By The Kumudra, Shweproperty.com
Updated at 20 September 2016
အစိုးရ ရက် (၁၀၀) စီမံချက်နဲ့ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေကို အောက်တိုဘာလအတွင်း စတင်ရောင်းချပေးမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ် ။
"ဌာနဘက်က တိုင်းဒေသကြီးအစိုးရကို ဒီရက်ပိုင်းအတွင်း အခန်းတွေလွဲပြောင်းပေးမယ်၊ တိုင်းဒေသကြီးဘက်က ပြင်ဆင်တာတွေနဲ့ အောက်တိုဘာ လလောက်မှာ ရောင်းချပေးမယ်၊ စည်းကမ်းချက်တွေနဲ့ ဝယ်ယူခွင့်ဖောင်တွေကိုလဲ သူတို့ဘက်က ပြင်ဆင်မှာ" လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲသည်တိုက်ခန်းဈေးနှုန်းတွေက အများဆုံးကျပ် သိန်း (၁၂၀) ဝန်းကျင်ကနေ ကျပ်သိန်း (၁၀၀) အောက်အထိ အခန်းအမျိုးအစား လေးခုလောက် ပါဝင်ပါတယ်။ အခန်းအကျယ်အဝန်းတွေက (၄၆.၈) စတုရန်းပေ၊ (၄၈၄) စတုရန်းပေနဲ့ (၅၂၀) စတုရန်းပေ ဖြစ်ပါတယ်။ ခြောက်ခန်းတွဲလေးထပ်နဲ့ ရှစ်ခန်းတွဲလေးထပ် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အနည်းဆုံး မိသားစုဝင်ငွေ ကျပ် သုံးသိန်းနဲ့ ငါးသိန်းကြား ရှိသူတွေကို အဓိက ရောင်းချပေး မှာဖြစ်ပြီး ကျပ် ခုနှစ်သိန်းနဲ့ အထက်ဝင်ငွေရှိသူတွေကိုတော့ တန်ဖိုးမျှတအိမ်ရာလို တိုက်ခန်းတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
ရောင်းချပေးမယ့် အခန်းစုစုပေါင်း (၂၂၀၈) ခန်းရှိပါတယ်။ ဒဂုံဆိတ်ကမ်းမြို့နယ်အတွင်း ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁) မှာ (၈၆၄) ခန်း၊ ဒဂုံဆိတ်ကမ်းမြို့နယ်အတွင်း ကနောင်တန်ဖိုးနည်းအိမ်ရာမှာ (၈၄၀) ခန်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းအပိုင်း(၃) မှာ (၅၀၄) ခန်းဖြစ်ပါတယ်။
လက်ငင်းဝယ်ယူရင်လေးရစ်ခွဲ ပေးသွင်းနိုင်သလို အရစ်ကျရောင်းချမှုကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီး အတိုးနှုန်း တစ်ရာ ခိုင်နှုနန်းအပါ ရှစ်နှစ်အရစ်ကျနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အရစ်ကျအတွက် ကနဦးပေးသွင်းရမယ့် ရာခိုင်နှုန်းက အတိအကျ မသိရှိရသေး ပါဘူး။ အရင်အိမ်ရာတွေမှာတော့ ကနဦးငွေ (၂၀) ရာခိုင်နှုန်းနဲ့ (၃၀) ရာခိုင်နှုန်းကြား ပေးသွင်းရတာပါ။
ဘဏ်ချေးငွေနဲ့ အရစ်ကျပေးသွင်းမှုကတော့ တစ်လကို ခန့်မှန်းခြေ ကျပ် တစ်သိန်းဝန်းကျင်လောက်ကနေ ကျပ်နှစ်သိန်းဝန်း ကျင်လောက်သာ ပေးသွင်းရမှာဖြစ်ပါတယ်။ အခန်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ၇၀ ရာခိုင်နှုန်းနဲ့ ပြည်ထောင်စုအစိုးရက ဝန်ထမ်းတွေအတွက် (၃၀) ရာခိုင်နှုန်းခွဲဝေရောင်းချပေးမှာဖြစ်ပါတယ်။ အခန်းဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ ပထမအရစ်ငွေပေးသွင်းပြီးတာနဲ့ အခန်းတွေမှာ နေထိုင်ခွင့်ရရှိမယ်လို့ ဆိုပါတယ်။
ဘဏ်ချေးငွေနဲ့ ဝယ်ယူနိုင်တဲ့အတွက် လက်ရှိမှာ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ စုဆောင်းငွေလာရောက်ပေးသွင်းသူ (၃၀၀၀) ကျော် ရှိနေပြီး ကနဦး စုဆောင်းငွေ သိန်း (၃၀) နဲ့ လာရောက်စာရင်းပေးပြီး အခန်းဝယ်ယူနိုင်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။ နောက်ထပ် ဆောက် လုပ်မယ့် ကျန်စစ်မင်းအိမ်ရာတွေနဲ့ သန်လျင်ဘက်က တန်ဖိုးနည်းအိမ်ရာတွေကိုလည်း လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူထားတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ