By Myanmar Times, Shweproperty.com
Updated at 16 September 2016
နိုင်ငံပိုင်အိမ်ရာများကို ပြုပြင်ထိန်းသိမ်းရာတွင် ကုန်ကျစရိတ်များ မြင့်တက်နေပြီး ကောက်ခံရရှိသည့် အိမ်ငှားရမ်းခနှုန်းထား များက ယနေ့ခေတ် ကာလပေါက်ဈေးထက် နည်းနေသည့်အတွက် နိုင်ငံတော်က ငွေကြေး စိုက်ထုတ်ကာ ပြုပြင်နေရသောကြောင့် ယခုအစိုးရလက်ထက်တွင် အခန်း ငှားခနှုန်း အသစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန် တိုင်းဒေသကြီး) ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
"ကျွန်တော်တို့ နိုင်ငံပိုင်အိမ်ရာတွေက အခန်းခတွေကိုကောက်နေတာ အများဆုံးမှ တစ်ခန်းကို ကျပ် ၁၁,၅၀၀ ပဲရတာ။ လက်ရှိတိုးထားတဲ့ နှုန်းရောက်ဖို့ကိုတောင် နေတဲ့သူ တွေကို မနည်းရှင်းပြရတယ်။ ပြင်ဆင်ထိန်း သိမ်းတဲ့ ကိစ္စတွေကလည်း ဝင်လာတဲ့အတွက် နိုင်ငံတော်က ငွေကြေးစိုက်ထုတ်ပြီး လုပ်နေ ရတယ်။ ငှားခတွေရဲ့နှုန်းကိုတော့ ပြန်ပြင်မှ အဆင်ပြေမှာပါ။ ကျွန်တော်တို့ လက်ရှိ အခြေအနေနဲ့ သင့်တော်မယ့် ငှားခဖြစ်ဖို့ တွက်ချက်ပြီးတော့ အခန်းငှားခကို ပြန်ပြင် ဆင်သတ်မှတ်သွားပါမယ်"ဟု ၎င်းက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများနှင့်အများပြည်သူ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရန်ကုန်မြို့တွင် လွန်ခဲ့သည့်နှစ်၅၀ ခန့်ကတည်းကပင် စတင်ပြီး နိုင်ငံပိုင် အိမ်ရာများကို တည်ဆောက်ပြီး အငှားစနစ် ဖြင့်နေရာချထားပေးလျက်ရှိရာ လက်ရှိ အချိန်အထိ ရန်ကုန်မြို့တော်၌ အိမ်ရာစ ခန်းပေါင်း ၁၁ ခုရှိကာအခန်းပေါင်း ၁၆,၀၀၀ ကို ငှားရမ်းပေးခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့တွင်ရှိသည့် နိုင်ငံပိုင်အိမ်ရာ များအနက် ရန်ကင်းအိမ်ရာမှာ အိမ်ခန်းပေါင်း ၃,၇၀၀ ကျော် ရှိပြီး အခန်းအရေအတွက် အများဆုံးရှိသည့် အိမ်ရာတစ်ခုလည်း ဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများက နိုင်ငံ ပိုင်အိမ်ရာများကို တည်ဆောက်ကာ အစိုးရ ဝန်ထမ်းများကို ငှားရမ်းပေးခဲ့ ရာတွင် အရာရှိဖြစ်ပါက လစာ၏ ငါးရာခိုင်နှုန်းနှင့် အရာထမ်း ဖြစ်ပါက လစာ၏ သုံးရာခိုင်နှုန်းကိုသာ အိမ်လခအဖြစ် ကောက်ခံခဲ့ခြင်းဖြစ်သည်။
ယင်းအိမ်ခန်းငှားရမ်းခမှာ ယနေ့ခေတ် နှင့် နှိုင်းယှဉ်ပါက ငှားရမ်းခနှုန်းထားများ အလွန်နည်းပါးနေပြီး အိမ်ရာပြုပြင်ထိန်း သိမ်းမှုစရိတ် များကမူ မြင့်တက်လာသည့် အတွက် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ တစ်စတုရန်းပေလျှင် ၁၂ ကျပ်ခွဲ နှုန်းသို့ ပြင်ဆင်သတ် မှတ်ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ဦးယုခိုင်က ပြောသည်။
"တိုက်တွေမှာကပ်နေတဲ့ အပင်တွေ လာ ရှင်းတာတော့ အိုးအိမ်ကနေ အကုန်ခံပြီး လုပ်ပေးပါတယ်။ အခုအခန်းငှားခကလည်း အရင်တန်းက တစ်လမှ ထောင်ဂဏန်းဝန်း ကျင်ရှိတာ။ အခု တချို့အခန်းကျယ်ဆို သောင်းဂဏန်းကျော်ပေးနေရပြီ။ ကျွန်တော် တို့ငယ်ငယ်တုန်းက တစ်ခန်းမှ ငှားခ ၅၄ ကျပ်ပဲ ပေးခဲ့ရတယ်။ အပြင်ဈေးနဲ့တော့ ယှဉ်ပြောလို့ မရဘူးပေါ့" ဟု ၁၉၅၈ ခုနှစ် တွင် စတင်ဆောက်လုပ်ခဲ့သည့် လမ်းသစ်ရိပ်သာတွင် နှစ်ပေါင်း ၅၀ ကျော်နေထိုင်ခဲ့သည့် တိုက်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။
"အိမ်လခ တိုးကောက်မယ်ဆိုရင်တော့ ပွဲဆူမှာ သေချာတယ်။ အခုအန်ကယ်တို့နေတဲ့ စတုရန်းပေ ၅၂၀ လောက်အခန်းကို တစ်လ ငှားခ ကျပ် ၆,၁၀၀ ပေးနေရတယ်။ အခု ထက်ထိတော့ အိမ်လခ ထပ်ကောက်မယ် ဆိုတဲ့အသံ မကြားသေးဘူး။ လစဉ်ကောက် ခံတဲ့စနစ်ဖြစ်ပေမဲ့ မပေးရသေး တဲ့ လူတွေ လည်း အများကြီးရှိလို့ အိုးအိမ်က အခန်းတွေ ဆီလာပြီး အိမ်လခသွင်းဖို့ သတိပေးစာတွေ ခဏခဏထုတ်တာတော့ရှိတယ်"ဟု သုဝဏ္ဏ အိမ်ရာစခန်းတွင် နေထိုင်နေသည့် အိမ်ပိုင်ရှင် ဦးဘုန်းမြင့်က ပြောသည်။ သို့သော် ကောက်ခံရရှိသည့် အိမ်လခ နှုန်းထားများမှာ ပြင်ပပေါက်ဈေး များနှင့် ကွာဟနေသည့်အပြင် ပြုပြင် ထိန်းသိမ်းမှု စရိတ်များ မြင့်တက်နေပြီး နိုင်ငံတော်က ငွေကြေးစိုက်ထုတ် ပြုပြင်ထိန်းသိမ်းနေ ရသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်နှင့် နိုင်ငံ ပိုင်တိုက်ခန်းများကို တရားမဝင်လွှဲပြောင်း ရောင်းချခြင်း၊ တစ်ဆင့်ပြန်လည် ငှားရမ်း ခြင်းများရှိနေသည့်အတွက် ဥပဒေဖြင့် ထိန်း ချုပ်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လုပ်ဆောင်လျက်ရှိကြောင်း ဦးယုခိုင်က ပြောသည်။
"၂၀၁၃ ခုနှစ်မှာ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် မျက်နှာစာတွေ ပြင်ခဲ့တာတော့ ရှိတယ်။ တိုက်ခန်းတွေကို တရားမဝင်ရောင်းဝယ် ငှားရမ်းနေတာတွေ၊ တိုက်တွေကို စီမံခန့်ခွဲမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ ရေးနေတာ တော်တော်ပြီးနေပါပြီ။ ပြီးရင် လွှတ်တော်ကို တင်ပြသွား မှာပါ"ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်အထိ နိုင်ငံပိုင်အိမ်ရာ များ၏ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၅၁ ခုနှစ်တွင်ပြဋ္ဌာန်း ထားသည့် ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာစည်ပင် ဥပဒေဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နေ ခြင်းဖြစ်သော်လည်းနှစ်ပေါင်း ၅၀ ကျော် ကြာမြင့်လာသည့်အတွက် ယနေ့အချိန်တွင်မူ နိုင်ငံပိုင်အိမ်ရာများကို ပြုပြင်ထိန်းသိမ်းကြီးကြပ်ကွပ်ကဲနိုင်ရေး အတွက်ခေတ်စနစ် နှင့်ကိုက် ညီစေရန် ဆောက်လုပ်ရေးဝန်ကြီး ဌာနက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဥပဒေ မူကြမ်းကို ရေးဆွဲလျက်ရှိသည်။
နိုင်ငံပိုင်အိမ်ရာများကို တရားမဝင် လွှဲပြောင်းရောင်းချငှားရမ်းမှုများကို ထိန်း ချုပ်နိုင်ရန်နှင့် စနစ်ကျသည့် အိမ်ရာထိန်း သိမ်းမှုများ ဖြစ်ပေါ်လာစေရန် ၂၀၁၃ ခုနှစ် ကစတင်ပြီး အိမ်ရာဥပဒေမူကြမ်းကို ရေးဆွဲလျက်ရှိကာ မကြာမီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြကာ ဥပဒေတစ်ရပ် ပေါ် ထွက်လာ မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
Ref & Photo Credit : Myanmar Times
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ