အဆောက်အုံတစ်ခုတွင် စတင်ဆောက်လုပ်စဉ်နှင့် ပြန်လည်ပြုပြင်မွမ်းမံခြင်း သို့မဟုတ် အိမ်အတွင်းပိုင်းအလှဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ကျွန်တော်တို့ထင်ထားသည်ထက်များစွာငွေကုန်ကြေးကျတတ်လှလွန်းသည်ဖြစ်ရာ မိမိကိုယ်တိုင်ထိန်းချုပ်နိုင်မှသာ အကုန်အကျသက်သာမည်ဖြစ်ပါတယ်။ ဖြစ်နိုင်သမျှ စေ့စပ်နိုင်မှသာ တော်ကာကျမည်ဟု ဆိုချင်ပါသည်။ ယခုဆောင်းပါးတွင် Decoration ဆောင်ရွက်ရာတွင် အကုန်အကျချွေတာနိုင်စေမည့် နည်းလမ်းများကို ဆွေးနွေးတင်ပြချင်ပါသည်။
 
ပထမဦးဆုံးပြောချင်တာ Decoration လုပ်ငန်း မစတင်မီဖြစ်နိုင်ချေရှိသော ချွေတာရေးနည်းလမ်းကောင်းများကို မိမိမိတ်ဆွေဆီမှ၊ အခြားလုပ်ငန်း လုပ်ဖူးသူများထံမှ ရှာဖွေစုဆောင်းပါ။ ဆောင်လုပ်ရေးကန်ထရိုက် တစ်ယောက်ယောက်နှင့် လုပ်ငန်းအပ်စာချုပ်မချုပ်မီ အစောပိုင်းကနဦး အစီအစဉ်ရေးဆွဲစဉ်ကပင် မိမိဖြစ်လိုသောတည်ဆောက်မှု စရိတ်ပမာဏကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး နည်းလမ်းများကို ရယူရပါမည်။
 
တိုင်ပင်တယ်ဆိုရာမှာလည်း မိမိကန်ထရိုက်ကို ငွေကုန်ကြေးကျသက်သာရရုံသာမကဘဲ လုပ်ငန်းကိုင်စဉ်အတောအတွင်း ကြန့်ကြာစေတတ်သော အကြောင်းအရာများ ဥပမာအားဖြင့် ကိုယ့်ဖွင့်မယ့်ဆိုင်ခန်းက ဆိုင်နေရာငှားရမ်းထား ရတယ်ဆိုလျှင် မှုလပိုင်ရှင်နှင့် မပြီးပြတ်သေးသော ကိစ္စရပ်များ၏ ညှိနှိုင်းမှုအပြီးသတ် မဆောင်ရွက်နိုင်သေးခင်ဆက်ကြား လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုများအတွက်ပါ ထည့်သွင်းစဉ်းစားထားမိဖို့လိုပါသည်။ မိမိဘက်က နောက်ကြောင်းရှင်းနေလျှင်တော့ ကိစ္စ မဟုတ်ပါ။ သို့မဟုတ်ပါက လုပ်ငန်းများ အရှိန်မပျက်မဝင်နိုင်တော့ဘဲ မိမိကန်ထရိုက်တာရော မိမိပါ နှစ်ဦးနှစ်ဘက်အကျိုးမရှိ ဖြစ်ရတတ်ပါသည်။

အိမ်အတွင်းပိုင်းအလှဆင်လုပ်ငန်းမျိုးသည်လုပ်ငန်းမစတင်မီကတည်းက ရာနှုန်းပြည့်အသေးစိတ်ကိုကြိုတင်သိရှိကောက်ချက်ချထားလို့ ရရိုးထုံးစစံတော့မရှိတာ အသေအချာပါ။ သို့ပင်သော်ငြားလည်း တက်သိကျွမ်းကျင်သောကုမ္ပဏီ ဒါမှမဟုတ် ကန်ထရိုကတာတစ်ဦးဦးနှင့် ကြိုတင်ညှိနှိုင်းခြင်းက မိမိကြိုတင်တွေးဆမထားမိသော ကိစ္စတော်တော်များများကို ရှောင်ကွင်းမိလျက်သားဖြစ်သွားစေပါသည်။
 
Decoration မှာ ကုန်ကျစရိတ်ကို အထိုက်အလျောက်ကျုံ့သွားစေနိုင်မည့် အဓိကနည်းလမ်းများမှာ-
 


(၁) ကိုယ်ကဘယ်လိုမျိုးရချင်တာလဲ
 
တကယ်တမ်းမှာတော့ ယခုအချက်က လေးလေးနက်နက်တွေးစရာတစ်ခုဖြစ်ပါသည်။ ကိုယ်မည်သည့်ပုံစံ၊ မည်သည့် အနေအထားမျိုးလိုချင်သည်ဆိုတာ တိတိပပသိထားမှသာ ကန်ထရိုက်ဘက်ကလည်း ကိုယ်လိုချင်တဲ့ပွိုင့်ကို အရောက်ပို့ပေးနိုင်မှာဖြစ်တာကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတတ်သော အပြောင်းအလဲများအပေါ် အာရုံမရောက်စေမှာပဲဖြစ်ပါသည်။ တစ်ခါက မိသားစုလေးယောက်ရှိသောအိမ်တစ်ခုကို Decoration ဝင်ရပါသည်။ Decoration ကုမ္ပဏီက လုပ်ငန်းစတင်သည့်နေ့တွင် ဖခင်ဖြစ်သူအပ်နှံထားသည့် လုပ်ငန်းဆောင်တာများအတိုင်း လုပ်ကိုင်ဆောင်ရွက်ရင် သားဖြစ်သူက ဘယ်လိုပုံစံမျိုး ရချင်သည်။ နောက်သမီးက ဘယ်နေရာလေးမှာ ဘာလေးရချင်တယ် စသည်ဖြင့် တစ်ယောက်တစ်မျိုးဖြစ်လာရာ ကုမ္ပဏီကဒီဇိုင်နာမှာလည်း အကြီးအကျယ်ဒုက္ခရောက်ပါတော့သည်။ ခြုံငုံသုံးသပ် ရေးဆွဲလာသောစိတ်ကူးအာရုံများ တစ်ပိုင်းတစ်စစီဖြစ်သွားပြီး နောက်ပိုင်း ဒီဇိုင်နာကလည်း ခေါင်းရှုပ်ခံစဉ်းစာပေးမနေတော့ဘဲ ညှိမရသည့်အဆုံး ကုမ္ပဏီအလုပ်ဖြစ်ရေးကို သာဦးတည်ပြီး တစ်ယောက်တစ်ပေါက်သော စိတ်ကူးများကိုသာ အတွန့်မတတ်ရေးဆွဲလုပ်ကိုင်ပေးလိုက်တာမျိုးရှိပါသည်။
 
(၂) သိထားအပ်သော အကြမ်းဖျင်းကုန်ကျစရိတ်
 
ဒါကတော့ ဈေးနည်းနည်းပိုပေးရကာမှ ပိုးပေးရရော။ အကောင်းဆုံးဆောက်လုပ်ပေးနိုင်မည့် ကန်ထရိုက်ကိုရှာပြီး အပ်နှံပါ။ ကိုယ့်ကို ဆောက်လုပ်ပေးမယ့် လူကကိုယ်နှင့် ရင်းနှီးပြီးသားဆိုပါက ပိုမိုသင့်တော်ပါသည်။ သို့မှသာ ကိုယ်မမြင်သာတဲ့ ပြဿနာများ ကြန့်ကြာနိုင်မှုများ အကျိုးဆက်ဖြစ်ပေါ်လာမယ့် ကိစ္စအ၀၀ကို တစ်ရင်းတစ်နှီး တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်တဲ့အပြင် နောက်ဆုံး ကိုယ်ဈေးဆစ်တယ်ဆိုတာတောင် ကြည်ကြည်ဖြူဖြူနှင့် နားလည်လက်ခံပေးနိုင်မှာ ဖြစ်ပါသည်။
ဒီဇိုင်နာဆိုလျှင်လည်း မိမိလက်ခံနိုင်သော ကုန်ကျစရိတ်ကို ချပြထားခြင်းဖြင့် အတွင်းပိုင်း Decoration အစိတ်အပိုင်းများကို ဈေးသက်သာမှုနှင့် ထည်ဝါမှုလည်းရှိအောင်၊ ဘောင်ထဲကနေစိတ်ကူးပြီး ရေးဆွဲဖန်တီးပေးနိုင်မှာဖြစ်ပါသည်။ အထူအပါးလျော့ချခြင်း ဈေးနှုန်းသင့်တင့်ပြီး ဒီဇိုင်းအပေါ်မထိခိုက်သော လှပသေသပ်သည့် ကုန်ပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်းစသည်ဖြင့် တစ်စုံတစ်ရာပြုလုပ်ပေးနိုင်မည်မှာ အမှန်ပါပဲ။ အပြန်အလှန်အားဖြင့် ဒီဇိုင်နာ၏ စိတ်ကူးများစွာကို စာရွက်ပေါ်မှာတင် အကြမ်းဖျင်းကာလပေါက်ဈေး မည်၍ မည်မျှရှိသည်ကို ကြိုတင်သိထားအပ်ပါသည်။ တစ်ခုအရေးကြီးတာ ကိုယ်သုံးမည့်ကုန်ပစ္စည်းတိုင်းသည် ဖြစ်နိုင်သလောက် ဈေးသက်သာသာကိုသာ ရွေးချယ်ပါ။
 
အမှန်တော့ Decoration တစ်ခု၊ အိမ်ရာတစ်ခုပြင်ဆင်ဆောက်လုပ်တယ်ဆိုသည်မှာ လွယ်တယ်တော့ မဟုတ်ပါ။ စိတ်ရှုပ်စရာအကြောင်းအရာများ နောက်ထပ်ပေါ်လာတတ်တာမျိုးဖြစ်တာကြောင့် အခြေခံအကျဆုံးဖြစ်တဲ့ ဈေးနှုန်းနှင့် ကုန်ကျစရိတ်ကိုအသေးစိတ်မဖြစ်နိုင်တောင်မှ အကြမ်းဖျင်းလောက်သိထားနိုင်မှသာ ခုသာခံသာမှာဖြစ်ပါသည်။ ထိုသို့မှ ခန့်မှန်းချိန်ဆမထားမိပါလျှင် လုပ်ငန်းမပြီးမချင်း တဖြည်းဖြည်းကျယ်ပြန့်လာမည့် ကုန်ကျစရိတ်ကြောင့် တစ်ပတ်နှင့်တစ်ပတ် အလျင်မမီနိုင်အောင်ဖြစ်တတ်ပါသည်။
 
(၃) စိုက်ထုတ်သုံးစွဲမည့်ငွေကြေးအပေါ်နားလည်ထားခြင်း
 
လုပ်ငန်းအပေါ်သုံးစွဲမည့် ငွေကြေးမှာ လူအတော်များများက အလုံးစုံစိုက်ထုတ်သုံးစွဲကြသည်ဖြစ်သော်လည်း၊ အချို့မှာမှု ဆောက်လုပ်ပြီး နောက်ပိုင်း ၎င်းမှပြန်လည်ရရှိလာမည့် အမြတ်အစွန်းကို ကြိုမြင်သုံးသပ်ပြီး အတိုးနှုန်းကြီးကြီးနှင့် ချေးငွေယူသုံးစွဲဆောက်လုပ်ကြသည်လည်းရှိပါတယ်။ အချို့လည်း တည်နေရာမြေ သို့မဟုတ် ဆိုင်ခန်းဟောင်းနေရာကို ငှားရမ်းဆောက်လုပ်မိခြင်းဖြင့် ဆောက်လုပ်ချိန်ကြာမြင့်သည့် အလျောက်၊ နောက်ကျောကတရိပ်ရိပ်တက်လာသော အတိုးနှုန်းများနှင့် နလံမထူ၊ လက်စမသိမ်းနိုင်ဘဲရှိတတ်၏။ ထို့ကြောင့် ကျောပူခေါင်းပူကင်းကင်းနှင့် ကိုယ်က တစ်နိုင်ဆောင်ရွက်မှုမျိုးကိုသာ ဦးစားပေးသင့်ပါတယ်။
 
(၄) စီမံခန့်ခွဲမှုအချိန်ကို သက်သက်ဖယ်ထားပါ
 
မည်သို့ ပင်တတ်နိုင်သလောက် ကုန်ကျစရိတ်ကိုချုံ့ချုံ့ပုံမှန်အားဖြင့် လုပ်ငန်းအားလုံး လက်ပေါ်ရောက်ပြီးစီးသည်အထိ အချိန်ကာလတစ်ခုတော့ ပေးရစမြဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကန်ထရိုက်တာ၊ ဗိသုကာ၊ အကူဝန်ထမ်းတွေဘက်က ကြိုတင်စီမံနိုင်မှုတွေ ဘယ်လောက်ပဲတော်နေပါစေ၊ တခါတရံ ကိစ္စတစ်ခုကို ဆွေးနွေးတာ၊ ဆုံးဖြတ်ချက်ချဖို့ တော်တော်နှင့်မဝံ့မရဲဖြစ်နေတာ ကိုယ်သုံးမယ့်ပစ္စည်းက ဆိုင်မှာမထင်မှတ်ဘဲ ရှာမတွေ့တာ၊ အဆုံးအဖြတ်ပေးမည့်သူက ရှောင်တခင်ခရီးထွက်သွားတာ စတဲ့ အချက်တွေကတော့ တစ်ခုမဟုတ်တစ်ခု မဖြစ်မနေကြုံတွေ့ရတတ်စမြဲမို့ ကိုယ်အမှန်တကယ်ပေးနိုင်တဲ့ ဆောက်လုပ်ချိန်ပမာဏကို ကိုယ့်ကန်ထရိုက်တာအား သိအောင်ပြောပြထားရမှာဖြစ်ပါတယ်။



(၅) တိကျပြတ်သားမှုရှိပါစေ
 
ဤနေရာတွင် အချိန်သည် သင်နှင့်သင့်ကန်ထရိုက်တာ နှစ်ဦးစလုံးအတွက်အလွန်အရေးကြီးပါတယ်။ မိမိဘက်တွင် ဆုံးဖြတ်ပေးရမည့် ကိစ္စကြုံလာရပါက မလိုအပ်ဘဲ တွန့်ဆုတ်နေခြင်းသည် လုပ်ငန်းလုပ်ကိုင်မှုကြာချိန်ကို ဆွဲဆန့်လိုက်သလို ဖြစ်တတ်သကဲ့သို့ ကန်ထရိုက်တာကပါ မိမိအပေါ် စိတ်ပျက်ရစေပါသည်။

ဤနေရာတွင် အလျင်းသင့်သောကြောင့် အဖြစ်အပျက်လေးတစ်ခုကို တင်ပြလိုက်ပါသည်။ မနှစ်က ဆိုဒ်တစ်ခုတွင် Decoration တစ်ယောက်နှင့်ဆုံရပါတယ်။ သူသည်နိုင်ငံခြားတွေသို့ ခေါက်တုံ့ခေါက်ပြန်ခရီးသွားနိုင်ပြီး၊ အတော်လေးစေ့စပ်သေချာသူလို့ ဆိုနိုင်ပါသည်။ ပြောချင်တာက သူ့ကို သူ့သူဌေး အိမ်ရှင်က လိုနေသေးမရှိအောင် အိမ်၏ Decoration သြဇာကိုပေးထားပါသည်။ အရာရာကို သူဆုံးဖြတ်မှလုပ်ငန်းျအမည်သစ်တစ်ခုကို လုပ်ကိုင်ခွင့်ရပါသည်။ ထိုနေရာတွင် သူက သူ့ဆီယူလာပြသော ရွေးချယ်စရာ နမှုနာလုပ်ငန်းသုံး အလှဆင်ပစ္စည်း များစွာကို ပြတ်သားစွာဆုံးဖြတ်မှုမပေးဘဲ အချိန်အတော်ကြာအောင်ထားထားပြီး၊ တစ်ဘက်ကလည်း လုပ်ငန်းလုပ်ကိုင်နေစဉ် တစ်မျိုးပြီးတစ်မျိုး ဇီဇာကြောင်သော စည်း ကျပ်ခြင်းမျိုးနှင့် ဝင်ရောက်ဆရာလုပ်ပြီး ကဂျီကကြောင်နိုင်နေသောကြောင့် ကုမ္ပဏီဘက်ကလည်း ၎င်းဆိုဒ်ကိုအရှည်မျှောထားရင် ယနေ့အထိ ရှေ့မတိုးသာ နောက်မဆုတ်သာနှင့် မပြီးမစီးနိုင် ရှိနေပါတော့တယ်။ တကယ်တမ်းသိထားရမှာက ရက်တိုတိုနှင့်ဆောက်လုပ်ပြီးစီးလေ ကုန်ကျစရိတ်လျော့နည်းသက်သာလေမဟုတ်ပါလား။
 
(၆) ဆုံးဖြတ်ချက် သေချာမှုမရှိလျှင်
 
တစ်ခါတရံ လုပ်ငန်းအပေါ်မှာ ကိုယ်ထင်ထားသည့် စိတ်ကူးစိတ်သန်းသည် သူတစ်ပါးဆီက အကြံပြုချက်များနှင့် ပြောင်းပြန်ဖြစ်တာမျိုးလည်း ကြုံရတတ်တယ်။ ပိုဆိုးတာက ဒီနယ်ပယ်မှာ အမြဲတမ်းလက်ပွန်းတတီးလုပ်ကိုင်နေကြသော ကျွမ်းကျင်သူများ၏ အဆိုပင် ကိုယ့်စိတ်ကူးနှင့် မတိုက်ဆိုင်သည့်အခါ ဘာကိုဆုံးဖြတ်ရမည်မသိ ဝေခွဲမရနိုင်ကြုံရသောအခါ စိတ်မပူပါနှင့်။ နောက်ထပ် ကျွမ်းကျင်သူများနှင့် ဆွေးနွေးပါ။ တိုင်ပင်ပါ။ တစ်ခါတစ်ရံတွင် ဤသို့ကျွမ်းကျင်သူပညာရှင်ပေါင်းများစွာနှင့် တိုင်ပင်ဆွေးနွေးခြင်းမှ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို ချနိုင်တယ်ဆိုတာမျိုးလည်း သိထားသင့်ပါတယ်။ အခုဖော်ပြပါနည်းတွေကတော့ အပြောင်းအလဲဝန်းကျင်တစ်ခုကို Decoration နှင့် ဖန်တီးရာမှ ကုန်ကျစရိတ်ကြီးမားမှုအပေါ် အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မည့် နည်းလမ်းကောင်းတွေပဲဖြစ်ပါသည်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ကုန်ကျစရိတ်နည်း အိမ်အလှဆင်နည်းများ

ကိုယ့်အခန်းကို နေချင်စဖွယ်ဖြစ်အောင် ဘယ်လို DECORATION လုပ်ကြမလဲ

လှပသေသပ်တဲ့ အိပ်ခန်းတစ်ခန်းရရှိဖို့ လိုအပ်တဲ့ အခြေခံအချက်တွေက ဘာတွေလဲ

သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ

Credit By: mm-homedecor
Posted By : Ra Wai (ShweProperty.com)