By Khun Sai Seng, Shweproperty.com
Updated at 21 June 2021
ခေတ်သစ်လူနေမှုပုံစံက အလုပ်များလွန်းတာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် လစ်လျူရှုထားမိတတ်ကြပါတယ်။ ပုံမှန်အိပ်ချိန်မရှိတာ၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တာ၊ အာဟာရပြည့်ဝအောင် မစားတာတွေက ကိုယ်ခံအားကျဆင်းလာစေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်နေအိမ်မှာပဲ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမယ့်အပြင်အဆင်လေးတွေကို ဖန်တီးလို့ ရပါတယ်။ ၁။ အိပ်စက်ခြင်း ကုတင်ဘေးစားပွဲပေါ်က ပစ္စည်းတွေကို ရှင်းပစ်လိုက်ပါ – ကျန်းမာရေးကောင်းဖို့ အိပ်ရေးဝဖို့လိုတယ်ဆိုပေမယ့် အလုပ်များတဲ့ လူနေမှုပုံစံကြောင့် မကြာခဏအိပ်ရေးပျက်လေ့ရှိပါတယ်။ အိပ်ခန်းဆိုတာ တည်ငြိမ်အေးချမ်းပြီး အိပ်ရာဝင်ရတော့မယ်လို့ ခန္ဓာကိုယ်ကိုအချက်ပြနိုင်တဲ့ နေရာပြရပါမယ်။ အိပ်ခန်းထဲမှာ တည်ငြိမ်တဲ့အငွေ့အသက်တစ်ခုကို ဖန်တီးဖို့ အိပ်ရာဘေးက စားပွဲကို အရင်ရှင်းပြီး မလိုတာတွေကိုဖယ်ထုတ်လိုက်ပါ။ ဖတ်ပြီးသားစာအုပ်တွေ၊ မဂ္ဂဇင်းဟောင်းတွေ၊ မသုံးတော့တဲ့လက်လိမ်းလိုးရှင်းတွေ အစရှိတဲ့ပစ္စည်းတွေအားလုံးပါတယ်။ မီးအိမ်၊ စားပွဲတင်နာရီ၊ ကိုယ်ချစ်ရတဲ့သူရဲ့ဓာတ်ပုံ၊ ပန်းအိုးငယ်တစ်လုံး၊ စာအုပ်တစ်အုပ်လောက်ပဲထားရင်ရပါပြီ။ အိပ်ရာဘေးကစားပွဲပေါ်မှာ ပစ္စည်းနည်းပြီး ရှင်းလင်းနေရင် အကောင်းဆုံးပါပဲ။ ၂။ လေ့ကျင့်ခန်းလုပ်ခြင်း လေ့ကျင့်ခန်းလုပ်တဲ့ အဝတ်အစားနဲ့ ပစ္စည်းကိရိယာတွေအတွက် သီးသန့်နေရာလုပ်ပါ – တစ်ပတ်ကိုအကြိမ်ပေါင်းများစွာ လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ ရည်မှန်းထားတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အဝတ်အစားနဲ့သဘက်တွေအတွက် နေရာသီးသန့်တစ်ခုလုပ်ဖို့ စဉ်းစားပါ။ အဝတ်အစားရှာဖွေနေဖို့ အချိန်ပေးစရာမလိုတော့အောင် အားလုံးကိုတစ်နေရာတည်းမှာ စုထားပါ။ မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် ရတဲ့တစ်မိနစ်လောက်လေးကိုလည်း အိပ်နေချင်သေးတယ်ဆိုရင် ဒီလိုအချိန်မကုန်တဲ့နည်းက အကောင်းဆုံးပါပဲ။ အလားတူပဲ ယောဂဖျာ၊ အလေးတုံးတွေ၊ လေ့ကျင့်ခန်းဘောလုံးတွေနဲ့ တီဗီကို တစ်နေရာတည်းမှာပဲ စုထားပါ။ နေကာမျက်မှန်၊ ဦးထုပ်၊ လက်အိတ်၊ နားကြပ်၊ နေရောင်ကာခရင်မ်လို အပြင်ထွက်ရင် ယူသွားရမယ့်ပစ္စည်းတွေကို အိမ်အဝင်ဝက အံဆွဲထဲမှာစုထည့်ထားတာ အကောင်းဆုံးပါပဲ။။ ခန်းမမှာ လေ့ကျင့်ခန်းသွားလုပ်တတ်တဲ့သူဆိုရင် လေ့ကျင့်ခန်းအိတ်တစ်ခုထဲမှာ ရေချိုးခန်းသုံးပစ္စည်းတွေကို တစ်ခါတည်းစုထည့်ထားပါ။ ဒီပစ္စည်းတွေကို လျှော်ဖွပ်ပြီးရင်လည်း အားကစားခန်းမ သွားရင်ယူသွားမယ့် အိတ်ထဲကို ချက်ချင်းပြန်ထည့်ဖို့ အမေ့ပါနဲ့။ ၃။ အာဟာရဓာတ်ပြည့်ဝစွာစားသုံးခြင်း ရေခဲသေတ္တာနဲ့ မီးဖိုချောင်ကိုရှင်းလိုက်ပါ – ဟင်းတစ်ခွက်လုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေအများကြီးကို ရှာဖွေနေရတယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလျာကိုဖန်တီးဖို့ အချိန်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ လွယ်ကူပြီး အာဟာရဓာတ်မပြည့်ဝတဲ့ဟင်းလျာတွေကိုပဲ ရွေးချယ်ချက်ပြုတ်မိသွားပါလိမ့်မယ်။ ဒါကြောင့်ရေခဲသေတ္တာထဲမှာ ပစ္စည်းတွေအများကြီးနဲ့ ရှုတ်ထွေးမနေပါစေနဲ့။ မကောင်းတော့တဲ့ အစားအသောက်တွေကို လွှင့်ပစ်လိုက်ပြီးရင် ကျန်တဲ့ပစ္စည်းတွေကို ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားငါး၊ ဟင်းအရသာဖြည့်စွက်ပစ္စည်းတွေနဲ့ မနက်စာဆိုပြီး အမျိုးအစားခွဲခြားထားလိုက်ပါ။ ကိုယ်အများဆုံးစားတတ်တာက ဟင်းသီးဟင်းရွက်သုတ်တွေဆိုရင် အသုတ်ထဲမှာထည့်မယ့်ပါဝင်ပစ္စည်းတွေကို လင်ဗန်း သို့မဟုတ် ခြင်းငယ်တွေထဲမှာ တခါတည်း ထည့်ထားလိုက်ပါ။ အလားတူပဲ ဆန်းဒွစ်ရှ်နဲ့ အသီးဖျော်ရည်တွေအတွက်လည်း ထည့်မယ့် ပစ္စည်းတွေကိုတစ်အုပ်စုစီသီးသန့် ခွဲခြားထားလို့ရပါတယ်။ ကျန်းမားရေးနဲ့ မညီတာတွေကို လွှင့်ပစ်လိုက်ပါ – ကိုယ့်ကိုဖျားယောင်းနေတဲ့ အရာတွေများနေရင် အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်ရခက်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရည်မှန်းချက်နဲ့ မကိုက်တဲ့ အစားအသောက်တွေကိ တခါတည်း စွန့်ပစ်လိုက်ပါ။ အဲဒီထဲကမှ စားလို့ရသေးတဲ့ ပစ္စည်းတွေကို လုံးဝလွှင့်ပစ်တာမျိုးမဟုတ်ဘဲ မရှိဆင်းရဲသားတွေအတွက် လှူဒါန်းလိုက်ပါ။ အဖုံးဖွင့်ထားပြီးပေမယ့် သက်တမ်းကုန်သွားတဲ့ အစားအသောက်တွေဆိုရင်တော့ ဘူးခွံတွေသုံးလို့ ရသေးရင် ပြန်သုံးပါ။ ဈေးဝယ်တဲ့ အလေ့အကျင့်ကို ပြင်ပါ – ပစ္စည်းတွေကို တခါတည်းဝယ်တဲ့အခါ အပိုရအောင် တခါတည်း စုပြီးဝယ်လေ့ရှိတဲ့အကျင့်က တကယ်ရော အသုံးဝင်ရဲ့လား။ တကယ်ချွေတာရာ ရောက်ပါရဲ့လား။ အများကြီးဝယ်ထားပြီးမှ သက်တမ်းကျော်သွားလို့ စားလို့မရတော့တဲ့ အစားသောက်တွေပုံနေမယ်ဆိုရင် တစ်ခါတည်းနဲ့ အများကြီးဝယ်တတ်တဲ့အကျင့်က ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ဥပမာ- ဆလက်ရွက် ၅ ပေါင်ကို ၅ ဒေါ်လာနဲ့ ဝယ်လာပြီး ၂ ပေါင်လောက်ပဲ ကုန်အောင်စားနိုင်မယ်။ ကျန်တဲ့ဟာက နွမ်းသွားမယ်ဆိုရင် ၂ ပေါင်ကို ၃ ဒေါ်လာနဲ့ ဝယ်လိုက်တာက အကောင်းဆုံးပါပဲ။ ကိုယ့်ရေခဲသေတ္တာထဲမှာ နေရာချွေတာရာရောက်သလို ပိုက်ဆံလည်း ချွေတာပြီးသားဖြစ်သွားပါလိမ့်မယ်။ ၄။ အားလပ်ချိန် ရှုပ်ပွနေတာတွေကို ရှင်းဖို့ အချိန်ပေးပါ – စိတ်ပျော်ရွှင်မှုအတွက် ကိုယ့်အတွက်ကိုယ်သီးသန့်အချိန်ပေးသင့်တယ်ဆိုပေမယ့် တကယ်တမ်းအချိန်ဆိုတာ ရှာဖွေဖို့ အရမ်းခက်ခဲပါတယ်။ ကလေးတွေ ငယ်သေးရင် ပိုဆိုးပါတယ်။ အဲ့ဒီကြားကမှရတဲ့ ရှားရှားပါးပါးအချိန်လေးမှာ ကိုယ်ဘာလုပ်မယ်ဆိုတာ သေချာစဉ်းစားပါ။ အိမ်ရှင်းမှာလား။ လေ့ကျင့်ခန်းလုပ်မှာလား။ စာအုပ်ဖတ်မှာလား။ ဈေးဝယ်ထွက်မှာလား။ အချိန်မဖြုန်းမိအောင် ရွေးချယ်နေတဲ့ကြားကပဲ ဘာမှမလုပ်လိုက်ရဘဲ အချိန်ကုန်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ ကိုယ်အားတဲ့အချိန်တွေကို ပြက္ခဒိန်ပေါ်မှာ သေချာရေးချလိုက်ပါ။ အဲ့ဒီအချိန်မတိုင်ခင် ဘာလုပ်မယ်ဆိုတာကို အပြီးစဉ်းစားပါ။ အဲဒီလိုမှပဲ ဖြစ်နိုင်ခြေတွေနဲ့ အချိန်ကုန်မသွားတော့မှာပါ။ အိမ်ထဲမှာ ရှုပ်ထွေးနေတာကြောင့် ကိုယ့်အားလပ်ချိန်မှာ အပန်းမဖြေနိုင်ဘူးဆိုရင် ဒီအားလပ်ချိန်မှာပဲ ရှုပ်နေတာတွေကိုရှင်းပစ်လိုက်ပါ။ ရှင်းလင်းတယ်ဆိုတာ လူပင်ပန်း၊ စိတ်ပင်ပန်းတဲ့အပြင် အချိန်လည်းပေးရတာကြောင့် ဖြည်းဖြည်းချင်းပဲ လုပ်သွားပါ။ ကိုယ့်ပစ္စည်းတွေကို လွှင့်ပစ်မလား၊ သိမ်းထားရမလားဆိုတာ တစ်ရက်ကို ၁၅ မိနစ်လောက် အချိန်ပေးပြီး ဆုံးဖြတ်နိုင်တယ်ဆိုရင်တောင် အခြေအနေကောင်းနေပါပြီ။ တစ်ခါတစ်လေ ရုပ်ပိုင်းဆိုင်ရာရှင်းလင်းမှုက စိတ်ရှုပ်ထွေးမှုတွေပါ ဖြစ်လာတတ်ပါတယ်။ ရှုပ်နေတာတွေကို ရှင်းပြီးပြီဆိုရင် ကိုယ့်အတွက် သီးသန့်အပန်းဖြေဖို့ အချိန်ထပ်ပေးပါ။ တစ်ယောက်တည်းရှင်းလင်းရခက်နေတယ်ဆိုရင် နေအိမ်တွင်းမှာ စီမံခန့်ခွဲပေးတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ငှားရမ်းနိုင်ပါတယ်။ ဒီလိုပညာရှင်တွေက ကိုယ့်ရည်မှန်းချက်အတိုင်းလည်းဖြစ်အောင်လုပ်ပေးနိုင်တယ်။ ကိုယ့်ဆုံးဖြတ်ချက်ကိုဝင်မစွက်ဖက်ဘဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်အောင် လမ်းညွှန်နိုင်တယ်။ ကိုယ့်ရဲ့နေ့စဉ်လူနေမှုဘဝပုံစံအတွက် သီးသန့်နေရာလေးတွေလည်းဖန်တီးပေးနိုင်ပါတယ်။ နောက်ပြီး အတူတူပူးပေါင်းလုပ်ဆောင်ခြင်းက ပန်းတိုင်ကို မြန်မြန်ရောက်စေပါတယ်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နိမိတ်ကောင်းများ ရောင်ပြန်ဟပ်စေမည့် အိမ်ခန်း မှန် ချိတ်ဆွဲနည်း နေအိမ်အလှကို ဖျက်ဆီးစေနိုင်သော အသုံးအဆောင်ပစ္စည်းများ သင့်အိမ်စီးပွားရေးအခြေအနေသည် နေအိမ်မျက်နှာမူရာအရပ်ပေါ်မူတည်နေပုံ Credit: MM Home Decor Posted By : Khun Sai Seng (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ