ဖုန်းရွှေနည်းလမ်းတွေမှာ အရောင်တွေဟာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်နေပါတယ်။ အရောင်တွေက ခံစားချက်တွေအပေါ် သက်ရောက်မှုရှိပြီး လူနေမှုဘဝတွေကိုပါ လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။

ဒီနေ့တော့ ဖုန်းရွှေအဆိုအရ အရောင်တွေမှာ ဘယ်လိုအဓိပ္ပာယ်တွေရှိလဲ၊ လူတွေနဲ့ အိမ်တွေ၊ ပတ်ဝန်းကျင်တွေအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိလဲဆိုတာ Shwe Property က ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပြီနော်။  

ဖုန်းရွှေနည်းအရ အိမ်တွေမှာ ပျော်ရွှင်အေးချမ်းမှုတွေထုံမွှမ်းနေအောင် အသုံးပြသင့်တဲ့အရောင်တွေကတော့... 

အဖြူရောင်

အဖြူရောင်ဟာ Tai Qi မှာ Yang ကိုကိုယ်စားပြုပြီး ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတော်တော်များများအရ အဖြူရောင်ဟာ ဆောင်းရာသီကိုရည်ညွှန်းပြီး သံသတ္တုဒြပ်စင်နဲ့လည်း ဆက်နွယ်လျက်ရှိကြောင်းတွေ့ရပါတယ်။ သံသတ္တုဒြပ်စင်ဟာ အာရုံစူးစိုက်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ အောင်မြင်မှုတွေကို ကိုယ်စားပြုပြီး ဖုန်းရွှေမြေပုံအရ သားသမီးကံနဲ့ ဆက်စပ်လျက်ရှိတာကိုလည်းတွေ့ရပါတယ်။

အနက်ရောင်

အနက်ရောင်ဟာ Tai Qi မှာ Yin ကို ကိုယ်စားပြုပြီး ရိုးရာယဉ်ကျေးမှုတော်တော်များများအရ အနက်ရောင်ဟာ လျှို့ဝှက်ပြီးမှောင်မိုက်သောအကြောင်းအရာများနဲ့ ဆက်နွယ်နေပေမယ့် ဖုန်းရွှေအဆိုအရ အနက်ရောင်ဟာလည်း အပြုသဘောဆောင်တဲ့ စူးစမ်းလေ့လာမှုတွေ၊ အကောင်းမြင်မှုတွေနဲ့ ဆက်စပ်နေတယ်လို့သိရပါတယ်။ အနက်ရောင်ဟာ ရေဒြပ်စင်ကို ကိုယ်စားပြုပြီး ဥာဏ်ပညာ၊ တည်ငြိမ်မှု၊ အတွေးအမြင်တွေနဲ့ဆက်နွယ်ပြီး ဖုန်းရွှေမြေပုံအရတော့ အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်မှုရှိတာကိုတွေ့ရပါတယ်။

မီးခိုးရောင်

မီးခိုးရောင်ဟာ အနက်ရောင်နဲ့အဖြူရောင် ပေါင်းစပ်ထားတဲ့အရောင်ဖြစ်ပြီး ဖုန်းရွှေမြေပုံအရ ကူညီပံ့ပိုးပေးမယ့်သူတွေ ဝိုင်းရံနေတာကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ အိမ်အများစုမှာ မီးခိုးရောင်ပါဝင်တဲ့အရာဝတ္တုတွေ၊ ပစ္စည်းတွေထားရှိပေးခြင်းဟာ နေထိုင်မှု၊ လုပ်ငန်းခွင်ဆောင်ရွက်ချက်တွေအပေါ် သက်ရောက်မှုရှိတယ်လို့လည်းသိရပါတယ်။



အပြာရောင်

ဖုန်းရွှေအဆိုအရ အပြာရောင်ဟာ အရောင်အနုအရင့်ပေါ်မူတည်ပြီး အဓိပ္ပာယ်ပြောင်းလဲတတ်ကြောင်းသိရပြီး Mid-tone ရှိတဲ့အပြာရောင်တွေဟာ သစ်သားဒြပ်စင်ကို ကိုယ်စားပြုပါတယ်။ သစ်သားဟာ ကိုယ်ချင်းစာနာမှု၊ ကြင်နာမှု၊ ကြီးပွားတိုးတက်ခြင်း၊ စိတ်အားထက်သန်ခြင်းလို့ အဓိပ္ပာယ်ရပြီး အပြာရောင်ရင့်ရင့်ဟာတော့ ရေဒြပ်စင်နဲ့ ဆက်နွယ်ပါတယ်။ အာရှယဉ်ကျေးမှုအစဉ်အလာတော်တော်များများအရ တစ်ချို့သော အပြာရောင်တွေဟာ ဝမ်းနည်းကြေကွဲခြင်းလို့ အဓိပ္ပာယ်သက်ရောက်ပြီး ဗုဒ္ဓဘာသာအယူအဆအရတော့ အပြာရောင်ဟာ ချမ်းသာကြွယ်ဝခြင်းလို့ ယူဆကြပါတယ်။ ဖုန်းရွှေမြေပုံအရ မိသားစု၊ ဥာဏ်ပညာစတဲ့အရပ်မျက်နှာတွေ​ဖြစ်တယ်လို့သိရပါတယ်။

အစိမ်းရောင်

ဖုန်းရွှေနည်းအရ အစိမ်းရောင်ဟာ အားသစ်မာန်သစ်နဲ့စတင်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ ပြန်လည်ကြိုးစားမြှင့်တင်ခြင်းစတဲ့အဓိပ္ပာယ်မျိုးရှိပြီး အစိမ်းရောင်ဟာလည်း အရောင်အနုအရင့်အလိုက် အဓိပ္ပာယ်ပြောင်းလဲသက်ရောက်မှုရှိကြောင်းသိရပါတယ်။ ဖုန်းရွှေမြေပုံအရ အစိမ်းရောင်ဟာ မိသားစုကို ကိုယ်စားပြုတဲ့ အရပ်မျက်နှာနဲ့ ဆက်နွယ်လျက်ရှိပြီး အစိမ်းရောင်ကို နံရံဆေးခြယ်တဲ့အခါ၊ အိမ်တွင်းအလှဆင်ပစ္စည်းတွေ ထားတဲ့အခါ ထည့်သွင်းသုံးနိုင်သလို အိမ်တွင်းစိုက်ပျိုးနိုင်တဲ့ အစိမ်းရောင်အပင်တွေလည်း ထားရှိပေးနိုင်ပါတယ်။

အနီရောင် 

အနီရောင်ဟာ ဖုန်းရွှေနည်းအရ လွှမ်းမိုးမှုအရှိဆုံးအရောင်ဖြစ်တယ်လို့သိရပြီး အနီရောင်ကို အမှောင့်ပယောဂတွေကင်းရှင်းစေဖို့၊ ကာကွယ်ဖို့သုံးလေ့ရှိပါတယ်။ မီးဒြပ်စင်ကို ကိုယ်စားပြုပြီး ဖုန်းရွှေမြေပုံအရ ကျော်ကြားမှုကိုပြသတဲ့ ပုံရိပ်ကို ဖော်ဆောင်ပြီး တည်ငြိမ်မှု၊ ဥာဏ်ကွန့်မြူးမှု၊ ထက်မြက်မှု စတဲ့အဓိပ္ပာယ်မျိုး ရှိပါတယ်။ အနီရောင်ဟာ တက်ကြွမှု၊ စိတ်အားထက်သန်ပြင်းပြမှု များစွာဖြစ်စေတဲ့အတွက် စိတ်အေးလက်အေး အိပ်စက်အနားယူတဲ့အိပ်ခန်းမျိုးမှာ အနီရောင်များစွာ မထားသင့်ပါဘူး။ အနီရောင်ဖျော့ဖျော့ရောယှက်ထားတဲ့ အရောင်မျိုး၊ တစ်ခြားအရောင်တွေနဲ့ ရောစပ်ထားတဲ့ အနီရောင်မျိုးကိုထားပေးတာကသာ ခွန်အားသစ်၊ စိတ်အားသစ်တွေကို ဖြည်းဖြည်းချင်း ရရှိလာစေမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အခန်းပတ်ဝန်းကျင်၊ အလုပ်လုပ်ကိုင်ရာနေရာတစ်ဝိုက်မှာ သက်ဆိုင်ရာ အဓိပ္ပာယ်လေးတွေအတိုင်း အရောင်လေးတွေကို ထားရှိပေးခြင်းက ကိုယ့်ရဲ့အိမ်လေးမှာ စိတ်ညစ်စရာတွေကင်းဝေးပြီး ပျော်ရွှင်မှုတွေပဲ စုဝေးရလာစေပါလိမ့်မယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြောက်အရပ်လှည့်တဲ့ အိမ်တွေအတွက် အန္တရာယ်ကင်းစေမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

သင့်ကလေး IQ ရော EQ ပါ ကောင်းစေဖို့ ဒီလိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပါ

Posted By : Ra Wai (ShweProperty.com)