By Myanmar Times, Shweproperty.com
Updated at 28 September 2015
လှိုင်သာယာမြို့နယ် မီးခွက်ဈေးအောက်ထိပ်က ဆိုင်ကယ်ကယ်ရီဂိတ်မှာ လူငယ်လေးဦးကို ကယ်ရီသမား ၁၀ ဦးလောက်က ဝိုင်းဝန်း ရိုက်နှက်နေကြပါတယ်။
စက်ရုံတွေ လုပ်ငန်းခွင်ဖြုတ်ချိန်မို့ လမ်းပေါ်မှာ လူသွားလူလာရှုပ်နေချိန်ဖြစ်ပြီး ရန်ပွဲကိုတွေ့တဲ့အခါ မိန်းကလေးတချို့ ပြေးသူပြေးကြတယ်၊ ရိုက်နှက်နေတဲ့နေရာ အနီးအနား အဲဒီ လူစုလူဝေးကလွဲရင် လူသူရှင်းသွားပြီး လမ်းဘေး ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင် ငယ်လေးတွေထဲဆီ အကာအကွယ်သဘော ဝင်ရောက်ခိုလှုံနေကြတယ်။
ဒီဖြစ်ရပ်က ဩဂုတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
ဆိုင်ကယ်ကယ်ရီဂိတ်က လူတွေပြောပြချက်အရတော့ ရိုက်နှက်ခံရသူတွေက ခါးပိုက်နှိုက်တွေလို့ သူတို့ကြိုတင်သိရှိထားတဲ့အတွက် အခုလို ဖမ်းဆီးဆုံးမတာဖြစ်ပြီး ရဲလက်အပ်မှာလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒေါသတကြီးနဲ့ ရိုက်နှက်ခံရတဲ့ လူငယ်လေးယောက်ကတော့ မြေပေါ်မှာ သွေးအလူးလူးနဲ့ပါ။
လှိုင်သာယာမြို့နယ်မှာ နေ့စဉ်နီးပါး ရန်ပွဲတွေ၊ မိုက်ကြေးခွဲမှုတွေ၊ လုယက်မှု၊ မုဒိမ်းမှု၊ အကြွေးသမားက အကြွေးမပေးလို့ အကြွေးရှင်က ဖမ်းဆီးရိုက်နှက်မှု၊ အိမ်မှာဖမ်းချုပ်ထားမှု စသဖြင့် အမှုပေါင်းများစွာ ဖြစ်ပျက်နေပြီး ရဲစခန်းကို ရောက်လာတဲ့ အမှုတွေလည်းရှိသလို လူမိုက်ခေါ်ဖြေရှင်း နေကြတာတွေလည်းရှိတယ်လို့ လှိုင်သာယာမြို့နယ်မြို့မ ရဲစခန်းက အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
တရားဥပဒေစိုးမိုးဖို့လုပ်ဆောင်ရာမှာလည်း လူဦးရေပေါက်ကွဲမှုနဲ့ ရဲတပ်ဖွဲ့အင်အား မညီမျှမှုက အကြီးအမားဆုံး အဟန့်အတားတစ်ခုဖြစ်နေပါတယ်။
မြို့နယ်မှာ တရားဝင်ရပ်ကွက်ကြီး ၂၀ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ကိုးရွာ ရှိတယ်။
အိမ်အမှတ်၊ သန်းခေါင်စာရင်းနဲ့ နေထိုင်သူက ၂၀၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက်ပိုင်းကစပြီး အနယ်နယ်အရပ်ရပ်ကနေ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းလာရောက် နေထိုင်ကြပြီး တရားမဝင်ကျူးကျော် ရပ်ကွက်တွေလည်း အများအပြား ပေါ်ပေါက်လာတယ်။
သန်းခေါင်စာရင်းအရ လှိုင်သာယာမှာ လူဦးရေ ၆၈၄,၇၀၀ ရှိနေပြီလို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှ သိရပါတယ်။
တရားမဝင်ကျူးကျော်နေထိုင်သူတွေနဲ့ တရားဝင်နေထိုင်သူတွေ တစ်ဝက်စီ ရှိနေတယ်လို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရတယ်။
အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေအနေနဲ့ ကိုယ့်အသက် အိုးအိမ်စည်းစိမ်ကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေရပြီး ကျူးကျော်ရပ်ကွက်တစ်ရပ်ကွက်စီမှာ ကိုယ့်ရပ်ကွက်ကို စောင့်ရှောက်ဖို့၊ ရဲနဲ့ အခြားပြင်ပအန္တရာယ်တွေကို ကာကွယ်ဖို့ဆိုပြီး အဖွဲ့တွေဖွဲ့ထားလေ့ ရှိပါတယ်။
သူတို့ထဲကမှ ငွေအင်အားတောင့်တင်းပြီး မိုက်ရဲ ကြမ်းရဲသူက ရပ်ကွက်လူမိုက်အဖြစ် နာမည်ကြီးလာပါတယ်။
(၅)ရပ်ကွက်၊ ပီမိုးနင်းလမ်းထဲမှာရှိတဲ့ စတားစီးတီးကုမ္ပဏီပိုင်မြေကွက်မှာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး ကျူးကျော် နေထိုင်လာခဲ့ကြတာ အခုဆိုရင် အိမ်ခြေ ၃,၀၀၀ ကျော်လောက်နဲ့ စည်ကားနေပါတယ်။
အဲဒီကျူးကျော်ရပ်ကွက်ထဲမှာ အရက်ဆိုင်နဲ့ လောင်းကစားဝိုင်းတွေ ကြီးစိုးနေသလို ဝင်ရောက်နေထိုင်သူတွေကလည်း လူမိုက်တွေရဲ့အုပ်ချုပ်မှုအောက်မှာ နေရတယ်လို့ နေထိုင်သူ မနုနုခိုင်က ဆိုပါတယ်။
"ကျွန်မ မောင်နဲ့ ညီမကို ဩဂုတ်လ ၁၈ ရက်နေ့ နေ့ခင်းကြီး ဒီက လူမိုက်က သူ့တပည့် ငါးယောက်နဲ့ဓားတွေ ကိုင်ပြီးတော့ လာဆဲတယ်။ အိမ်ထဲက ဆွဲထုတ်ပြီး လမ်းပေါ်မှာ ရိုက်နှက်ကန်ကျောက်လုပ်လို့ ရဲစခန်းမှာ အမှုသွားဖွင့်တာ ခံရတဲ့သူက အမှုဖွင့်လို့မရဘဲ ဓားကိုင်ရမ်းကားသူက အမှုပြန်ဖွင့်တယ်။ အဲဒီ လူမိုက်အုပ်ချုပ်နေတဲ့ ရပ်ကွက်ထဲနေပေမယ့် သူတို့နဲ့ ကျွန်မတို့ လူမှုရေး၊ စီးပွားရေး ပတ်သက်မှု ကင်းတယ်။ ဒါပေမဲ့ ကျွန်မတို့ လူမှုရေး လုပ်ငန်းတွေ ရပ်ကွက်အတွင်း သာရေး၊ နာရေးတွေကိုတော့ အရပ်ဘက်လူမှုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နေတယ်။ ဒါကြောင့် ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ အတော်သင့် မြတ်တယ်၊ ဒါကိုမကျေနပ်လို့ လူစွာမလုပ်နဲ့ဆိုပြီး လာပါဝါပြတယ်ထင်တယ်"လို့ သူက သူ့ရဲ့ဖြစ်ရပ်ကို ပြောပြတယ်။
လူမိုက်လို့ နာမည်ထွက်သူတွေကို ဖမ်းစီးအရေးယူမှု အပိုင်းတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့မရဲစခန်းက တာဝန်ရှိသူကို မေးမြန်းကြည့်တဲ့အခါ နာမည်ထွက်လာရင် ကျော်စောမှုနဲ့ ဖမ်းဆီးနိုင်ဖို့ အဲဒီသူရဲ့ နောက်ကြောင်း ရာဇဝင်ကို ပြန်ကြည့်ကာ နာမည်သာ ထွက်ပြီး ပြစ်ချက်ဟောင်းမရှိရင် သတိပေးတာမျိုးသာ ပြုလုပ်တယ်လို့ ဆိုပါတယ်။
လာရောက်တိုင်တန်းခြင်း မရှိရင်လည်း အရေးယူဆောင်ရွက်မှုတွေ ပြုဖို့ ခက်တယ်လို့ ဆိုပါတယ်။
တချို့ကလည်း လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးမှာ စိုးရိမ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပုံကြီးချဲ့နေကြောင်းနဲ့ နာမည်ထွက်နေတဲ့ လူမိုက်နာမည်ကို အလွဲသုံးပြီး ဘယ်သူ့ တပည့်ဆိုကာ စသဖြင့် လုပ်စားတာတွေလည်း ရှိကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူကို အကူအညီယူပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရတာ၊ ထောက်လှမ်းရတာမျိုး ရှိပေမယ့် လူမိုက် လက်ထဲ ပြည်သူကို အပ်ပြီး အုပ်ချုပ်ခိုင်းတာ မရှိဘူးလို့ သူက ပြောပါတယ်။
တစ်ဖက်မှာလည်း တရားမဝင်ကျူးကျော်နေကြတဲ့သူတွေမို့ တာဝန်ရှိသူတွေက အစစအရာရာ လိုက်လံဆောင်ရွက်ပေးနေရင် အဲဒီနေရာကို တရားဝင်ရပ်ကွက်တစ်ခုအဖြစ် ထင်သွားနိုင်တယ်လို့ လှိုင်သာယာ ရဲစခန်းက ရဲမှူးဦးစီးက ဆိုပါတယ်။
တရားမဝင်နေထိုင်သူတွေဖြစ်တာကြောင့် စိတ်လုံခြုံမှုလည်း မရရှိဘဲ ရဲကိုတွေ့တာနဲ့ သူတို့ဘက်ကလည်း အရင်ရန်ပြုဖို့ ကြိုးစားတာတွေလည်း ကြုံရတယ်လို့ သိရပါတယ်။
"သူတို့တွေကလည်း ကောလာဟလဆို အင်မတန်ယုံကြပါတယ်၊ ဥပဒေအရ လုံး၀ စောင့်ရှောက်မှု မပေးတာတော့ မဟုတ်ပါဘူး။ လာတိုင်ရင် အမှုဖွင့်ပေးတာပဲ။ အကာအကွယ်ရပါတယ်။ ဒါပေမဲ့ သူတို့နဲ့တော့ ရဲကလည်း သွားပူးလို့ မရနိုင်ဘူး။ တစ်နေ့တစ်နေ့ စခန်းမှာလည်း အမှုတွေ မနည်းပါဘူး" လို့ သူက ပြောပါတယ်။
လှိုင်သာယာမှာ အိမ်ခန်းကျဉ်းလေးတွေ အများအပြားရှိပါတယ်။
တချို့အိမ်ခန်းတွေက ရှစ်ပေပတ်လည်၊ တချို့အိမ်ခန်းတွေက ၁၀ ပေပတ်လည်၊ တစ်ခန်းနဲ့ တစ်ခန်း ဝါးထရံ တစ်ချပ်ပဲ ခြားသလို အဲဒီ အိမ်ခန်းတွေမှာ မိသားစုတွေ၊ လင်စုံမယားဖက် သားပျို၊ သမီးပျိုတွေ အကုန်စုစည်းနေထိုင်ကြတာတွေ ရှိပါတယ်။
ဒီနေရာတွေကလည်း အမှုအခင်းတွေများစွာ ဖြစ်ပေါ်ဖို့ အားပေးနေပါတယ်။
"တစ်ခန်းနဲ့ တစ်ခန်း အသက်ရှူသံ တောင်ကြားနေကြရတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းတွေလည်း လှိုင်သာယာမှာ ထုနဲ့ဒေးနဲ့ပဲ"လို့ ရတနာ့မေတ္တာအခမဲ့ ရှေ့နေ အကျိုးဆောင် အထက်တန်းရှေ့နေ ဒေါ်သက်သက်ဝါက ပြောပါတယ်။
ကျူးကျော်ကို ထိန်းချုပ်နိုင်ဖို့နဲ့ အမှုအခင်းတွေ လျှော့ချနိုင်ဖို့ လူဦးရေစာရင်း အတိအကျရအောင် ကောက်ယူတာ၊ ဧည့်စာရင်းတိုင်ကြားတာ၊ မှတ်တမ်းယူတာတွေ လုပ်ချင်ပေမယ့် အဲဒီလိုပြုလုပ်လိုက်ရင် ကျူးကျော်နေထိုင်သူတွေက အခွင့်အရေးယူပြီး အတည်နေထိုင်ခွင့်ရအောင် ပြုလုပ်မှာကို တာဝန်ရှိသူတွေဘက်က စိုးရိမ်စိတ်တွေရှိတာမို့ စာရင်းကောက်ဖို့ အကောင်အထည် မဖော်နိုင်သေးပါဘူး။
"မှုခင်းတစ်ခုဖြစ်ရင် လူဦးရေ မစိစစ်ထားတော့ အခက်အခဲရှိတယ်၊ အဆောင်တွေကလည်း တအားများပြီး ပျံကျရွှေ့ ပြောင်းနေထိုင်သူတွေမှာ ပြစ်မှုကျူးလွန်တာတွေ ပိုများတယ်။ နောက်ပြီး ဒီမှာ ရပ်ကွက်ကျေးရွာ သာယာစိုးမိုးရေးက ပြည်သူရော အခြားအုပ်ချုပ်ရေးအဖွဲ့တွေရော ပူးပေါင်းမှ၊ အခုက အကုန်ရဲတာဝန် ချည်းပဲဖြစ်နေတယ်"လို့ ရဲမှူးဦးစီးက ပြောပါတယ်။
လှိုင်သာယာရဲ့ လူဦးရေအချိုးအစားအရ လူ ၄,၀၀၀ ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းနဲ့ ထိန်းသိမ်းနေရပါတယ်။
နိုင်ငံတကာစံနှုန်းအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လူ ၄၀၀ နှုန်းပဲ ကာကွယ်ပေးရတာဖြစ်ပြီး ကာကွယ်မှုခံယူသူတိုင်းကလည်း အခြေခံဥပဒေကို နားလည်ထားကြတယ်လို့ ဆိုတယ်။
"ဒီမှာက အခြေခံဥပဒေနားလည်ဦးတော့ အခြေအနေတွေက ဥပမာ လူမှုရေး ဒုက္ခတွေ၊ စီးပွားရေး အဆင်မပြေမှုတွေ၊ မိသားစု စားဝတ်နေရေးတွေက သူတို့ကို မကြောက်မရွံ့ လုပ်ဖြစ်အောင်ကို တွန်းအားပေးနေတယ်"လို့ ရဲမှူးဦးစီး ကပြောပါတယ်။
လူဦးရေ ၇၀၀,၀၀၀ နီးပါး ရှိနေပြီဖြစ်တဲ့ လှိုင်သာယာလိုမြို့နယ်အတွက် ရဲတပ်ဖွဲ့အင်အားက တိုးချဲ့ဖို့လိုနေပြီလို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဉာဏ်လင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လှိုင်သာယာ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးက မြို့နယ်လူဦးရေနဲ့ ရဲအင်အားမမျှတပုံကို တင်ပြပြီး ရဲတပ်ဖွဲ့ အင်အားတိုးချဲ့ဖို့ ရဲစခန်းတစ်ခု ထပ်မံဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ကတော့ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ ပြည်ထဲရေးကို တင်ပြသွားဖို့ စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
လှိုင်သာယာမြို့မရဲစခန်းက ရဲမှူးဦးစီးကလည်း ရဲတပ်ဖွဲ့ဝင်အင်အား တောင့်တင်းဖို့ အဓိက ကျနေတယ်လို့ ပြောပါတယ်။
"ဥပဒေစိုးမိုးမှုပေါ်မူတည်ပြီး လူမှုဘဝတွေ အေးချမ်းဖို့အတွက် ဆောင်ရွက်ရင် အင်အားကလည်း အဓိကကျတယ်၊ မနိုင်မနင်းလုပ်ရင် အောင်မြင်နိုင်ခြေနည်းပါးတယ်၊ ရဲတပ်ဖွဲ့ဘက်လည်း မြို့နယ်အတွင်း ဆောင်ရွက်စရာရှိတာတွေကို မြို့နယ်ရဲမှူးကိုယ်တိုင်ဦးစီးပြီး စီမံချက်တွေချပြီး လုပ်နေတယ်၊ အမှုအခင်းဖော်ထုတ်မှုအပိုင်း၊ ကြိုတင်ကာကွယ်မှု အပိုင်းတွေလည်း လုပ်နေတယ်၊ အသိပညာပေးတယ်၊ ဟောပြောပွဲတွေ လုပ်ပေးတယ်၊ ဒါပေမဲ့ ကိုယ်တွေလည်း အင်အားမနိုင်သလို သူတွေဘက်လည်း လိုက်ပါလုပ်ဆောင်နိုင်မှု အရမ်းနည်းနေပါသေးတယ်"လို့ သူက ပြောပါတယ်။
လှိုင်သာယာ မီးခွက်ဈေးအောက်ထိပ် ဆိုင်ကယ်ကယ်ရီဂိတ် ရိုက်ပွဲကတော့ ဝင်ရောက်ဆွဲကူ ဖျန်ဖြေသူတွေလည်း မရှိပါဘူး။
ရိုက်နှက်နေရင်းက အတင်းထွက်ပြေးတဲ့အတွက် နှစ်ဦးကတော့လွတ် မြောက်သွားပါတယ်။
ပြေးတဲ့သူနောက် လိုက်သူလိုက်တယ်၊ ကျန်နှစ်ယောက်ကိုပဲ ဝိုင်းဖိပြီး ရိုက်သူတွေကလည်း ရိုက်ကြပါတယ်၊ နာကျင်လို့ အော်တဲ့အသံ၊ မရိုက်ဖို့နဲ့ ရဲကိုမြန်မြန်ခေါ်ပေးဖို့ တောင်းပန်တဲ့ အသံတွေလည်း စိတ်မချမ်းမြေ့ဖွယ်ရာ ကြားမြင်နေကြရပေမယ့် လူအများစုကတော့ အမြန် ကျောခိုင်းပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြပါတယ်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ