By Myanmar Times, Shweproperty.com
Updated at 3 September 2015
ရန်ကုန်မြို့လယ်တွင် တည်ဆောက်မည့် ဟိုတယ်စီမံကိန်းတစ်ခုအတွက် နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီး Hitton Worldwide သည် ပြည်တွင်းစီးပွားရေး ကော်ပိုရေးရှင်း တစ်ခုဖြစ်သော Crown Advanced Construction နှင့် သဘောတူစာချုပ်ချုပ်ဆိုရန် စီစဉ်ဆောင်ရွက်နေကြောင်း Crown Advanced Construction ဒါရိုက်တာ တစ်ဦးက မြန်မာတိုင်း(မ်)ကိုပြောသည်။
ရန်ကုန်မြို့လယ်ရှိ Centrepoint Towers တွင် အခန်း ၃၀၀ ပါရှိသော ဟိုတယ်တစ်လုံး ဆောက်လုပ်ရန် ၂၀၁၃ ခုနှစ်၊ မတ်လက Hilton Worldwide နှင့် ထိုင်းအခြေစိုက် ကုမ္ပဏီ LP Holdings တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့အပြီး နှစ်နှစ်ကျော်အကြာတွင် အထက်ပါ ဟိုတယ်စီမံကိန်းသစ် တည် ဆောက်မည့်သတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ Centrepoint Towers တွင် တည်ဆောက်မည့် ဟိုတယ်စီမံကိန်းမှာ စာချုပ်ချုပ် ဆိုခဲ့ပြီးချိန်ကစတင်၍ အခက် အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး ယခုအချိန်အထိ ပြီးစီးမှုမရှိသေးပေ။ ယခုတည်ဆောက်မည့် ဟိုတယ်သစ်သည် ဈေးဆိုင်ခန်းများနှင့် လူနေကွန်ဒိုတိုက်ခန်းများ ပါဝင်သည့် ကျပ် ဘီလျံ ၄၀၀ (အမေ ရိကန်ဒေါ်လာ ၃၂၄ သန်း) ကုန်ကျမည့် Time City စီမံကိန်း၏ အစိတ် အပိုင်း တစ်ခုဖြစ်သည်ဟု Crown Advanced Construction ၏ ဒါရိုက်တာ Siao Si က ပြောသည်။ "ကျွန်တော်တို့ ဟိုတယ်ကို စီမံခန့်ခွဲမှာကတော့ Hilton ကုမ္ပဏီပဲဖြစ်ပါတယ်။ သဘောတူစာချုပ် မချုပ်ဆိုရသေးပေမယ့် စာချုပ်ချုပ်ဆိုဖို့ ဆုံးဖြတ်တော့မှာပါ"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်ခဲ့သော Hilton Worldwideသည် ဖွင့်လှစ်ခဲ့ပြီးသော ငပလီနှင့် နေပြည်တော်တို့ ရှိ ဟိုတယ်နှစ်လုံးအပါအဝင် လာမည့် နှစ်နှစ်အတွင်း ဖွင့်လှစ်တော့မည့် ပုဂံ၊ အင်းလေးကန်နှင့် မန္တလေးတို့ရှိ ဟိုတယ်သုံးလုံး စုစုပေါင်း ဟိုတယ်ငါးလုံးစီမံကိန်းအတွက် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သော အေဒင်အုပ်စုနှင့် လက်ရှိစာချုပ်ချုပ်ဆိုထားသည်။ Crown Advanced Construction နှင့် စာချုပ်ချုပ်ဆိုမည့် အကြောင်းကို ကုမ္ပဏီ မူဝါဒကြောင့် လတ်တလောတွင် ပြောကြား နိုင်ခြင်းမရှိသော်လည်း Hilton ကုမ္ပဏီသည် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု အပြည့် အဝရှိနေသေးပြီး မြန်မာနိုင်ငံ အတွင်း ံHilton ၏ တည်ရှိမှုကို ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများကိုလည်း အမြဲဆိုသလို ရှာဖွေနေကြောင်း Hilton က ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။
Time City စီမံကိန်းတွင် ပါဝင်သည့် ဟိုတယ်သစ်သည် ရန်ကုန်မြို့တွင် တည်ဆောက်မည့် ပထမဆုံး စီးပွားရေးနှင့် လူနေမှု အဆောက်အအုံစီမံကိန်းများထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ ယင်းစီမံကိန်းကို ကမာရွတ်မြို့နယ်ရှိ ၁၀ ဧကကျယ်ဝန်းသော ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပိုင် မြေကွက်တွင် တည်ဆောက်မည်ဖြစ်သည်။ "ဒီနေရာက အရင်တုန်းက တစ်ပတ်ရစ်ကားတွေ အရောင်းအဝယ်လုပ်တဲ့နေရာပါ။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်ရောက်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီနေရာကို ဖွံ့ဖြိုးလာအောင် ဆောင်ရွက် ချင်တဲ့ ဆန္ဒရှိခဲ့တယ်။ ဒီနေရာကို ဖွံ့ဖြိုး အောင်ဆောင်ရွက်ပြီးရင် လည်း တစ်ပတ်ရစ်ကားအရောင်းအဝယ်နေရာကို ဆက်လက်ထားရှိပေးမှာပါ။ စတုရန်း မီတာ ၈၀,၀၀၀ ခန့်ကို တစ်ပတ်ရစ်ကားရောင်းဝယ်ရေးသမားတွေ အသုံးပြုဖို့အတွက် စီစဉ်ပေးမှာပါ"ဟု မစ္စတာ Siao က ပြောသည်။
ယင်းစီမံကိန်းတွင် ရုံးခန်းတာဝါနှစ်ခု၊ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး၊ အဆင့်မြင့်ကွန်ဒိုမီနီယံ တိုက်ခန်းပေါင်း ၂၆၀ ၊ ဈေးဆိုင်ခန်း ၃၇ ခန်း၊ Yadanar Mall ဟု အမည်ပေးထားသော ကျောက်မျက်ရတနာအရောင်းခန်းမ တစ်ခုနှင့် အထပ် ၁၄ ထပ်ပါ တစ်ပတ်ရစ် ကားရောင်း ဝယ်ရေးစင်တာတစ်ခုတို့ ပါဝင် သည့် အဆောက်အအုံ ၁၀ လုံး ပါဝင်မည်ဖြစ်သည်။ "ဆောက်လုပ် မှု လုပ်ငန်းတွေကို ၂၀၁၃ နှစ်ကုန်ပိုင်း လောက်က စတင်ခဲ့ပြီး အဓိက တည်ဆောက်ရေး လုပ်ငန်းကိုတော့ နောက်နှစ်အကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်" ဟု မစ္စတာ Siao ကပြောသည်။ ကွန်ဒိုတိုက်ခန်းနှင့် ရုံးခန်းများ၏ ဈေးနှုန်း မှာ တစ်စတုရန်းမီတာလျှင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၃၀၀ ခန့်ရှိကြောင်းနှင့် လူနေ တိုက်ခန်းများမှာ ရုံးခန်းများထက်အနည်း ငယ်ဈေးသက်သာကြောင်း ၎င်းက ပြောသည်။
မစ္စတာ Siao က ၎င်းမြေနေရာမှာ ဘိုးဘွားပိုင်မြေနေရာဖြစ်ကြောင်း ပြောသည်။ ကွန်ဒိုတိုက်ခန်းအများစုကို ရောင်းချပြီး ဖြစ်ကြောင်းနှင့် ဈေးဆိုင်ခန်းအားလုံးကိုလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ ထံ ရောင်းချခဲ့ပြီးပြီဟု မစ္စတာ Siao က ပြောသည်။ "ဈေးဆိုင်ခန်းတွေနဲ့ ကွန်ဒို တိုက်ခန်းတွေရဲ့ ရောင်းအားအပေါ် အားရ ကျေနပ်မိပါတယ်"ဟု ၎င်းကပြောပြီး ရုံးခန်း များကို နိုင်ငံပေါင်းစုံပါဝင်သော ကုမ္ပဏီ များကို အဓိကဦးတည် ရောင်း ချနိုင်ရန် မျှော်မှန်းထားသော်လည်း ရုံးခန်းနေရာများ ဝယ်ယူမှုနှင့် ပတ်သက်၍ လက်ရှိဥပဒေ များတွင် မရေရာမှုများရှိနေခြင်းက ဝယ်ယူ မည့်သူများအတွက် အခက်အခဲဖြစ်စေ ကြောင်းလည်း ပြောသည်။ စီမံကိန်းအတွက် ဆောက်လုပ်ရေး ကုမ္ပဏီများမှာ ကော်ပိုရေးရှင်းအတွင်း ပါဝင်သည့် ကုမ္ပဏီများဖြစ်ပြီး တရုတ် ဗိသုကာတစ်ဦးက ဒီဇိုင်းအတွက် တာဝန်ယူထားသည်ဟု ၎င်းကပြောသည်။
ဓာတ်လှေကားနှင့် စက်လှေကားများ တပ်ဆင်မှုအတွက် Jardine Schindler ကို ငှားရမ်းထားပြီးဖြစ်သည်။ Crown Advanced ကုမ္ပဏီသည် ၎င်းကိုယ်ပိုင် အဆင့်မြင့် အိမ်ရာစီမံကိန်း တစ်ခုဖြစ်သော မင်းရဲကျော်စွာ ကွန်ဒို မီနီယံကိုလည်း ရန်ကုန်တွင် တည်ဆောက် နေပြီး စင်ကာပူကုမ္ပဏီ United GP ၏ 68 Residence နှင့် အေဝမ်းအုပ်စု၏ Sky Condo အပါအဝင် နာမည်ကြီးစီမံကိန်း အချို့အတွက် ဆောက်လုပ်သူ ကွန်ထရက်တာ အဖြစ်လည်း ဆောင်ရွက်နေသည်။ ထို့ပြင် ပြည်တွင်းစီးပွားရေး ကော်ပို ရေးရှင်းကြီးတစ်ခုဖြစ်သော ဝမင်းကုမ္ပဏီများ အုပ်စုက ဆောင်ရွက်နေသည့် ှ Sanchaung Garden Residence နှင့် Manawhari Commercial Complex စီမံကိန်းတို့တွင် လည်း ကွန်ထရက်တာအဖြစ် လုပ်ကိုင်လျက်ရှိသည်။
Crown Advanced သည် ဧရာဝတီမြစ်ကို ဖြတ်သန်း၍ အိန္ဒိယ၊ မြန်မာနှင့်ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီးနှင့်ဆက်သွယ်ထားသည့် ပခုက္ကူရှိ မြန်မာနိုင်ငံ၏ အရှည် ဆုံးတံတား အပါအဝင် တံတားအချို့နှင့် မြန်မာနိုင်ငံ တောင်ပိုင်းရှိလမ်းများစွာကိုလည်း တာဝန်ယူ ဖောက်လုပ်လျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ထို့ပြင် လှိုင်မြစ်ကိုဖြတ်သန်းဆောက် လုပ်ထားသော ဘုရင့်နောင်တံတား(၂)နှင့် ဒေါပုံနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ကို ဆက်သွယ် ထားသော ငမိုးရိပ်တံတားတို့ကိုလည်း ရန်ကုန် တွင် တည်ဆောက်လျက်ရှိသည်ဟုမစ္စတာSiao က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ