By Eleven Media Group, Shweproperty.com
Updated at 25 January 2016
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခွင့်အတွက် ကန်ထရိုက်ကုမ္ပဏီအား နောက်ဆုံးအဆင့် အတည်မပြုရသေးဘဲ ယင်းအတွက် စိစစ်ဆဲဖြစ်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါများနှင့် ပတ်သက်၍ ကြီးကြပ်သူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ဇန်နဝါရီ ၁၈ ရက်က ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခွင့်အတွက် တင်ဒါတင်သွင်းယှဉ် ပြိုင်ထားသည့် ကုမ္ပဏီသုံးခုလုံးကို ခွဲဝေချထားပေးခဲ့သည်ဆိုသည်မှာ မဟုတ်သေးကြောင်းနှင့် ယင်းအတွက် နောက်ဆုံးအတည်မပြုရသေးကြောင်း ဦးကျော်စိုးက ပြောကြားသည်။
“ကုမ္ပဏီသုံးခုကို ခွဲပေးတယ်ဆိုတဲ့ သတင်းကမဟုတ်ဘူး။ နောက်ဆုံးအဆင့် အတည်မပြုရသေးဘူး။ စိစစ်နေဆဲပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဦးကျော်စိုးက ပြောကြားသည်။
ယင်းသို့ စိစစ်ပြီးပါက ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ယခုအစိုးရလက်ထက်အတွင်း ထုတ်ပြန်နိုင် မထုတ်ပြန်နိုင်ကိုလည်း မပြောနိုင်သေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆိုထားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအား တာဝန်ပေးကာ အကောင်အထည်ဖော်မည်ဟု ၂၀၁၄ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပြုလုပ်ခဲ့သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့ရာ အဘက်ဘက်မှ ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။
ထိုသို့ဝေဖန်မှုများကြောင့် စီမံကိန်းအား ပြန်လည်သုံးသပ်မည်ဟုဆိုကာ အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တရားဝင်ရုပ်သိမ်းခဲ့ပြီး ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က “ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ပေးရေး”အဆို ပြန်လည်တင်သွင်းလာမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်သော်လည်း ထောက်ခံသူများပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့၍ တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါများကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်ခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာဝယ်ယူခဲ့သည့် ကုမ္ပဏီ ၅၀ ကျော်အနက် ကုမ္ပဏီသုံးခုက တင်ဒါတင်သွင်းခဲ့ကြကြောင်း၊ တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီသုံးခုမှာ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း သိရသည်။
ယင်းအထဲမှ ရန်ကုန်အနောက်တောင် ဒေသအများနှင့် သက်ဆိုင်သော ကုမ္ပဏီသည် ယခင်လုပ်ကိုင်ခွင့်ပေးရန် ရည်ရွယ်ခဲ့သည့် မြန်မာစေတနာမြို့သစ် အများပိုင်ကုမ္ပဏီနှင့် ပတ်သက်မှုရှိသလားဟု သတင်းများထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီက ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှပ်နှံမှုအနေဖြင့် ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ၊ Business Capital City Development Ltd မှ ပြည်တွင်းပြည်ပဘဏ်များမှ ချေးငွေရယူခြင်းနှင့် ရှယ်ယာခေါ်ယူခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ကျပ်ငွေဘီလျံ ၅၀၀ နှင့် ပြည်တွင်းပြည်ပဘဏ်များမှ ချေးငွေရယူမည်ဖြစ်ကြောင်း တင်ပြထားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်ကြောင်း သိရသည်။
Ref : Eleven Midia Group
Photo Credit : Eleven Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ