By The Myanmar Times, Shweproperty.com
Updated at 11 December 2017
မြို့ပြနှင့် အိုးအိမ်လုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ ဂျပန်—မြန်မာပူးပေါင်းအဖွဲ့ (JMHU)ဟူသည့် ဂျပန်အခြေစိုက် အဖွဲ့အစည်းတစ်ခုက တန်ဖိုးသင့်အိမ်ရာများဆောက်လျှင် နမူနာယူရန် အိမ်ရာပုံစံတစ်ခု တည် ဆောက်ပေးမည်ဟု ဒီဇင်ဘာ ၄ ရက်က မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြသည်။
ရန်ကုန်မြို့ မင်္ဂလာဒုံအမှတ် (၃) လမ်းမကြီး၊ နွယ်ခွေအနီးရှိ ပေ ၈ဝ၊ ပေ ၆ဝ ကျယ်သော မြေကွက်ပေါ်တွင် ဂျပန်နည်းပညာ၊ ဂျပန်ပစ္စည်းများဖြင့် နမူနာအိမ်ရာကိုဆောက်လုပ်ပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကို လာမည့် ဇန်နဝါရီတွင် စတင်မည်ဖြစ်သည်။
''ကုန်ကျငွေတွေကို ဂျပန်နိုင်ငံက လှူဒါန်းငွေတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံနှစ်ခုကို ပုံစံနှစ်မျိုးနဲ့ ဆောက်လုပ်သွားမှာပါ''ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဠ ဦးရှိန်ဝင်းက ပြောသည်။
အဆောက်အအုံတည်ဆောက်ပြီးစီးပါက ယင်းနေရာတွင် ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများပြခန်း အဖြစ် ကနဦးထားရှိမည်ဖြစ်ပြီး သုံးနှစ်ပြည့်ပါက မြေနှင့်တကွ အဆောက်အအုံကိုပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းအမည်ဖြင့် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဦးရှိန်ဝင်းက ဆိုသည်။
ယခုကဲ့သို့လုပ်သည်မှာ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ကာ လှူဒါန်းခြင်းဖြစ်ပြီး အဆောက်အအုံကို နှစ်ခန်းတွဲ နှစ်ထပ် လေးခန်းနှင့် နှစ်လွှာတိုက်ခန်း နှစ်လုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းနှင့် တိုင်းအစိုးရတို့ ပူးပေါင်းကာ Yangon Metropolitan Development ဟု အမည်ရသည့် ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခု ဖွဲ့စည်းထားပြီး ယင်းကုမ္ပဏီက ဒဂုံဆိပ်ကမ်းမြို့သစ်ရှိ မြေ ၁၈၃ ဧကပေါ်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေသည့် စီမံကိန်းတွင် JMHU က စိတ်ပါဝင်စားပါက ပူးပေါင်းပါဝင်နိုင်ကြောင်းလည်း မြန်မာဘက်က ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
ထိုသို့ကမ်းလှမ်းမှုကြောင့် ဂျပန်က မြန်မာ၏အဆောက်အအုံနှင့် မြို့ပြဆိုင်ရာစီမံကိန်းများတွင် အပြောမဟုတ်ဘဲ ယခုလိုလက်တွေ့ပါဝင် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဦးရှိန်ဝင်းက ဆိုသည်။
ထို့ပြင် ယခု နမူနာဆောက်ပြသည့် အိမ်ရာများပြီးဆုံးပါက မြန်မာနိုင်ငံအတွက် အိမ်ရာနှင့်ဆိုင်သော ငွေကြေးလည်ပတ်သည့်စနစ် ပေါ်ထွက်လာစေရန်၊ ငွေချေးစနစ်၊အစိုးရကငွေထည့်ဝင်စနစ်၊ နှစ်ရှည်ချေးငွေစနစ်၊ နှစ်ရှည်အိမ်ရာရောင်းချမည့်စနစ်များ ကောင်းလာစေရန် ဂျပန်နိုင်ငံ လုပ်ငန်းရှင်များက ဆောက်လုပ်ရေးလုပ်ငန်းသာမက ဘဏ်ချေးငွေလုပ်ငန်းများပါ ဝင်ရောက်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ