ် ကုမ္ပဏီ၊ အမ်ဂျီအက်စ်ရီဆော့နှင့် အင်တာတိန်းမင့်ကုမ္ပဏီ၊ မက်ဂျစ်လန်းကုမ္ပဏီ၊ ဂွတ်ရှယ်ဘရားသားကုမ္ပဏီ၊ ရီယာဂျီကုမ္ပဏီနှင့် နေလပွင့် ဝန်ဆောင်မှု ကုမ္ပဏီတို့ဖြစ်ပြီး ကုမ္ပဏီ တစ်ခုချင်းစီထံက တစ်နှစ်စာ တစ်ဧကလျှင် ကျပ် ၁၂ သန်းနှုန်းဖြင့် နှစ် ၆၀ သက်တမ်းရှိ စာချုပ်ကို ၂၀၁၃ တွင် ရေးထိုးခဲ့သည်ဟု စာရင်းစစ်ချုပ် ဦးမြင့်အောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်ညိုညိုသင်းက ပြည်သူပိုင်နေရာများတွင် စီးပွားရေးလုပ်ကိုင်ခွင့် မပြုသင့်ကြောင်းနှင့် ယင်းစီမံကိန်းများကြောင့် ပြည်သူများမှာ နစ်နာဆုံးရှုံးမှုများ ရှိနေကြောင်းကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပပြုလုပ်သည့် လွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့တွင် တင်ပြဆွေးနွေးခဲ့သည်။
စီးပွားကူးသန်းဝန်ကြီးဌာန၊ စီးပွားရေး အကြံပေး ဦးမောင်အောင်က စာရင်းစစ်ချုပ်၏ ထောက်ပြချက်များမှာ အလွန်ကောင်းမွန်သည့် ထောက်ပြချက်များဖြစ်ပြီး အစိုးရကလည်း လက်ရှိကာလနှင့် သင့်တင့်သော ဈေးနှုန်းကို ပြင်ဆင်သင့်သည်ဟု ၎င်း၏ အမြင်ကို ပြောသည်။
"အခုကာလမှာ မြေဈေးနှုန်းတွေက သိပ်ကို ကြီးမြင့်ခဲ့ပါတယ်။ ယခင်ငှားရမ်းစဉ် ဈေးနှုန်းနဲ့ အခုပေါက်ဈေးက အရမ်းကို ကွာဟတဲ့အခါ ကုမ္ပဏီတွေက အမြတ်ထုတ်တဲ့ပုံစံမျိုး သက်ရောက်သွားတယ်။ သင့်တင့်တဲ့ ဈေးနှုန်း ပြင်ဆင်သတ်မှတ်တာက ဖြစ်သင့်တဲ့ကိစ္စပါ။ စာရင်းစစ်ချုပ်ရဲ့ ထောက်ပြချက်က အလွန်ပဲ ကောင်းမွန်ပါတယ်" ဟုဆိုသည်။
ပန်းဥယျာဉ်မြေများ နှစ်ရှည်ငှားရမ်းရာတွင် ငှားရမ်းခ နှုန်းထားများမှာ ပြင်ပ ပေါက်ဈေးထက် လျော့နည်းရရှိခြင်းကြောင့် နစ်နာနေရမှုနှင့် ပတ်သက်၍ "ပြည်သူနားနေဖို့ ပန်းခြံတွေ ဥယျာဉ်တွေကို လုပ်ငန်းလုပ်ဖို့ ငှားတာကိုက မကောင်းဘူး။ အခု ထိုက်သင့်တဲ့ဈေးလည်း မရဘူးဆိုတော့ မိအေး နှစ်ခါနာပေါ့ဗျာ" နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဦးမော်သန်းက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ