By The Myanmar Times, Shweproperty.com
Updated at 17 August 2017
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဦးပိုင်အမှတ်ရှိမြေကွက်များကို ဧရိယာစတုရန်းပေ ၁,၂ဝဝ၊ မျက်နှာဖွင့် ပေ ၂ဝ ရှိမှသာ ခွဲစိတ်ခွင့်ဂရန်လျှောက်ထားခြင်းကို ပယ်ဖျက်ပြီး ဧရိယာစတုရန်းပေ ၁,၂ဝဝ အောက်မြေကွက်ငယ်များကိုပါ ဂရန်ထုတ်ပေးရန် သတ်မှတ်လိုက်သည့်အတွက် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်အတွက် အားသာချက်များ ရှိလာနိုင်ကြောင်း အကျိုးဆောင်တချို့က ပြောသည်။
မြေကွက်ပေါ်တွင် အခိုင်အမာ အဆောက်အအုံဖြင့်နေထိုင်လျက်ရှိခြင်း၊ အနားလေးဘက်ခိုင်မာမှုရှိခြင်း၊ ဝင်လမ်း ထွက်လမ်း ကောင်းမွန်မှုရှိခြင်း၊ ကျန်းမာရေးနှင့်မီးဘေးအန္တရာယ်များ ထိခိုက်မှုမရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီပါက ဧရိယာစတုရန်းပေ ၁,၂ဝဝအောက်မြေကွက်များကို ဦးပိုင်ခွဲစိတ်ခွင့်ကို မြေတည်နေရာမြို့နယ်၊ မြေအမျိုးအစားအလိုက် တစ်စတုရန်းပေလျှင် ကျပ် ၂ဝဝ မှကျပ် ၆ဝဝ အတွင်း သတ်မှတ်နှုန်းထားဖြင့်ပေးသွင်းစေပြီး မြေဂရန်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနကို တိုက်ရိုက်လျှောက်ထားနိုင်ကြကြောင်းစည်ပင်သာယာမှ ထုတ်ဝေသော မြို့ခံ မန္တလေးနေ့စဉ်သတင်းစာတွင် ယခုလ ၁၃ ရက်ကတရားဝင်အသိပေး ထုတ်ပြန်ထားသည်။
''မြေကွက်ငယ်တွေကို ဒီလိုအမည်ပေါက်ပိုင်ခွင့် လုပ်လို့ရတဲ့အတွက် မြေယာနဲ့ဆိုင်တဲ့အမှုအခင်းတွေ၊ အရှုပ်အရှင်းဖြစ်ရတာတွေ နည်းပါးသွားနိုင်ပါတယ်။ ပြီးတော့အသေးစားနဲ့အလတ်စား ချေးငွေရဖို့အတွက် လုပ်ဆောင်နိုင်ကြမယ်။ တန်ကြေးမြင့်တဲ့ မြေကွက်တွေကိုဝယ်ယူဖို့ မတတ်နိုင်သူတွေအနေနဲ့ ကိုယ်နိုင်တဲ့ ငွေပမာဏနဲ့ စိတ်ပိုင်းပြီးရောင်းတဲ့မြေကွက်ငယ်တွေကို ဝယ်ကြလေ့ရှိပါတယ်။ ဒါကြောင့် ဒီမြေကွက်ငယ်တွေကို ဝယ်ဖို့ ရည်ရယ်သူတွေအနေနဲ့ ဂရန်ဖောက် ခွင့်ပေးမယ်ဆိုတော့ အကောင်အထည်ဖော်တဲ့အဆင့်အထိ ရောက်လာကြမယ်။ သက်ဆိုင်ရာလည်း အခွန်ရမယ်''ဟု မန္တလေးမြို့ရှိဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၁၄ ရက်တွင်ပြောသည်။
ဂရန်လျှောက်ထားရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်ပါလျက် ဝန်ထမ်းများကတမင်ကြန့်ကြာအောင်ဆောင်ရွက်ခြင်း၊ မသမာသော ငွေကြေးတောင်းခံခြင်းများရှိပါကမြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဦးသို့မဟုတ် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဌာနမှူးကို ဆက်သွယ်အသိပေးနိုင်ကြောင်း၊ ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းမှာမြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့က မြေကွက်များချထားပေးခဲ့ရာတွင် ၁၅ ပေ၊ ပေ ၄ဝ၊ပေ ၂ဝ၊ ပေ ၃ဝ မြေကွက်များ ချထားပေးခဲ့ခြင်း၊ မြို့တွင်း၌ ဝယ်ယူနေထိုင်သူများကမိမိတို့တတ်နိုင်သော ငွေကြေးဖြင့် မြေကွက်ငယ်များ ခွဲစိတ်ဝယ်ယူနေထိုင်ကြခြင်းတို့ကြောင့် အဆင်ပြေစေရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း စည်ပင်သာယာကအသိပေးထားသည်။
''ဒီနေ့ မနက်ပိုင်းမှာကို မြေကွက်လေးတွေကို အမေးအမြန်း တော်တော်လေးတက်လာတယ်။ စည်ပင်သာယာက ဒီလိုဖွင့်ပေးလိုက်တာကို ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။တချို့ ငွေကြေးအများကြီး မတတ်နိုင်သူတွေကျတော့မြေကွက်ကျဉ်းလေးတွေကိုပဲ ဝယ်ကြရတာလေ။ မြေပိုင်ဆိုင်မှု အရှုပ်အရှင်းလည်း အထိုက်အလျောက် ကင်းသွားနိုင်ပါတယ်''ဟု မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးမောင်မောင်ဦးက ယခုလ ၁၄ ရက်တွင် ပြောသည်။
မန္တလေးမြို့ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ ကာလကြာ အေးစက်နေကာလတ်တလောတွင် ကျပ်သိန်း ၅ဝဝ နှင့် ကျပ်သိန်း ၁,ဝဝဝ ကြား တန်ကြေးရှိ မြေကွက်များကို မေးမြန်းမှုများကြောင်း ဈေးကွက်သတင်းများအရ သိရသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ