By Myanmar Times, Shweproperty.com
Updated at 2 December 2015
ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်လာသည့် ယနေ့ခေတ်တွင် ခေတ်မီအထပ်မြင့် အဆောက်အအုံများကြောင့် မြို့ပြပတ်ဝန်းကျင်တွင် အစိမ်းရောင်းလွှမ်းခြုံမှု လျော့နည်း လာသည်ကို တွေ့နေရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အဆင့်မြင့် နည်းပညာသုံး ခေတ်မီအဆောက်အအုံများ တိုးတက်များပြား လာခဲ့သည်။
ခေတ်မီအဆောက်အအုံများကြောင့် မြို့ပြ အင်္ဂါရပ် ဖွံ့ဖြိုးတိုးတက်မှု ရှိသကဲ့သို့ အဆောက်အအုံ တည်ဆောက်ရာတွင် အသုံး ပြုသည့် နည်းပညာများ၊ ခေတ်မီဇိမ်ခံပစ္စည်း များအသုံးပြုခြင်းနှင့် မြေနေရာလွတ်မကျန် အဆောက်အအုံ တည်ဆောက်ခြင်းများ ကြောင့် အစိမ်းရောင်ဧရိယာနည်းပါးလာပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့် အလား အလာများ ရှိနေသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် အဆင့်မြင့် နည်းပညာများ အသုံးပြု၍ အဆောက်အအုံများ တည်ဆောက်လာသည့်နည်းတူ နည်းပညာအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေမည့် အဆောက်အအုံများ တည်ဆောက်ခြင်းကို လည်း ဖော်ဆောင်လာကြသည်။
မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ သဘာ၀ ပတ်ဝန်းကျင်အား ထိခိုက်မှု နည်းပါးသည့် အစိမ်းရောင် ဆောက်လုပ်ရေးများကို ဖော် ဆောင်ရန် ပညာရှင်များက ထောက်ပြ ပြောဆိုလာသည့်နည်းတူ ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့ကလည်း အစိမ်းရောင်ဆောက်လုပ်ရေးအပေါ် စိတ်ပါဝင်စားလာမှု ရှိလာသည်ကို တွေ့ရသည်။ အဆိုပါ အစိမ်းရောင် ဆောက်လုပ်ရေး သည် လတ်တလောတွင် ထိရောက်မှုကို ချက်ချင်းတုံ့ပြန်နိုင်မှု အားနည်းသော်လည်း ရေရှည်တွင် သဘာ၀ ပတ်ဝန်းကျင်ကို ထိထိ ရောက်ရောက် ထိန်းသိမ်းကာကွယ်နိုင်သည် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းဌာနမှ ဦးတိုးအောင်က ပြောသည်။
"ဒီလို အစိမ်းရောင်ဆောက်လုပ်ရေးတွေ ရှိလာမယ်ဆိုရင် ဒါဟာ ကိုယ့်နိုင်ငံတင် မဟုတ်ဘူး။ နိုင်ငံတကာ အတိုင်းအတာ အထိ ထိရောက်မှုရှိပါတယ်။ ဒီလိုသဘာ၀ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းတာဟာ အစိတ်အပိုင်း လေး တစ်ခုမှာပဲဖြစ်ဖြစ် အကျိုးရှိလာနိုင်ပါ တယ်။ ဥပမာပြောရရင် ညစ်ညမ်းမှုတွေကို အားလုံးက ဝိုင်းထုတ်နေတဲ့အချိန်မှာ ကိုယ်က လျှော့လိုက်မယ်ဆိုရင် ထုတ်လုပ်မှုက ဘာပဲဖြစ်ဖြစ် လျော့သွားမှာပါပဲ။ ဒါဟာ အခုခံစား ချင်မှ ခံစားရပေမယ့် ရေရှည်မှာ ခံစားရမှာပါ" ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ အစိမ်းရောင်ဆောက်လုပ်ရေး များဖြင့် တည်ဆောက်ခြင်းများသည် ကြီးမား သည့် အကျိုးခံစားမှုကို လတ်တလောတွင် ရရှိနိုင်ရန် ခက်ခဲသော်လည်း လက်ရှိခံစားနိုင် သည့်အရာများမှာ ရေအရင်းမြစ်ဆုံးရှုံးမှုများ ကို သက်သာစေခြင်များ ရရှိနိုင်ကြောင်း လည်း ဦးတိုးအောင်က ပြောသည်။ သို့သော် အစိမ်းရောင်ဆောက်လုပ်ရေးနှင့် အဆောက်အအုံ တည်ဆောက်ရေးသည် ငွေကြေးကုန်ကျမှုများပြားပြီး လက်ရှိမြန်မာနိုင်ငံ အနေအထားဖြင့် ဆောင်ရွက်ရန်မှာ ခက်ခဲနေသည့်အတွက် တတ်နိုင်သည့် အနေ အထားဖြင့်သာ လုပ်ဆောင်နိုင်မည်ဟုလည်း ၎င်းကပြောသည်။
"ကျွန်တော်တို့ဆီမှာ သူများနိုင်ငံတွေလို ဆိုလာတွေကို အဆောက်အအုံတွေတိုင်းမှာ မသုံးနိုင်ဘူး။ ဒါပေမဲ့ လေထုကောင်းအောင် လို့ သစ်ပင်တွေ များများစိုက်လို့ရတယ်။ အဆောက်အအုံတွေရဲ့ ပတ်ဝန်းကျင်မှာ လည်း အစိမ်းရောင်လွှမ်းမိုးမှုတွေရှိအောင်လုပ် လို့ရတယ်။ ဒါက ကျွန်တော်တို့ တတ်နိုင် တဲ့ အပိုင်းက လုပ်လို့ရတယ်" ဟု ဆိုသည်။ အစိမ်းရောင် ဆောက်လုပ်ရေးလုပ်ငန်း များ ပေါ်ထွက်လာရေး တိုက်တွန်းအားပေးရန် ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်ဆွေးနွေး ခဲ့သည့် Green Construction Summit ကို ပြီးခဲ့သည့်သီတင်းပတ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်း ကျင်ကို ပိုမိုထိန်းသိမ်းကာ ကောင်းမွန်လာနိုင် သည့် အနေအထားများကို လူအများ စိတ်ပါဝင်စားကာ လုပ်ဆောင်သွားနိုင်ရန် ဆောက် လုပ်ရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ် ကာ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းဆွေးနွေး မှုက ရရှိလာမည့် အယူအဆ များနှင့် ထင်မြင်ချက်များကိုလည်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တည် ဆောက်မည့် စီမံကိန်းများတွင် လုပ်ဆောင် နိုင်သည့် အခြေအနေ များနှင့် ကိုက်ညီမှု ရှိပါက အသုံးပြုရန် အကြံပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပညာရှင်များ က ပြောသည်။
"ပုဂ္ဂလိက လုပ်ငန်းရှင်တွေက သူတို့ စီမံကိန်းတွေကို တင်ပြလာတဲ့အခါကျရင် ဒီလို ဆွေးနွေးပွဲတွေက ရတဲ့ရလဒ်တွေ၊ ထင်မြင် ယူဆချက်တွေကို ကျွန်တော်တို့က ထည့်သုံး သွားမှာပါ။ စီမံကိန်းမှာ အစိမ်းရောင်နယ်မြေ တွေ ဘယ်လောက်ထားမလဲ။ လျှပ်စစ်သုံးစွဲမှု တွေ ဘယ်လိုရှိလဲ စတာတွေကို ကြည့်ပြီး ဘယ်လိုလုပ်သင့်တယ် ဆိုတာတွေ အကြံပေးလို့ ရပါတယ်" ဟု ဦးတိုးအောင်က ပြောသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း လတ် တလောအခြေအနေ အကျိုးခံစားမှုကိုမကြည့်ဘဲ ရေရှည်ကိုတွက်ဆကာ လက်ရှိအချိန်က စတင်ပြီး ဆောက်လုပ်ရေးလုပ်ငန်း တွင် အစိမ်းရောင် ဆောက်လုပ်ရေးကို တတ်နိုင်သည့် အပိုင်းက လုပ်ဆောင်သင့် သည်ဟုလည်း ပညာရှင်များကပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ