By Moe Set (KMD) (Shweproperty.com), Shweproperty.com
Updated at 19 August 2015
အိမ်စရိတ်ကြီးလာလို့ အိမ်ငှားနေထိုင်သူတချို့ ကျူးကျော်လိုနေရာမျိုးတွေမှာ ငှားရမ်းနေထိုင်လာကြပေမယ့် ကျူးကျော်နေရာတွေမှာပါ အိမ်ငှးစရိတ်မြင့်တက်လာမှုတွေ ဖြစ်လာတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်တစ်ခုမှာ ငှားရမ်းနေထိုင်တဲ့ ဓနုဖြူမြို့နယ်က ဦးသန်းက "အိမ်လခ ဒီလကစပြီး တစ်လကျပ် ၃၅,၀၀၀ ဖြစ်သွားပြီ၊ ပိုက်ဆံက ရှာရင်းနဲ့ မလောက်နိုင်ဘူး"လို့ ပြောပါတယ်။
အိမ်ငှားစရိတ်သက်သာလို့ လှိုင်သာယာမှာ ငှားနေသူတချို့ ကျူးကျော်မြေမှာ ငှားရမ်းနေထိုင်မိတာကြောင့် သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းတာမျိုးတွေလည်း ရှိပေမယ့် ဈေးသက်သာတဲ့ ဒီလိုနေရာမျိုးမှာပဲ ရှာကြံငှားနေတာမျိုးတွေ ရှိလာတာတွေ့ရပါတယ်။ကျူးကျော်နေရာမှာရှိတဲ့ အိမ်တွေဟာ သွပ်မိုး၊ ပျဉ်ထောင်အိမ်တွေ၊ ဓနိမိုး၊ သွပ်ကာအိမ်တွေရှိကြတာ ဖြစ်ပါတယ်။ အိမ်တွေရဲ့ အကျယ်အဝန်းက ၁၀ ပေပတ်လည်ဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက် ကျူးကျော်မှာ ငှားရမ်းနေထိုင်တဲ့ မနှင်းလေးက "ဒီဘက်က အိမ်ဈေးတန်လို့ ပြောင်းလာတာ (၂) လပဲရှိသေးတယ်၊ အခုအဖျက်ခံရပြီ၊ ကိုယ့်မှာရှိတဲ့ ပိုက်ဆံက ကျူးကျော်လောက်ပဲ ငှားနေနိုင်တာ၊ ဒီဘက်အဖျက်ခံရတော့ အဖျက်မခံရသေးတဲ့ နေရာရှာပြီး ငှားနေမှပဲ ရမယ်၊ အခုဒီနေရာတွေလဲ အိမ်ငှားဈေးကောင်းလာတယ်" လို့ ပြောပါတယ်။
ကျူးကျော်တချို့ရဲ့ အိမ်ငှားဈေးက တစ်လကို ကျပ် (၃၀,၀၀၀) သာဖြစ်ပြီး တစ်လချင်းပေးနေရာတာ ဖြစ်ပါတယ်။ လာမယ့် လကစပြီး (၃၅,၀၀၀) ဈေးတက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အများစုက အိမ်ငှားစရိတ် မတတ်နိုင်တာကြောင့် သည်နေရာမှာ ပြောင်းရွှေ့ငှားရမ်းနေထိုင် လာကြတာ ဖြစ်ပါတယ်။
"အိမ်ဈေးတက်ရင်လည်းပေးဖို့ စရိတ်မရှိတော့ရင် လမ်းဘေးအိပ်ရတော့မယ့်ကိန်း ဆိုက်နေပြီ၊ ဈေးသက်သာတဲ့ ကျူးကျော်မှာတောင် ဈေးကလိုက်တက်နေတယ်"လို့ ဧရာဝတီတိုင်းဒေသကြီးကနေ လှိုင်သာယာမှာရှိတဲ့ ကျူးကျော်တစ်ခုမှာ လာရောက်နေထိုင်တဲ့ မချယ်ရီက ပြောပါတယ်။
အဆိုပါ နေရာကအိမ်တွေဟာ သွပ်မိုးပျဉ်ထောင် အိမ်တွေသာ ဖြစ်ကြပါတယ်။ သည်နေရာမှာ အိမ်ငှားအများစုသာ နေတာဖြစ်ပါတယ်။ သည်နေရာမှာ ငှားရမ်းနေထိုင်သူတွေဟာ မြို့တွင်းမှာရှိတဲ့ အိမ်ငှားဈေးကို မတတ်နိုင်တာကြောင့် ပြောင်းရွှေ့နေထိုင်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Written By : Moe Set (KMD) (Shweproperty.com)
Posted By : Wai Phyoe Aung (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ