By The Irrawaddy, Shweproperty.com
Updated at 28 August 2015
ကာလရှည်ကြာခဲ့ပြီဖြစ်သော မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတခု ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ယခုတကြိမ်တွင် နောက်ထပ် ၄ နှစ်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး ဘဏ္ဍာငွေ ရရှိရေး အခက်အခဲကြောင့် ဖြစ်သည်ဟု အစိုးရပိုင်မီဒီယာများနှင့် အစိုးရ တာဝန်ရှိသူတဦးက သြဂုတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံမှ ကုမ္ပဏီတခုက ရန်ကုန်မြို့မြောက်ဘက် မိုင် ၆၀ ခန့်အကွာ ပဲခူးမြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ အသုံးပြုခဲ့သည့် လေဆိပ်ဟောင်းတခုနေရာတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တည်ဆောက်ရန် ကနဦးက စီစဉ်ထားခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နောက် ၇ နှစ်ကြာမှသာ ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့် ကြောင်း အစိုးရပိုင် Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။
“တရားဝင်ဖွံ့ဖြိုးရေး အကူအညီ (Official Development Assistance -ODA) ရရှိဖို့ နှောင့်နှေးခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ် စတင်ဖွင့်လှစ်မယ့် အချိန်က ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ကို ရွှေ့ဆိုင်း လိုက်ရပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းလွင်ဦး က ပြောကြားကြောင်း သတင်းစာက ဆိုသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးကလည်း ဘဏ္ဍာငွေ ရရှိရေး အခက်အခဲတခုကြောင့် စီမံကိန်း နှောင့်နှေးသွားခဲ့ရသည်ဟု အတည်ပြုခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) အတွက် ဆွေးနွေးနေဆဲဖြစ်လို့ စီမံကိန်းရဲ့ အဓိက တည်ဆောက်ရေးလုပ်ငန်းတွေက အခုထဲမစတင်ရသေးပါဘူး” ဟု အဆိုပါ အရာရှိက ပြောသည်။ တရားဝင် ပြောရေးဆိုခွင့်ရှိသူ မဟုတ်သည့်အတွက် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သလို အခြား အသေးစိတ် အကြောင်းအရာများ ပြောပြရန်လည်း ငြင်းပယ်ခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ခန့်ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးပြီးဆုံးသွားပြီး အာဏာရရှိလာသော အရပ်သား အစိုးရက စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည့်အတွက် ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှုကလည်း အလွန်များလာသည့်အတွက် ၁၉၉၄ ခုနှစ်ကထဲက ရပ်နားထားခဲ့သည့် ဟံသာဝတီလေဆိပ်စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။
ရောက်ရှိလာသည့် ခရီးသည်များကို ရန်ကုန်မြို့သို့ ပို့ဆောင်ပေးမည့် အစီအစဉ် ပါဝင်ခြင်းမရှိသည့် အတွက် စီမံကိန်းကို ဝေဖန်မှုများလည်း ရှိခဲ့သည်။
၂၀၁၄ ခုနှစ်တွင် Yongnam-CAPE-JGCC အမည်ရှိ ဂျပန်-စင်္ကာပူ ဖက်စပ် ကုမ္ပဏီကြီးတခုက ဟံသာဝတီလေဆိပ်ကို အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံဖြင့် တည်ဆောက်ခွင့်ရရှိခဲ့သည်။ ကုန်ကျငွေ၏ ၄၉ ရာခိုင်နှုန်းကို ODA ချေးငွေဖြင့် ကျ ခံမည်ဖြစ်ပြီး ကျန် ၅၁ရာခိုင်နှုန်းကို ကုမ္ပဏီနှင့် ပုဂ္ဂလိက ချေးငွေများဖြင့် သုံးစွဲသွားမည်ဖြစ်သည်။
ဟံသာဝတီလေဆိပ်က တနှစ်လျှင် ခရီးသည် ၁၂ သန်း ဝန်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၏ ဝန်ဆောင်နိုင်မှုထက် ကျော်လွန်လုနီးပါး ရောက်ရှိနေပြီဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၁.၀၅ သန်း၊ ၂၀၁၃ ခုနှစ်တွင် ၂.၀၄ သန်း ဝင်ရောက်ခဲ့၍ ၂၀၁၄ ခုနှစ်တွင် ၃သန်းကျော်ရန် ဦးတည်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်းတွင် ခရီးသည် ၅ သန်းအထိရောက်ရှိလာရန် မျှော်လင့်ထားသည်။
ရန်ကုန်နှင့် မန္တလေးမြို့များရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များကို အဆင့်မြှင့်ပြင်ဆင်မှုနှင့် တိုးချဲ့မှုများလည်း ပြုလုပ် နေသည်။
Ref : The Irrawaddy
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ