By Myanmar Times, Shweproperty.com
Updated at 3 September 2015
လှိုင်သာယာစက်မှုဇုန် ဝန်ထမ်းများအတွက် စက်မှုဇုန်အနီးတွင် တည်ဆောက်ပေးနေသည့် ဝန်ထမ်းအိမ်ရာစီမံကိန်းမှာ ယင်း မြေပေါ်တွင် ကျုးကျော်နေထိုင်သူများရှိနေ ဆဲဖြစ်သဖြင့် တည်ဆောက်မှု ကြန့်ကြာနေကြောင်း လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက မြေငှားရမ်း တည်ဆောက်ခြင်းဖြစ်ပြီး လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များရှိ စက်မှုဇုန်များ အနီးတစ်ဝိုက်တွင် ဝန်ထမ်းအိမ်ရာများကို တည်ဆောက်ရန် လျာထားသော်လည်း ထိုစက်မှုဇုန်များအနီးရှိ ဝန်ထမ်းအိမ်ရာတည်ဆောက်မည့် မြေနေရာများပေါ်တွင် ကျုးကျော်တဲအိမ်များရှိနေသည့်အတွက်ညှိနှိုင်းကာ ဖယ်ရှားနေဆဲဖြစ်ပြီး လုပ်ငန်းများကို စတင်နိုင်ခြင်း မရှိသေးကြောင်း ၎င်းကပြောသည်။
"ကျုးကျော်တဲတွေကို ဖယ်ဖို့ညှိတာ သူတို့က သိန်း ၁၅၀ တောင်းပေမယ့် နောက်ဆုံး တဲတစ်တဲကို ၄၅ သိန်းပေးပြီး လှိုင်သာယာဘက်မှာ ရှင်းနေရတယ်။ ရွှေပြည်သာဘက် ကတော့ ကျုးကျော်တွေ ရှိနေလို့ ဆောက်လို့မရသေးပါဘူး" ဟု ဦးမြတ်သင်းအောင်က ပြောသည်။ ရွှေလင်ပန်းနှင့် လှိုင်သာယာစက်မှုဇုန် ရှိ အလုပ်သမားများအတွက် ၁၆ ဧက ကျယ်ဝန်းသည့်မြေနေရာပေါ်တွင် ၁၂ ခန်း တွဲ ငါးထပ်တိုက် အလုံးပေါင်း ၂၆ လုံးဖြင့် အခန်းပေါင်း ၁,၅၆၀ ထွက်ရှိစေရန် တည် ဆောက်သွားမည်ဖြစ်ပြီး အခန်းပေါင်း ၄၈၀ ကို ဦးစွာတည်ဆောက်နေခြင်း ဖြစ်သည်။ စီမံကိန်းဧရိယာအကျယ်အဝန်းအဖြစ် ၁၆ ဧက ခွင့်ပြုထားသော်လည်း ကျုးကျော်တဲအိမ်များကို ညှိနှိုင်းဖယ်ရှားရှင်းလင်းနေရသဖြင့် ဩဂုတ်လလဆန်းအထိ မြေနှစ်ဧက ပေါ်တွင်သာ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြောင်း ၎င်းကပြောသည်။
လှိုင်သာယာစက်မှုဇုန်လုပ်သားများ၏ နေထိုင်ရေး အဆင်ပြေစေနိုင်ရန်အတွက် နှစ်ဧကကျယ်ဝန်းသည့်မြေပေါ်တွင် ရှစ်ခန်းတွဲ ငါးထပ်တိုက်များတည်ဆောက်ထားရန် ရည်ရွယ်ထားပြီး ဩဂုတ် ၈ ရက်အထိ တိုက်ခန်းတွဲများထဲမှ အချို့ကို စတင် ဆောက်လုပ်နေပြီး အခန်းပေါင်း ၄၅၀ ခန့် တည်ဆောက်သွားမည်ဖြစ်သည်။
ထိုဝန်ထမ်းအိမ်ရာများကို ျအနနူ ျအမကခအကမန အုပ်ကာ၊ သွပ်မိုးစနစ်ဖြင့် တည် ဆောက်နေခြင်းဖြစ်ပြီး ယခုနှစ်အောက်တို ဘာ လကုန်တွင် စီမံကိန်းများ အပြီးသတ် နိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြခဲ့သော်လည်း ယင်း စီမံကိန်း စတင်မည့် မြေနေရာများတွင် ကျုးကျော်တဲများ အမြောက်အမြားရှိနေဆဲ ဖြစ်သဖြင့် လုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း ဦးမြတ်သင်းအောင်က ပြောသည်။ ထိုဝန်ထမ်းအိမ်ရာများမှာ ၁၈ ပေပတ်လည် အခန်းများဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာ နှင့် မီးဖိုချောင်နေရာများပါ ထည့်သွင်းတည်ဆောက် ထားကာ လမ်းများ၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ ရေနှင့် မိလ္လာစနစ်များ အတွက်ကိုပါ ထည့်သွင်းတည်ဆောက် ထားသည့်အတွက် ပျမ်းမျှတန်ဖိုး အခန်း တစ်ခန်းလျှင် ကျပ် သိန်း ၈၀ ဝန်းကျင်ခန့် ကျသင့်မည်ဖြစ်သည်။ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်များကို အခန်းများဝယ်ယူလိုကြောင်း အဆိုပြုတင်ပြထားသည့် စက်ရုံများ၊ ကုမ္ပဏီပိုင်ရှင်များထံက တွက်ချက်ကောက်ခံကာ လုပ်ဆောင်ခြင်း ဖြစ်ပြီး ထိုအိမ်ရာမှာ လက်ရှိလည်ပတ်နေသည့် စက်မှုဇုန်ဧရိယာနှင့် လေးမိုင်ခန့် အကွာတွင်ရှိသည်။ အခန်း ဝယ်ယူထား သည့် စက်ရုံပိုင်ရှင်များသည် အခန်း တန်ဖိုးကို အရစ်ကျစနစ်ဖြင့် ငါးရစ်တိ တိခွဲကာ ပေးသွင်းနိုင်မည်ဖြစ်ပြီး ၎င်းဝန်ထမ်း အိမ်ရာ တည်ဆောက်စရိတ်အဖြစ် မြန်မာကျပ်ငွေ ၃ ဒသမ ၂ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
စက်မှုဇုန် လုပ်သားများအတွက် ဝန်ထမ်းအိမ်ရာများကို စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကြီးကြပ်မှုဖြင့် တည်ဆောက် နေသကဲ့သို့ အလုပ်သမားဝန်ကြီးဌာနက မှလည်း စက်မှုဇုန်လုပ်သားများအတွက် အငှားအိမ်ရာများကို သီးသန့်အစီအစဉ်ဖြင့် တည်ဆောက်ရန်လျာထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ အများပြည်သူ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲခွင့်ရှိသည့်မြေကွက်များကို စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ မြေငှားရမ်းပြီး စက်မှုဇုန် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ကို တည်ဆောက်စေသည့်အပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်တွင်လည်း အလားတူ ဝန်ထမ်းအိမ်ရာများကို တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ မြေနှင့် အိမ်ရာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်ကပြောသည်။
"ဝန်ထမ်းအိမ်ရာ စီမံကိန်းတွေကို တခြားစက်မှုဇုန်တွေမှာပါ လုပ်ဖို့ရည်ရွယ်ထားပါတယ်။ ဇုန်ကော်မတီတွေရဲ့အစီအစဉ်နဲ့ တည်ဆောက်ပြီး ပြန်ပြီးနေရာချထားပေးမှာပါ "
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ