By The Myanmar Times, Shweproperty.com
Updated at 5 September 2017
စီးပွားရေးကဏ္ဍကြီးနှစ်ရပ်နှင့် အသေးစား၊ အလတ်စားလုပ်ငန်းများကို ကျပ်ဘီလျံချီ ငွေထုတ်ချေးပြီး ကူညီထောက်ပံ့ရန် စီစဉ်ထားသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဝင်းက သြဂုတ် ၂၈ ရက်တွင်ပြောသည်။
''စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့၊ ဆောက်လုပ်ရေးကဏ္ဍတိုးတက်ဖို့၊ အသေးစားနဲ့အလတ်စားလုပ်ငန်း ဧရိယာဖွံ့ဖြိုးတိုးတက်ဖို့ ဘဏ္ဍာငွေတွေ ကူညီပေးပါ့မယ်။ နိုင်ငံတော်က တိုက်ရိုက်ကူညီပေးတာရော၊ နှစ်ဆင့်ခံချေးငွေအနေနဲ့ရော ကူညီပေးပါ့မယ်။ ဘီလျံတော်တော်များများကို ပံ့ပိုးပေးပါ့မယ်''ဟု ဝန်ကြီးက ကုန်သည်/စက်မှုအသင်းချုပ်တွင် ဒုသမ္မတနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရဘက်က တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောခဲ့သည်။
လက်ရှိတွင် စိုက်ပျိုးရေးကဏ္ဍ၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သီးနှံစိုက်ပျိုးစရိတ် ချေးငွေသာ ထုတ်ချေးပေးနိုင်ရာနောင်တွင် စိုက်ပျိုးခြင်း၊ သွင်းအားစု ထည့်သွင်းခြင်း၊ လယ်ယာသုံး စက်ကိရိယာဝယ်ယူခြင်း၊ ကြိတ်ခွဲရောင်းချခြင်းနှင့် နိုင်ငံခြားပို့ကုန်ဈေးကွက်ရှာဖွေခြင်း စသည့်လုပ်ငန်းစဉ် ကွင်းဆက်ကြီးတစ်လျှောက်လုံးကို ချေးငွေထောက်ပံ့ကူညီရန် စီစဉ်ထားသည်ဟုလည်း ဝန်ကြီးက ဆက်ရှင်းပြသည်။
ထို့အတူ အသေးစားနှငအလတ်စားလုပ်ငန်းများအတွက်မူ အောက်ခြေအဆင့်လုပ်ငန်းများဖြစ်သော တိုင်းရင်းသားရိုးရာယဉ်ကျေးမှုလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ၊ ဒေသအလိုက် ထုတ်ကုန်လုပ်ငန်းများအားလုံးကို ပံ့ပိုးပေးရန် စီစဉ်ထားသည်ဟု ပြောသည်။ အထက်ပိုင်းအဆင့်တွင်မူ ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် ထုတ်ကုန်လုပ်ငန်းများနှင့် ပို့ကုန်ဆောင်ရွက်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများအတွက် အဓိကထားကူညီပံ့ပေးရန် ဆောင်ရွက်ထားသည်ဟု ပြောသည်။
ဆောက်လုပ်ရေးကဏ္ဍ၌လည်း ဈေးကွက်တုံ့နှေးမှုကြောင့် အခက်အခဲရှိနေသည့်လုပ်ငန်းများနှင့် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းအဆုံးသတ်ရန်ခက်ခဲနေသည့် လုပ်ငန်းများအနက် အလားအလာကောင်းသော လုပ်ငန်းများကို ငွေပင်ငွေရင်း ဖြည့်တင်းပေးရန် လုပ်ဆောင်မည်ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ငွေကြေးပံ့ပိုးနိုင်ရေးအတွက်မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)တို့နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောသည်။
''နည်းပညာအပါအဝင် တခြားသောလိုအပ်ချက်တွေက အရေးကြီးတယ်ဆိုပေမဲ့အရင်းအနှီးရှိရင် နည်းပညာလည်း ဝယ်လို့ရတယ်။ ပြည်တွင်းလုပ်ငန်းတွေရဲ့ အခက်အခဲက အရင်းအနှီးလိုအပ်ချက် ကြီးမားနေတဲ့အချက် ဖြစ်တယ်''ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ် ဘုတ်အဖွဲ့ဝင်ဦးသောင်းဝင်းက မှတ်ချက်ပြုသည်။
အသေးနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်လည်း ဘဏ္ဍာရေး အထောက်အကူများ လိုအပ်နေသည်ဟု လုပ်ငန်းရှင်များက မကြာခဏ ထောက်ပြခဲ့ကြပြီးနောက် အစိုးရက ယခု ငွေထုတ်ချေးမည့် အစီအစဉ်ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
အစိုးရက ငွေထုတ်ချေးမည့် အစီအစဉ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကြီးတစ်ခုကိုလည်း ထူထောင်သွားရန် စီစဉ်ထားသည်ဟု ဝန်ကြီးဦးကျော်ဝင်းက ပြောသည်။
''ပြည်တွင်းအနေနဲ့ ကြည့်မယ်ဆိုရင် ငွေပင်ငွေရင်းက အခက်အခဲရှိတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးဘဏ်တစ်ခုကို ထူထောင်ရပါမယ်။ မြန်မာ့စီးပွားရေးဘဏ်ကနေ ဖွံ့ဖြိုးရေးဘဏ်ကိုထူထောင်ဖို့ ဗဟိုဘဏ်နဲ့ ဆွေးနွေးထားပြီးဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
လက်ရှိတွင်မူ စိုက်ပျိုးစရိတ်ချေးငွေကိုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လည်းကောင်း၊ အသေးစား အလတ်စားလုပ်ငန်းများအတွက် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက်မူ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်များက လည်းကောင်း အသီးသီး ထုတ်ချေးပေးနေသည်။
ပုဂ္ဂလိကဘဏ်များကမူ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှတစ်ဆင့် နှစ်ဆင့်ခံ ချေးငွေအဖြစ် အသေးစား အလတ်စားလုပ်ငန်းများကို ချေးငွေထုတ်ပေးနေခြင်းလည်းရှိသည်။ သို့သော် လုံလောက်သည့်ချေးငွေမရရှိခြင်းနှင့် ချေးငွေရရှိရန် ခက်ခဲမှုများရှိနေခြင်းကြောင့် အားနည်းချက်များရှိနေသည်ဟု လုပ်ငန်းရှင်များက ပြောကြားသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ