By Myanmar Times, Shweproperty.com
Updated at 9 December 2015
နေမင်းကမ္ဘာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ က စီးပွားရေးလုပ်ငန်းချဲ့ထွင်မှု တစ်ခုအဖြစ် လက်ရှိရန်ကုန်မြို့တွင် ခေတ်စားလျက်ရှိ သည့် ဆောက်လုပ်ရေးလုပ်ငန်းအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး၊ ပထမဦးဆုံးခြေလှမ်းအဖြစ် The Leaf ၊ ကွန်ဒိုမီနီယံကို ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်က စတင် မိတ်ဆက်ခဲ့သည်။
နေမင်းကမ္ဘာကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီသည် (IME Holding) ကုမ္ပဏီ၏ လက်ခွဲဖြစ်ပြီး၊ ကျောက်စိမ်း၊ ကျောက်မျက်တူးဖော်ရေးအပြင် မော်တော်ကားတာယာ သွင်းကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး၊ အော်တိုမိုဘိုင်းလ် ဂျာနယ်ကိုလည်း ထုတ်ဝေလျက်ရှိသည်။
ယင်းကုမ္ပဏီမှ လက်ခွဲတစ်ခုဖြစ်သော Global Green Development သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်မြင့် ထူးက ပြောသည်။ "ဒီနှစ်ဆန်းပိုင်းလောက်က စပြီး ဆောက်လုပ်ရေးပိုင်းကို လုပ်မယ်၊ အာရုံစိုက်မယ်ဆိုပြီး Global Green Development ကုမ္ပဏီ ကို တည်ထောင်လိုက်တာပါ။ ဆောက်လုပ် ရေးပိုင်းကို အာရုံစိုက်ဖြစ်တာကတော့ နိုင်ငံ ကလည်း ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အတွက် ရေရှည်ကို စဉ်းစားမိတယ်။ ကျွန်တော်တို့ အဓိကလုပ်နေတဲ့ ကျောက်မျက်တူးဖော်ရေးကလည်း ရေရှည်မဖြစ်ဘူးပေါ့။ ဒါပေမဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း အလား အလာတွေက ရေရှည်သွားလို့ရတဲ့ အနေ အထားဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီကွန်ဒိုဆောက်ဖို့ ဆုံးဖြတ်လိုက်တာပါ" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးကွက်အင်အား ကောင်းမွန်ခဲ့သည့် အချိန်မှစ၍ ဈေးကွက်အင် အားငြိမ်သက်လျက်ရှိသည့် လက်ရှိအချိန်ထိ ရန်ကုန်မြို့၏ ဆောက်လုပ် ရေး လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမှာ ဆက်လက်လှုပ်ရှားနေသေးသည်ကို တွေ့ရ သည်။ ထို့ပြင် လက်ရှိ ရန်ကုန်မြို့တွင် နေထိုင်ရန် အတွက် အခန်းဝယ်ယူပိုင်ဆိုင်နိုင်မှုမှာ နည်းပါးနေသေးသည့် အတွက် ငြိမ်သက်နေ သည့် ဈေးကွက်အတွင်း လူလတ်တန်းစား ဝယ်ယူနိုင်သည့် ကွန်ဒိုမီနီယံ အဆောက်အအုံတည်ဆောက်ကာ ဈေးကွက်အတွင်းသို့ ဝင်ရောက်ထိုးဖောက် လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။
"အိမ်ခြံမြေ ဈေးကွက်ကတော့ လက်ရှိအနေအထားက အေးနေပါတယ်။ ကျွန်တော်တို့လည်း ဒီအနေအထားကို သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ရေရှည်ပုံစံမျိုးနဲ့ ဒီဆောက် လုပ်ရေးလောကမှာ ရပ်တည်ချင်တာရယ်၊ နောက်တစ်ချက် ဒီမှာက အိမ်ဈေး၊ အခန်းဈေး တွေက အရမ်းကိုဈေးကြီးတော့ လူတိုင်းမဝယ် နိုင်ကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီက လူတော်တော်များများ ဝယ်နိုင်လောက်တဲ့ အနေအထားနဲ့ ဈေးကွက်ကို ထိုးဖောက်ချင်ပါ တယ်။ နာမည်လည်း ရချင်တဲ့အတွက် ဈေးကွက် ထဲမှာ ရပ်တည် သွားနိုင်မယ်လို့ မျှောင်လင့် ပါ တယ်" ဟု ဦးဇော်မြင့်ထူးက ပြောသည်။
အဆိုပါကုမ္ပဏီက လှိုင်မြို့နယ်၊ ဓမ္မသုခ ကျောင်းလမ်းတွင် အကောင်အထည်ဖော် တည်ဆောက်မည့် The Leaf ကွန်ဒိုမီနီယံတွင် အမေရိကန်ဒေါ်လာ ၄၅ သန်းခန့် ရင်းနှီး မြှုပ်နှံမည် ဖြစ်သည်။ အထပ် ၁၂ ထပ်ခွဲ ခန့် အမြင့်ရှိသည့် ယင်းကွန်ဒိုမှာ ထိုင်းနိုင်ငံ မှ ဒီဇိုင်းကုမ္ပဏီကို ငှားရမ်းခဲ့ကာ အခန်း အမျိုးအစားပေါင်း ခုနစ်ခုထိရှိကာ တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁၃၀ ဖြင့် ပျမ်းမျှရောင်းချသွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။
ဈေးကွက်အတွင်းရှိ စတင်ဆောက်လုပ် လျက်ရှိသည့် ဝန်ဆောင်မှုများပါ ဇိမ်ခံကွန်ဒို များ၏ ပျမ်းမျှ အခန်းဈေးများသည် တစ်စတုရန်း တစ်ပေလျှင် အမေရိကန်ဒေါ်လာ ၂၅၀ နှင့် ၃၀၀ ထိ ရှိသည့်အတွက် ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးကွက်အေးနေသော်လည်း The Leaf ကွန်ဒိုမှာ ဈေးကွက်တွင် ရောင်းချသွားနိုင်မည်ဟု မျှော်မှန်းကြောင်းနှင့် ဈေးကွက်မငြိမ်သက် ခဲ့လျှင်လည်း ကွန်ဒို ကို ပြီးစီးသည်အထိဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးဇော်မြင့်ထူးက ပြောသည်။ "ကျွန်တော်တို့က ဈေးကွက်ထဲကို စဝင် လာကတည်းက ကွန်ဒိုအခန်းကို လူအများစု ဝယ်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ဝန်ဆောင်မှုပိုင်းလည်ကောင်းပြီး ဈေးလည်း တခြားဈေးတွေထက် သက်သာတဲ့ဈေးနဲ့ ရောင်းချတဲ့အတွက် လတ်တလောမှာ ဈေးကွက်အေးနေရင်တောင် ရပ်တည်သွားနိုင် မယ်လို့ ထင်ပါတယ်။ ဈေးကွက်အခြေ အနေ အရ၊ အဆင်ပြေသည် ဖြစ်စေ၊ မပြေသည် ဖြစ်စေ ကျွန်တော်တို့က ဒီကွန်ဒိုကို ပြီးအောင်ဆောက်သွားမှာပါ" ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် အထပ်မြင့်စိစစ်ရေးကော်မတီ၏ နောက်ဆုံးအဆင့် ခွင့်ပြုချက် ကို စောင့်ဆိုင်းလျက်ရှိကာ ဆောက်လုပ် ရေးလုပ်ငန်းများကို ဒီဇင်ဘာလတွင် စတင် သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တွင် ပြီးဆုံးရန်မျှော်မှန်းထားကြောင်း ကုမ္ပဏီက တာဝန်ရှိသူများကပြောသည်။
အဆိုပါ ကွန်ဒိုကို မြေဧရိယာ၂ ဒသမ၇ ဧက အကျယ်ပေါ်တွင် တည်ဆောက်သွား မည်ဖြစ်ပြီး ယင်းမြေကို ကုမ္ပဏီမှာ ဝယ်ယူခဲ့ သည့် ဂရန်မြေအမျိုးအစားဖြစ်သည့်အတွက် ကွန်ဒိုအခန်း ဝယ်ယူသူများမှာ မြေပိုင်ဆိုင်မှုအတွက် စိုးရိမ်စရာ မရှိကြောင်း ဦးဇော်မြင့်ထူးက ပြောသည်။ ထို့ပြင် ကုမ္ပဏီမှ ၎င်းတို့၏ ကွန်ဒိုမီနီယံကို နိုင်ငံခြားသား ဝယ်ယူမှုဈေးကွက်အပေါ်တွင် စိတ်ဝင်စားမှုရှိသော်လည်း ကွန်ဒိုမီနီယံဥပဒေ မှာ အတည်ပြုမထွက်ပေါ်လာသေးသည့် အတွက် လက်ရှိတွင် ကွန်ဒိုအခန်းများကို နိုင်ငံခြားသားကို ရောင်းချမှု မပြုလုပ်သေးကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ