By Myanmar Builders Guide, Shweproperty.com
Updated at 8 May 2019
ရန်ကုန်မိုးပျံရထားလမ်း(YUMRT) တည်ဆောက်ရန် လှိုင်သာယာ-ပါရမီလမ်းပိုင်း၌ မြေသိမ်းဆည်းမည့်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၃ ရက်တွင် အမိန့်ကြေညာစာထုတ်ပြန်ထားပါသည်။
မေလ ၆ ရက်နောက်ပိုင်း အသစ်တိုးချဲ့ပြုပြင်ရောင်းချမှုရှိက လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး ခံစားခွင့်ရှိမည်မဟုတ်ဟု ဆိုပါသည်။
ရန်ကုန် အရှေ့ပိုင်းနှင့်အနောက်ပိုင်း ဆက်သွယ်မည့် ရထားလမ်းအပိုင်း(၁)ကို စတင်မည်ဖြစ်ပြီး လှိုင်သာယာဘူတာက စပြီး ပါရမီဘူတာအထိ ၁၈ကီလိုမီတာ (၁၁မိုင်ကျော်) ရှိမည်ဟု အဆိုပါကြေညာချက်တွင်ပါဝင်သည်။ ရထားလမ်းအတွက် မြေသိမ်းရန်လို အပ်သောလမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းလမ်းပိုင်းတွင် ၂၉ မီတာ (၉၅ ပေ)နှင့် ပါရမီလမ်းတွင် ၂၂ မီတာ (၇၂ ပေ)ဖြစ်သည်။
ထို့ကြောင့် မြေသိမ်းဆည်းရာတွင် လှိုင်သာယာ ဘူတာပရဝဏ် အတွင်း မြေ ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် ရထားလမ်းအလယ်မျဉ်းမှ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ၁၄ မီတာခွဲ(၄၇ပေခွဲ)၊ ပါရမီလမ်းဘေးတစ်ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ)ပါဝင်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရန် တိုင်းအစိုးရက ပြန်လည်နေရာချထားရေး၊ ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်စေရေး စီမံကိန်းအတွက် အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut off Date)ကို မေလ ၆ ရက်အဖြစ် သတ်မှတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးလက်မှတ်ရေးထိုးထားသည့် ကြေညာချက်တွင်ဖော်ပြထားသည်။
ထိုကြေညာချက်အရ အဆိုပါ မြေနေရာသုံးခုတွင် တည်ရှိနေ သော အဆောက်အအုံများကို ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ အဆောက်အအုံအသစ်တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချ ခြင်းများကို မေလ ၆ ရက် (Cut off Date) နောက်ပိုင်း ဆောင်ရွက်ပါ က မြေယာလျော်ကြေး ပြန်လည် နေရာချထားရေးနှင့် ကရုဏာ ကြေးများ ရရှိမည်မဟုတ်ပေ။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင် စီ (JICA)က စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံးကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုများအတွက် မေလ ၆ ရက်မှ ဇွန်လ ၃၀ ရက်အထိ စစ်တမ်းကောက်ယူမည်ဟု ဆိုထားသည်။
‘‘ဒီစီမံကိန်းရှိတယ်ဆိုတာ ကြားပါတယ်။ သူများနိုင်ငံတွေလို ဖြစ်လာမယ်ဆိုရင် ကောင်းတာပေါ့။ မြေနေရာကလည်း လိုအပ်ရင် ဖယ်ပေးပါ့မယ်’’ဟု မရမ်းကုန်းမြို့နယ် ပါရမီလမ်းမဘေးတွင် နေထိုင်သော ဒေါ်စန္ဒာအေးက ပြောသည်။
လှိုင်မြို့နယ်နေ ကိုရန်နိုင် မင်းကလည်း ‘‘သေချာတော့ မသိသေးဘူး။ ဒါပေမဲ့ အစိုးရကလုပ် တဲ့ နိုင်ငံတော်စီမံကိန်းဆိုရင် ကောင်းတယ်လို့ထင်တယ်။ ကန့်ကွက်စရာမရှိပါဘူး’’ ဟု ပြော သည်။
‘‘အစည်းအဝေးတိုင်းမှာ တင်ပြတာက ပြည်သူတွေ မနစ်နာအောင် ကာလပေါက်ဈေးထက် မနည်းအောင်ပေးဖို့၊ ပြည်သူတွေ နစ်နာရင် ကျွန်တော်တို့က ဝင် ရောက်ဖြေရှင်းပေးမှာပါ’’ ဟု မရမ်းကုန်းမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။
Cut off Date ကို အနီးကပ် ကြေညာရခြင်းသည် ပြည်သူများ ရောင်းမှားဝယ်မှား မဖြစ်စေရန် မြို့တော်ဝန်က ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ စီမံကိန်းအတွက် ၂၀၁၂ တွင် JICA က အသေးစိတ် လေ့လာပြီး ယခုနှစ်ကုန်၌ လေ့လာမှုပြီးဆုံးမည်ဖြစ်သည်။ လာမည့် ၂၀၂၁ တွင် ပထမပိုင်းအဆင့် စတင်၍ ၂၀၃၅ တွင် စီမံ ကိန်းတစ်ခုလုံး ပြီးဆုံးမည်ဖြစ်သည်။
‘‘စီမံကိန်း အကုန်လုံးအတွက် ချေးငွေပေးမှာ ဖြစ်ပါတယ်။ ချေးငွေကို ODA (ဖွံ့ဖြိုးမှုချေးငွေ) က ပေးမှာပါ’’ဟု မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံအမတ်က ပြောသည်။
ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) ဟု အမည်ပေးထားသော ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းတွင် ရန်ကုန်မြို့ အရှေ့- အနောက်ပိုင်းကို လှိုင်သာယာ- တောင်ဒဂုံမြို့နယ် တိုးကြောင်ကလေးနှင့် ရန်ကုန်တောင်- မြောက်ပိုင်းကို ဒလမြို့နယ်- ဘူတာကြီး-မင်္ဂလာဒုံ လေဆိပ်လမ်းပိုင်းနှစ်ခုအဖြစ် အကောင်အထည်ဖော်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ