By The Voice, Shweproperty.com
Updated at 11 October 2017
တိုင်းနှင့်ပြည်နယ် အသီးသီးမှ သုံးနှစ်အတွင်း အငြိမ်းစား ယူမည့်အစိုးရဝန်ထမ်း နှစ်သောင်းကျော်သည် နိုင်ငံ့ဝန်ထမ်းအိမ် ရာစီမံကိန်းမှ တိုက်ခန်းများကို ဝယ်ယူရန် စာရင်းပေးထားကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
သုံးနှစ်အတွင်း အငြိမ်းစား ယူမည့်ဝန်ထမ်း နှစ်သောင်းကျော်အနက် ရန်ကုန်တိုင်းတွင် နေထိုင်ရန် စာရင်းပေးထားသည့်ဝန်ထမ်း ၁၈၀ဝ၀ ဦးခန့်ရှိပြီး အခြား ပြည်နယ်နှင့် တိုင်းများတွင် နေထိုင်ရန် စာရင်းပေးထားသူ ၂၀ဝ၀ ကျော်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နိုင်ငံ့ဝန်ထမ်း အိမ်ရာစီမံကိန်းကို မတ်လအတွင်း အပြီး တည်ဆောက်ဖို့ ညွှန်ကြားထားတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပင်စင်ယူမယ့်သူတွေကို တိုင်းအစိုးရအဖွဲ့က ရောင်းချပေးသွားမယ်”ဟု ၎င်းက ဆိုသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရွှေလီ လမ်းနှင့် မြနန္ဒာလမ်းထောင့်တွင် ယခုနှစ် ပွင့်လင်းရာသီမှစတင် တည်ဆောက်သွား မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
နိုင်ငံ့ဝန်ထမ်း အိမ်ရာစီမံကိန်း ပန္နက်တင် အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်က ကျင်းပခဲ့ပြီး ယင်းအိမ်ရာ စီမံကိန်းတွင် တိုက်အလုံးပေါင်း ၁၀ဝ ကျော် ပါဝင်ကာ အခန်းပေါင်း ၄၀ဝ၀ ခန့် ပါဝင်မည်ဖြစ်သည်။
တိုက်ခန်းတန်ဖိုးများကို ကျပ်သိန်း ၇၀ မှ သိန်း ၁၀ဝ ကျော်အထိ သတ်မှတ်ထားကာ အိမ်ရာစီမံကိန်း ဝယ်ယူမည့် ဝန်ထမ်းများအနေနှင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ၁၅ နှစ် အရစ်ကျ ပေးသွင်းရမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း ဆောက်လုပ်ခြင်းဖြစ်ပြီး ယင်းအိမ်ရာစီမံကိန်းကို မြေဧက ၁၈၃ ဒသမ ၅၃ ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် တည်ဆောက်မည့် မြေနေရာအနီးတွင် ကျောင်း၊ ဆေးခန်းနှင့် ဈေးများကို ထည့်သွင်း ဆောက်လုပ်သွားမည်ဖြစ်သည်။
Ref & Photo Credit : The Voice & The Mirror
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ