By Emg, Shweproperty.com
Updated at 10 March 2015
ထားဝယ်အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီ Guangdong Zhenrong က ဒေါ်လာသုံးဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်ထားသည်ဟု ဂျပန်သတင်းစာ Nikkei ၏ အာရှပိုင်းကဏ္ဍတွင် ဖော်ပြချက်အရ သိရသည်။
၎င်းတို့က မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
၎င်းတို့ ကုမ္ပဏီက မြန်မာနိုင်ငံ အစိုးရထံသို့ အဆိုပါစက်ရုံ တည်ဆောက်ခွင့်အတွက် အတည်ပြုချက်ရရန် လျှောက်လွှာတင်ထားကြောင်း သိရသည်။
အဆိုပါ ရေနံချက်စက်ရုံမှ တစ်နှစ်လျှင် ရေနံစိမ်းတန် ငါးသန်းကို ချက်လုပ်နိုင်မည် ဖြစ်သည်။
မြန်မာအစိုးရ၊ ထိုင်းနိုင်ငံ အစိုးရတို့နှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းဆောက်လုပ်ရန် စီစဉ်နေကြပြီး Guangdong Zhenrong ကုမ္ပဏီက ပမာဏများစွာ ရင်းနှီးမြှုပ်နှံမည့် ပထမဆုံး တရုတ်ကုမ္ပဏီ ဖြစ်လာမည်ဟု ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ မြန်မာ-ထိုင်း နယ်စပ်အနီးတွင် တည်ရှိနေပြီး ထိုင်းနိုင်ငံတွင် လုပ်ခများ ဈေးတက်လာနေရာ အခြားအစားထိုး နေရာတစ်ခုတွင် ပြောင်းလဲရင်းနှီး မြှုပ်နှံလိုသူ လုပ်ငန်းရှင်များအတွက် အဆင်ပြေမည့် နေရာဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထားဝယ်စီမံကိန်းနေရာမှာ အရှေ့အလယ်ပိုင်းမှ ရေနံများကို အရှေ့တောင်အာရှ အခြားနေရာများသို့ ဖြန့်ဖြူးရန် အချက်အချာ နေရာတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းမှာ အရှိန်နှေးကွေးနေသဖြင့် အရှိန်မြှင့်တင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။
အဆိုပါ စီမံကိန်း၏ ကနဦး စီမံကိန်းများကို ယခုနှစ်အတွင်း စတင်သွားမည်ဟု ထိုင်းနိုင်ငံ သတင်းစာများက ဖော်ပြထားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ၇၅ မိုင်ပတ်လည် ကျယ်ဝန်းမည်ဖြစ်ပြီး စီမံကိန်း၏ ကနဦးလုပ်ငန်းများတွင် စက်မှုဇုန်တစ်ခု၊ စီမံကိန်းနှင့် ထိုင်းနိုင်ငံကြား ဆက်သွယ်ပေးမည့် ၁၃၈ ကီလိုမီတာ ရှည်လျားသည့် နှစ်လမ်းသွားလမ်းမ၊ အလုပ်သမားများ နေထိုင်နိုင်မည့် ကနဦး အိမ်ရာစီမံကိန်း၊ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးအတွက် LNG Terminal တစ်ခု၊ တယ်လီဖုန်းဆက်သွယ်ရေးလိုင်း၊ ဓာတ်အားပေးစက်ရုံတစ်ရုံနှင့် ဆိပ်ကမ်းငယ်တစ်ခု၊ ရေလှောင်ကန်တစ်ခု ပါဝင်ကြောင်း The Nation သတင်းစာ ဖော်ပြချက်အရ သိရသည်။
အဆိုပါ စီမံကိန်းတန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံခန့်ရှိကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ