By EMG, Shweproperty.com
Updated at 30 May 2014
လက်ရှိအချိန်တွင် စင်ကာပူရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝင်ရောက်လာသော Golden City သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး BOT စနစ်ဖြင့် ဆောက်လုပ်နေသော ကွန်ဒိုတိုက်ခန်းများဖြစ်ပြီး တပ်ပိုင်မြေကို ငှားရမ်း သုံးစွဲထားခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားမြေပိုင်ခွင့် မရှိသည့်အတွက် မြေကြီးအား ငှားရမ်းဆောက်လုပ်သော အဆောက်အအုံများနှင့်ပတ်သက်ပါက ကုမ္ပဏီအနေဖြင့် စားသုံးသူအပေါ်တွင် ရှင်းရှင်းလင်းလင်း အသိပေးရန်လိုအပ်ကြောင်း ရန်ကုန်မြို့ My Garden စားသောက်ဆိုင်တွင် မေ ၂၈ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
“ရန်ကင်းလမ်းမပေါ်ရှိ တပ်မတော်ပိုင် မြေကွက်လပ်ကို ငှားရမ်းပြီး BOT စနစ်နဲ့ Golden City က ကွန်ဒို ဆောက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီအနေနဲ့ ဒီတိုက်ခန်းတွေကို ဝယ်ယူရင် အာမခံချက်ရှိမရှိဘူးဆိုတာကိုတော့ ရှင်းလင်းပြောပြနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ ဝယ်ယူတဲ့သူတွေက အမြဲတမ်းဆိုသလို ကျွန်တော်တို့ စားသုံးသူကာကွယ်ရေးအသင်းကို ဆက်သွယ်ပြီး မေးမြန်းလာကြပါတယ်။ အမှန်တော့ BOT ဆိုတာက ငှားရမ်းထားတဲ့ သက်တမ်းပြည့်ရင် ပြန်ပေးရမှာပါ။ အဲဒီတော့ စားသုံးသူက ဒီတိုက်ခန်းတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်နဲ့ပဲ ပြောရမလား၊ အစိုးရနဲ့ပဲ ပြောရမလားဆိုတာ ဘာမှ တိတိကျကျမသိရဘူး။ အမှန်တော့ လူနေတိုက်ခန်းဆိုတာက ဟိုတယ်တို့ Shopping Center တို့နဲ့ မတူပါဘူး။ လူနေတိုက်ခန်းဆိုတာက သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့်ရှိမှပဲ ကောင်းမှာပါ။ ဆောက်တဲ့ကုမ္ပဏီက ပြည်သူကို မှန်ကန်တဲ့ မက်ဆေ့ကို ပေးရမှာပါ”ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း၊ ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့သည်။
အစဉ်အလာအားဖြင့် မြန်မာနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်းရှိ လုပ်ငန်းရှင်များကသာ ဆောက်လုပ်လေ့ရှိပြီး ယခုဆောက်လုပ်နေသည့် ကွန်ဒိုမှာ BOT စနစ်ဖြင့် ပထမဦးဆုံး ဆောက်လုပ်နေသောကွန်ဒို ဖြစ်ကြောင်းသိရသည်။
“ပြည်တွင်းမှာ အဆောက်အအုံ ဆောက်ချင်တယ်ဆိုရင်တောင် ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလားဆိုတာ စုံစမ်းဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားက မြေပိုင်ခွင့်မရှိတော့ ငှားရမ်းပြီး ဆောက်လုပ်တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေလည်း ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် မြေ နဲ့ပတ်သက်ပြီးတော့ ခိုင်မာဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။
“BOT သက်တမ်းကာလအတွင်းမှာ သဘာဝဘေးတစ်ခုခုကြောင့် ဒီအဆောက်အအုံက ပျက်စီးယိုယွင်းခဲ့ရင် ဒါကို ဘယ်သူက တာဝန်ယူပြန်တည်ဆောက်မှာလဲ။ ဟိုတယ်တွေကို Rental အနေနဲ့ငှားတာ ဘာပြဿနာ မှမရှိပေမယ့် လူနေအိမ်တွေမှာတော့ ပြဿနာရှိလာနိုင်တယ်။ ဒါကြောင့် ခုကတည်းက Customer ကို Clear Message ပေးရမယ်”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်လာသည့်အတွက် မြေကို BOT စနစ်ဖြင့် ငှားရမ်းမှုမှာ ခေတ်စားလာကြောင်း၊ အချို့နှစ် ၃ဝ၊ အချို့နှစ် ၅ဝ၊ အချို့နှစ် ၇ဝ အထိရရှိပြီး သတ်မှတ်ထားသည့် သက်တမ်းကုန်ဆုံးသွားပါက အဆိုပါ အဆောက်အအုံများအား အစိုးရအားပြန်လည် အပ်နှံသွားရမည်ဖြစ်ကြောင်း သိရသည်။
“တစ်ဖက်ကကုမ္ပဏီကလည်း ဒီမြေဟာ ဘိုးဘွားပိုင်လား၊ ဂရန်မြေလား BOT လားဆိုတာ ရှင်းရှင်းလင်းလင်းပြောရမှာပါ။ လုံလောက်တဲ့ သတင်းအချက်အလက်မပေးဘဲနဲ့ ထိန်ချန်ထားတယ်ဆိုရင် Consumer Right နဲ့ငြိပါတယ်။ ကျွန်တော်တို့ ကြော်ငြာတွေထဲ မှာကြည့်တော့ ဒါနဲ့ပတ်သက်ပြီးတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ BOT စနစ်နဲ့ဆိုရင်တော့ သူတို့ငှားတဲ့စာချုပ်ထဲမှာကို တိုက်ခန်းကို အပြတ်ရောင်းခွင့် မရှိဘူးဆိုတာ စာချုပ်တွေမှာ တွေ့ရပါတယ်။ ဒါကြောင့် ဂရန်၊ ဘိုးဘွားပိုင်ဆိုရင် ဝယ်လို့ရတယ်။ နောက်တစ်ခုက ပါမစ်ကျပြီလား။ နောက်တစ်ခုက မြေငှားခ၊ မြေငှားခက တချို့မြေတွေဆိုရင် တစ်ဧကကို တစ်နှစ်ကို ဒေါ်လာနှစ်သန်း ပေးရပါတယ်။ အစိုးရကို ။ အဲဒါလည်း မှန်မှန်ပေးမှ။ ပျက်ကွက်တာနဲ့ တပ်မတော်ဆိုလည်း တပ်မတော်၊ နိုင်ငံတော်ဆိုလည်း နိုင်ငံတော်က ပြန်သိမ်းမှာပဲ”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ကွန်ဒိုဥပဒေနှင့် ပတ်သက်၍ ရေးဆွဲနေဆဲဖြစ်ကြောင်းနှင့် အဆိုပါဥပဒေ ထွက်ပေါ်လာပါက နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်ရရှိမည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း မည်သည့်ပြဌာန်းချက်များ ပါရှိမည်ကို မသိရှိရသေးကြောင်း၊ အမှန်တကယ် နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်ရှိ မရှိစသည်တို့ကိုလည်း မသိရှိရသေးကြောင်း သိရှိရသည်။
<>
“ကျွန်မ Golden City မှာ တိုက်ခန်းဝယ်ဖို့ သွားစုံစမ်းတဲ့ Customer တစ်ယောက်ပါ။ ကျွန်မသွားတဲ့အခါမှာတော့ အခန်းက သိန်း ၄၅ဝဝ အခန်းပဲ ကျန်ပါတော့တယ်။ ဘယ်လိုဝယ်ရမလဲဆိုတာ စုံစမ်းလိုက်တော့ အရင်ဆုံး အရစ်ကျ ၂ဝ ရာခိုင်နှုန်း ပေးသွင်း ထားရမှာဖြစ်ပြီးတော့ ကျန်တာကို နောက်ထပ်နှစ် နှစ်အတွင်း ပေးရမယ်လို့ သိရပါတယ်။ ဒါက ကျွန်မတို့ရဲ့ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံထားတဲ့အတွက်ကြောင့် အာမခံချက်တစ်ခုတော့ ရှိချင်ပါတယ်။ ဒါကြောင့် မေးတဲ့အခါ သူတို့က BOT စနစ် ဆောက်တယ်။ နှစ် ၇ဝ ငှားရမ်းထားတယ်လို့ ပြောပါတယ်။ အာမခံချက် ဘာပေးနိုင်လဲပြောတော့ ခုချိန်မှာတော့ နိုင်ငံရေးတွေ အပြောင်းအလဲဖြစ်နေပါပြီ။ အဲဒီအပြောင်းအလဲ ဖြစ်နေတဲ့အပေါ် မူတည်ပြီးတော့ နောက်ပိုင်းမှာ ထပ်တိုးထပ်တိုးသွားဖို့ ရှိတယ်လို့တော့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ မခိုင်မာဘူးဆိုရင် နောက်ပိုင်းမှာ ကျွန်မတို့က အစိုးရနဲ့ စကားပြောရတော့မယ်” ဟု Golden City တိုက်ခန်းအား ဝယ်ယူရန် စုံစမ်းခဲ့သော Customer တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ