By Myanmar Times, Shweproperty.com
Updated at 1 September 2015
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ စက်မှု(၁)ဝန်ကြီးရုံးနေရာတွင် ဗီယက်နမ်အခြေစိုက် ဟောင်အန်းဂရီလိုင် မြန်မာ (HAGL Myanmar) ကုမ္ပဏီက တည်ဆောက် လျက်ရှိသော HAGL Myanmar Center စီမံကိန်းတွင် လူနေအိမ်ခန်းများပါဝင်မည့် Lake Suitesမှ ဒုတိယမြောက် တာဝါကို စက်တင်ဘာလတွင် စတင်မိတ်ဆက်ငှားရမ်းသွားမည်ဖြစ်ကြောင်း ထိုကုမ္ပဏီမှတာဝန်ရှိသူက ပြောသည်။ ထိုစီမံကိန်းတွင် လူနေအိပ်ခန်းများအတွက် အဆောက်အအုံလေးလုံးတည်ဆောက်မည်ဖြစ်ပြီး ပထမတာဝါကို ဇူလိုင် လဆန်းပိုင်းတွင် မိတ်ဆက်ခဲ့ကာ တိုက်ခန်းများကို ဘီအိုတီ စနစ်ဖြစ်သော နှစ်၇၀ စာချုပ်ဖြင့် ငှားရမ်းခဲ့သည်။
ယခု ဒုတိယအကြိမ်အဖြစ် ဒုတိယတာဝါကို ဆက်လက်ငှားရမ်းသွားမည်ဖြစ်ကြောင်း ထိုကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ထက်အောင်က ပြောသည်။ "Lake Suites လူနေတိုက်ခန်းတွေထဲက ဒုတိယတာဝါက တိုက်ခန်းတွေကို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလထဲမှာစတင်မိတ်ဆက် ငှားရမ်းသွားမှာ ဖြစ်ပါတယ်။ ဒီတာဝါမှာ ရွှေတိဂုံဘုရားဘက်မျက်နှာမူထားတဲ့ အခန်းတွေလည်း ပါဝင်မှာဖြစ် ပါတယ်။ ဒီအဆောက်အအုံအတွက် တည် ဆောက်ရေး လုပ်ငန်းတွေကိုလည်း အခု စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ ထိုတိုက်ခန်းများကို တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၂၃၀ ဖြင့် ငှားရမ်းသွားမည်ဖြစ်ပြီး အပြီးသတ်ငွေပေးချေမှု၊ တစ်နှစ်စာငွေပေးချေမှုနှင့် နှစ်နှစ်စာငွေပေးချေခြင်းစသော ငွေပေးချေမှုသုံးမျိုး ဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။
Lake Suites လူနေအဆောက်အအုံများ သည် ဟေဂဲလ်မြန်မာစင်တာ၏ အဆောက်အအုံလေးခု ထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျန်သုံးခုဖြစ်သော လက်လီဈေးဝယ်ဆိုင်ခန်းများ ပါဝင်သည့် မြန်မာစင်တာပလာဇာ၊ အဆင့်မြင့်ရုံးခန်းများပါဝင်သည့် မြန်မာစင်တာတာဝါနှင့် နိုင်ငံတကာကြယ်ငါးပွင့်အဆင့်ရှိ Melia ဟိုတယ်များလည်း ထိုစီမံကိန်းတွင် ပါဝင်မည်ဖြစ်သည်။ မြန်မာစင်တာပလာဇာနှင့် မာလီယာဟိုတယ်ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်သွား မည်ဖြစ်သည်။ အဆင့်မြင့်လူနေအိမ်ခန်းများတွင် အဆောက်အအုံလေးလုံးပါဝင်မည်ဖြစ်ပြီး အိပ်ခန်းနှစ်ခန်းပါ အခန်း ၁,၅၄၄ ခန်း၊ အိပ်ခန်း တစ်ခန်းပါအခန်း ၈၄၄ ခန်းတို့အပြင် ရေကူးကန်၊ တင်းနစ်ကွင်းနှင့် club house များ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် အဆောက်အအုံများ၏ လုံခြုံရေးစနစ်များဖြစ်သော NFPA၊SSCP တို့အပြင် ဗဟိုစွန့်ပစ်ပစ္စည်း ရှင်းလင်းရေးစနစ်၊ ရေစစ်ထုတ်ခြင်းနှင့် သန့်စင်ခြင်းစနစ်၊ ၂၄ နာရီလုံခြုံရေးဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်သည်။ "ကျွန်တော်တို့ရဲ့တိုက်ခန်းတွေကို နေထိုင်မယ့်သူတွေကိုရည်ရွယ်ပြီး ဆောက်လုပ်ထား တာဖြစ်ပါတယ်။ အခုလိုမျိုး ဒုတိယအကြိမ် လူနေအိမ်ခန်းတွေ မိတ်ဆက်ခြင်းကို ထင်ထားတဲ့ အချိန်ထက်စောပြီး ကြေညာနိုင်လို့ အရမ်းဝမ်းသာမိပါတယ်"ဟု ဟေဂဲလ်က မန်နေးဂျင်း ဒါရိုက်တာ Mr.Cao Duy Thinh က ပြောသည်။
ပထမအကြိမ်အဖြစ် Lake Suites တာဝါတစ်မှ အိပ်ခန်းတစ်ခန်းပါနှင့် အိပ်ခန်းနှစ်ခန်းပါ အခန်းပေါင်း ၆၆၀ကို ဇူလိုင်လဆန်းတွင် စတင်မိတ်ဆက်ခဲ့ပြီး အခန်းအားလုံး နီးပါး ငှားရမ်းခဲ့ရကြောင်း ထိုကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ "ပထမအကြိမ် မိတ်ဆက်တုန်းက အခန်းတွေ တော်တော်များများ ငှားရမ်းခဲ့ရပါတယ်။ ကျန်ရှိနေတဲ့ အခန်းအနည်းငယ်ကိုလည်း ဒုတိယတာဝါကို စတင်မိတ်ဆက်ချိန်မှာ လျှော့ဈေးနဲ့ ဆက်လက်ငှားရမ်းပေးသွားမှာ ဖြစ်ပါတယ်"ဟု ကိုခန့်ထက်အောင်က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ