By myanmar property, Shweproperty.com
Updated at 26 June 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်း မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၏ မြေဈေးနှုန်းများမှာ ရန်ကုန်မြို့၏ ဆိတ်ငြိမ်ရပ်ကွက်ကြီးများ ဖြစ်သော ရွှေတောင်ကြားနှင့် ဝင်ဒါမီယာ မြေဈေးနှုန်းများထက် ပိုမိုမြင့်တက်လျက်ရှိကြောင်း စုံစမ်းရရှိသည်။
လက်ရှိအချိန်တွင် ရွှေတောင်ကြားနှင့် ဝင်ဒါမီယာ၌ မြေတစ်စတုရန်းပေလျှင် ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းခွဲနှုန်းကြား အမြင့်ဆုံးဈေးရှိပြီး မြေကွက်တစ်ကွက်လျှင် အနည်းဆုံးကျပ်သိန်း တစ်သောင်းခွဲအောက်ထစ် ဖြစ်ကြောင်း အကျိုးဆောင်လုပ်ငန်းများမှ သိရသည်။ အဆိုပါဈေးနှုန်းများမှာ လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်က စတင်ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ယင်းဈေးနှုန်းအတိုင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ၊ ဈေးကွက်အတွင်း ဆိတ်ငြိမ်ရပ်ကွက်ကြီးများ၏ မြေဈေးမှာ အေးလျက်ရှိကြောင်း သိရသည်။
“ရွှေတောင်ကြား၊ ဝင်ဒါမီယာက မြေဈေးတွေ အေးနေတယ်၊ အရင်တုန်းက ဆင်ခြေဖုံးမြို့နယ် တချို့တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ မင်းဓမ္မမြေဈေးတွေ အေးနေချိန်မှာ ရွှေတောင်ကြားက သိန်းနှစ်ထောင်၊ သုံးထောင်ဈေး ဖြစ်နေတယ်၊ ဒီနောက်ပိုင်း ဝေဇယန္တာလမ်းမှာ သိန်းငါးထောင်လောက်အထိ တက်လာတဲ့ အချိန်မှာလည်း ရွှေတောင်ကြား၊ ဝင်ဒါမီယာမှာ သိန်းနှစ်ထောင်၊ သုံးထောင်ပဲ သိပ်မကွာခြားဘူး။ အံ့သြစရာပဲ ၊ မြို့တွင်းမှာ လူကလည်း ကျပ်တယ်၊ ဈေးကလည်း တက်လာတယ် ဆိုပေမဲ့ တက်ဈေးက အမြင့်ရောက်တဲ့အချိန်မှာ ရပ်သွားတဲ့ သဘောပဲ”ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။
လတ်တလော မြေဈေးကွက်၌မူ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ မြေဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်ပြီး တစ်စတုရန်းပေ ပတ်လည်လျှင် အမြင့်ဆုံးငွေကျပ် ငါးသိန်းနှုန်းအထိ ဖြစ်ပေါ်နေကာ လမ်းမတန်းမြေကွက်များမှာ ငွေကျပ် သိန်းနှစ်သောင်းကျော် ဈေးပေါက်လျက်ရှိကြောင်း၊ မင်းဓမ္မမြို့နယ်၏ အတွင်းပိုင်းမြေကွက်များမှာမူ ကျပ်သိန်းသုံးထောင်ကျော်ရှိကြောင်းနှင့် မြေကွက်ဌားရမ်းခမှာ အနည်းဆုံး တစ်လအမေရိကန်ဒေါ်လာ နှစ်ထောင်အောက်ထစ်ဖြစ်ကြောင်း ‘ပါရာဒိုက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း’မှ ကိုမျိုးမင်းက ပြောသည်။
“မြို့ထဲမှာ နေရာတွေအရမ်းကျပ်နေတော့ အခုဆို ၅၀ ရာခိုင်နှုန်းလောက်က မြို့ထဲကိုမသွားချင်ကြတော့ဘူး၊ အခုအချိန်မှာ လူတွေကရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြို့စွန်တွေကိုပိုပြီး ရွေးချယ်လာကြတယ်၊ နောက်ပိုင်းမှာလည်း မြို့စွန်ဘက်မှာ ရင်းနှီးရင်ပိုပြီးအကျိုးအမြတ်များနိုင်တယ်၊ စီးပွားရေးအနေနဲ့ ကြိုတွက်ရမယ်၊ မြို့စွန်ကတော့ အခုချိန်မှာ မြို့ထဲထက်ပိုပြီးအလားအလာ ကောင်းနေတယ်၊ နောက်တစ်ခါ မင်းဓမ္မကတော့ ဒုတိယ စီးပွားရေးအချက်အချာနေရာ အဖြစ်သတ်မှတ်ထားတော့ ဈေးတွေတက်လာပြီး အဝယ်ပါလိုက်လာတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောကြားခဲ့သည်။
ရွှေတောင်ကြား၌ မြေဈေးနှုန်းမှာ စတုရန်းပေလျှင် ကျပ်နှစ်သိန်းခွဲ၊ သုံးသိန်းဖြင့် ဈေးငြိမ်နေသည့်နည်းတူ အရောင်းအဝယ်မှာလည်း စောင့်ကြည့်နေသည့် အနေအထားသာဖြစ်ကြောင်း၊ ရွှေတောင်ကြားမြေကွက်တစ်ကွက် ကျပ်သိန်းတစ်သောင်းခွဲနှုန်းထားတွင် အများစုမှာ ရွှေတောင်ကြား မြေနေရာထက် ဗဟန်း၊ ရန်ကင်း၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာပ မြေကွက်များကို ရွေးချယ်လာကြောင်း ‘ရွှေကံမြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း’မှ ဦးခင်မောင်အေးက ပြောကြားခဲ့သည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ