By Myanmar Builders Guide, Shweproperty.com
Updated at 6 August 2019
ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကော်မတီက ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက် နေ့တွင် တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာ အိမ်ခန်း စုစု ပေါင်း ၃၂၅ ခန်းကို ရောင်းချခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ အိမ်ခန်း ၂၀၀ ကျော်ကို မကြာမီ ရောင်းချမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရောင်းချရာတွင် တန်ဖိုးနည်းအိမ်ရာအ တွက် အိမ်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို တစ်လုံးတည်းပေးသွင်းရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ၃၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကျန်ငွေကို ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHIDB) မှ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေရယူပြီး ၁၅ နှစ်ကာလအတွင်း လစဉ် အရစ်ကျပေးသွင်းရန်ဖြစ် ကြောင်း အစရှိသည့်သတင်း များထွက်ပေါ်လာပြီဖြစ်သည်။ တန်ဖိုးနည်းအိမ်ရာ အတိုးနှုန်း ကို ၁၂ ရာခိုင်နှုန်းအစား အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် အတိုးနှုန်းအတိုင်း ၈ ဒသမ ၅ ရာခိုင်နှုန်းသာရယူသင့် သည်။ ယခုအခါ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင် နှုန်း အမှန်တကယ်ဖြစ်ပေါ်လာပြီဖြစ်သည်။
ထို့အပြင် ချေးငွေပြန်လည်ပေးအပ်ရမည့်ကာလကို ၁၀ နှစ်မှ ၁၅ နှစ်သို့ တိုးမြှင့်ပေးခြင်းမှာလည်း လွန်စွာကောင်းမြတ်သော အစီအစဉ်ဖြစ်ပါသည်။ သို့သော် တစ်လုံးတည်းပေးသွင်းငွေကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ ရောင်းရန်ကျန်ရှိသော လက်ကျန်တန်ဖိုးနည်းအိမ်ခန်းများအတွက်သာဖြစ် ကြောင်းနှင့် အခြားတန်ဖိုးနည်း အိမ်ရာများအတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိရန် လိုအပ်နေသေးကြောင်း သိရှိရသဖြင့် ပိတ်ကား ပေါ်တွင် ဆက်ကြည့်ရှုကြရဦး မည်ဖြစ်ပေသည်။ ဗဟိုဘဏ်ကိုလည်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအားလုံးအတွက် ၂၀ ရာခိုင်နှုန်း တစ်ပြေးညီ ဆက်လက်ခွင့်ပြုပေးရန် လိုအပ်မည်ဖြစ်သည်။
အတိုးနှုန်းလျှော့ချမှုနှင့် ချေးငွေသက်တမ်းတိုးမြှင့်ပေးမှုသည် ဆင်းရဲနွမ်းပါးသော အိမ်ရာမဲ့ပြည် သူတို့အား တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန် ပိုမို၍ လက်လှမ်းမီလာ စေမည်ဖြစ်၏။ လက်လှမ်းမမှီသော အိမ်ရာပန်းအလှကို ဆွတ်ချူနိုင်ရန်အတွက် ချေးငွေတံချူ ကောင်းကို ပေးအပ်လိုက်သကဲ့သို့ ရှိ၏။ တစ်နည်းအားဖြင့် အတိုးနှုန်းသက်သာသော ဘဏ္ဍာငွေ တံတားကြီး (Financial Bridge) ကို အသုံးပြု၍ မိမိတို့ဝင်ငွေနှင့် အိမ်ခန်းဈေးနှုန်း ကွာဟချက် (Affordability Gap) တည်းဟူသော ချောက်ကြီးအား လွယ်ကူစွာကျော်ဖြတ်ပြီး ဝယ်ယူခွင့်ရရှိလာကြမည်ဖြစ်၏။ ဤအစီအစဉ် ဖြစ်မြောက်လာခြင်းမှာ ဂျပန်နိုင်ငံ ၏ ODA ချေးငွေကို Two Step Loan အဖြစ်ရယူနိုင်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း သိရှိရပေသည်။ ဂျပန်နိုင်ငံသည် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းမျှသာပေးရမည့် ဘဏ္ဍာငွေတံတားကြီးဖြင့် တန်ဖိုးနည်းအိမ်ရာဝယ်ယူမည့် ဝင်ငွေနည်းပြည်သူများကို ကူညီပေးသကဲ့သို့ရှိ၏။
ယေဘုယျအားဖြင့် ဝင်ငွေနှင့် လက်လှမ်းမီစေရန် ဝင်ငွေနည်းသူအတွက်ဆိုလျှင် အိမ်ခန်းတန်ဖိုးနည်းစေရမည်။ ဝင်ငွေအသင့်အတင့်ရှိသူအတွက်ဆိုလျှင် တန်ဖိုးသင့် တင့်မျှတစေရမည်ဟု ဆိုနိုင်၏။ သို့သော် တန်ဖိုးနည်းလျှင်ပြီးရော ဟူသော ဆောက်လုပ်မှုကို လုံးဝလက်မခံနိုင်ပေ။ ထို့ကြောင့် ဝင်ငွေနည်းပြည် သူတို့ ဝင်ငွေနှင့် လက်လှမ်းမီပြီး အရည်အသွေး ကောင်းမွန်သော အိမ်ရာ (Affordable and Adequate Housing) ဟု စကား ရပ်နှစ်ခု အထူးပြုယှဉ်တွဲ၍ ခေါ် ဆိုခဲ့ကြကြောင်း တွေ့ရှိရပေသည်။
မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက် စီးပွားရေး တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံး သော အချိန်ကာလ၌ ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အမြောက်အမြား ပေါ်ထွန်းလာ၏။ စာရေးသူတို့က ၎င်းတို့အား တန်ဖိုးနည်းလုပ်ငန်းရှင်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းရှင်ဟု နှစ်မျိုးခွဲပြီး ခေါ်ဆို မှုများ ရှိခဲ့၏။ အရည်အသွေးနှင့် လက်ရာညံ့သော လုပ်ငန်းရှင်အားကုန်ကျမှု တန်ဖိုးနည်းနည်းဖြင့် အမြတ်များများ ရှာတတ်သော တန်ဖိုးနည်းလုပ်ငန်းရှင် (Low Cost Contractor) ဟုခေါ်ဆိုကြ ပြီး အရည်အသွေးကောင်းပြီး အတွေ့အကြုံ ရင့်ကျက်မှုရှိသော လုပ်ငန်းရှင်အား ဖွံ့ဖြိုးရေးလုပ်ငန်းရှင် (Developer) ဟု မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကင်ပွန်းတပ် ခဲ့သည်ကို အမှတ်ရမိပါသည်။
မျက်မှောက်ခေတ်၌ အထက်ပါ Affordable and Adequate Housing ၏ သဘောသဘာဝကို နားလည်သဘောပေါက်ပြီး အရည်အသွေးနှစ်ရပ်စလုံး မျှတအောင် ဖော်ဆောင်ပေးနိုင်သော ကန်ထရိုက်တာများ အားလုံးသည် ဖွံ့ဖြိုးရေးလုပ်ငန်းရှင် (De-veloper) များ ဖြစ်လာကြပြီဟု ဆိုရမည်ဖြစ်ပေသည်။ သို့သော် စုန်းပြူးများက ရှိနေသေး၏။
မြန်မာနိုင်ငံတစ်ဝန်း တန်ဖိုးနည်းအိမ်ရာအချို့တွင် အရည်အသွေးညံ့ဖျင်းမှုများရှိလာကြောင်း ဝယ်ယူနေထိုင်ကြသော ပြည်သူများ၏ ရင်ဖွင့်သံများကို ကြားနေရပြီဖြစ်၏။ ယခင်အစိုးရလက်ထက်တည်ဆောက်ခဲ့သော မဟာဗန္ဓုလအငှားအိမ်ရာသည် အရည်အသွေးအညံ့ဖျင်းဆုံးဖြစ်၏။ မည်မျှညံ့ဖျင်းသနည်းဆိုလျှင် လူနေအိမ်ကို လူနေ၍ မရလောက်အောင် ညံ့ဖျင်းလှ၏။ အစိုးရအပြောင်းအလဲပြုလုပ်ပြီး တစ်နှစ်ကျော်သည်အထိ ပြင်မဆုံးနိုင်အောင်ရှိခဲ့၏။ လက်ရှိ အစိုးရလက်ထက် ဆောက်လုပ်သော တန်ဖိုးနည်းအိမ်ရာ အချို့တွင် လည်း အရည်အသွေးညံ့ဖျင်းမှု များ ကြုံတွေ့လာရကြောင်းသိရှိရ၏။ သို့သော် မဟာဗန္ဓုလအိမ် ရာလောက်တော့ မဆိုးသေးဟုဆိုနိုင်၏။ မည်သို့ဆိုစေ ODA Loan ဖြင့် ဆောက်လုပ်သော တန်ဖိုးနည်းအိမ်ရာများကို အရည်အသွေးကောင်းမွန်သော အိမ်ရာများ ဖြစ်ပေါ်လာစေရန်အတွက် JICA ၏ အစီအစဉ်ဖြင့် နည်းပညာ အကူအညီပေးမည်ဖြစ်ကြောင်း သိရှိရပေသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ