By Myanmar Times, Shweproperty.com
Updated at 24 June 2015
မအူပင်မြို့ ခရိုင်အတွင်းရှိ ကျူးကျော်နှင့် အိမ်ခြေရာမဲ့မိသားစုများအတွက်ပျိုးခင်းသစ်ဖောင်ဒေးရှင်းနှင့် ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကျူးကျော်များ နေရာချထားရေးကော်မတီ ဖွဲ့စည်းကာ စံပြကျေးရွာ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
မအူပင်၊ သိုက်ကုန်း ကားလမ်းဘေး တမံ လေးကျေးရွာအနီး မြေ ၂၂ ဧက ကျော်တွင် အိမ်နေရာ အခက်အခဲရှိသော မိသားစု များကို ပေ ၂၀၊ ပေ ၆၀ အကျယ် မြေကွက် များချထားပေးခြင်းဖြစ်သည်။ အိမ်ကွက်အရှေ့လမ်းအဖြစ် ၁၀ ပေ ထားရှိကာ နေထိုင် လိုသူများသည် မိမိအစီအစဉ်ဖြင့် အိမ် ဆောက်လုပ်နိုင်ပြီး ကော်မတီက တစ်အိမ်ထောင်လျှင် သစ်ခြောက်တိုင်နှင့် ဝါးများ ထောက်ပံ့ပေးသည်။ မီးလင်းရေးအတွက် မီးစက်ဖြင့် အချိန်ပိုင်း မီးပေးမည်ဖြစ်သလို ဆိုလာမီးများလည်း တပ်ဆင်ပေးမည်ဖြစ်ပြီး၊ ရေကန်လည်း တူးပေးသွားမည်ဖြစ်သည်။
လက်ရှိတွင် ရွာလမ်း ဖောက်လုပ်လျက်ရှိကာ မိသားစု ၂၅၀ ကို စိစစ်ရွေးချယ်ပြီး မြေကွက် များ ပေးသွားမည်ဖြစ်သည်။ နေထိုင်လိုသူများသည် မြေတစ်ကွက်စာအတွက် တစ်လလျှင် ကျပ် ၈,၀၀၀ ကို နှစ်နှစ် ပေးသွင်းရမည်ဖြစ်ကာ နှစ်နှစ် ပြည့်ပါက ၎င်းမြေကို ပိုင်ဆိုင်ခွင့် စာချုပ်ရရှိမည် ဖြစ်သည်။ ရွာကို အောင်ချမ်းသာ စံပြကျေးရွာ အမည်ဖြင့် တည်ထောင်သွား မည်ဖြစ်ပြီး သုသာန်၊ ရေကန်၊ စာကြည့်တိုက်၊ အုပ်ချုပ် ရေးမှူးရုံး၊ ဆေးပေးခန်းများ ထားရှိပေးမည် ဖြစ်သည်။ "ပထမတော့ အဲဒီလောက်လူများလာ လိမ့်မယ်မထင်ဘူး။ အခု စာရင်းက ၉၀၀ ကျော် သွားပြီ။ ပထမ အိုင်ဝိုင်းရွာမှာ တစ်နိုင်ပဲမြေကွက်ပေးမယ်လို့ ရည်ရွယ်ထားရာကနေ အခုလို အခြေအနေဖြစ်သွားတယ်။ ကျွန်တော် လည်း မနိုင်တော့ဘူး။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ပြောရတော့တယ်။ အစိုးရအဖွဲ့က ကျူးကျော်များ နေရာချထားရေး ကော်မတီ ကို ဖွဲ့ပြီးလုပ်ခိုင်းတယ်။ အလှူရှင်အနေနဲ့ ဝန်ကြီး ချုပ်က ကျပ်သိန်း ၁၅၀ ချေးတယ်။ နောက် သိန်း ၁၅၀ လှူတယ်။ ဒါပေမဲ့ ခုအနေအထား အရ မလောက်ဘူး။ အလှူငွေလိုသေးတယ်" ဟု ပျိုးခင်းသစ်ဖောင်ဒေးရှင်း တည်ထောင်သူ ဦးသန်းထိုက်အောင်က မြန်မာတိုင်း(မ်) ကို ဇွန်လ ၇ ရက်နေ့က ပြောသည်။
ရွာတွင်နေထိုင်လိုသော မိသားစုများ သည် ရွာအတွင်း အရက်သေစာနှင့် လောင်း ကစားလုပ်ခြင်း၊ အော်ဟစ်ဆဲဆို၍ ခိုက်ရန် ဖြစ်ပွားခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ ကလေးများကို မဖြစ်မနေ ကျောင်းထား ပေးရမည်ဖြစ်သလို အသင်းအဖွဲ့ ဖွဲ့စည်း ကာ ရပ်ရေး၊ ရွာရေးများ ဆောင်ရွက်နိုင်ရန် အတွက် တစ်နေ့လျှင် ကျပ် ၁၀၀ စုရမည် ဖြစ်သည်။ အချို့သော လက်လုပ် လက်စား ဝင်ငွေအနည်းငယ်ရှိသူများက အိမ်ဆောက် ရာတွင် တက်နိုင်သလောက် ထည့်ဝင် ကြသည်။ ပျိုးခင်းသစ်ဖောင်ဒေးရှင်းသည် မအူပင် မြို့နယ်၊ အိုင်ဝိုင်းကျေးရွာတွင် ကျူးကျော်နေထိုင် သူများနှင့် အိမ်ခြေရာမဲ့မိသားစု ၁၂ စု အတွက် မြေကွက်များကို ဧပြီလက ထောက်ပံ့ ပေးခဲ့သည်။ ၎င်းစီမံကိန်း၏ နောက်ဆက်တွဲ အနေဖြင့် ယခုအောင်ချမ်းသာရွာ စတင် တည်ထောင်ခြင်းဖြစ်သည်။ အစိုးရ၊ အလှူရှင်နှင့် ဖောင်ဒေးရှင်း၏ စံပြကျေးရွာ တည်ထောင် ပေးနေသည့် သတင်းကြောင့် စိတ်ဝင်စား သူများ များပြားလျက်ရှိရာ အောင်ချမ်းသာရွာ တွင် နေထိုင်ရန် စာရင်းပေးသွင်းသည့် ကျူးကျော်နှင့် အိမ်ရာမဲ့အရေအတွက် များပြား နေသည့်အတွက် အိမ်ကွက် ရ မရ မသေချာကြောင်း ရွာတွင်နေထိုင်ရန် လျှောက်ထားနေသူများက ပြောသည်။ "တတ်နိုင်တဲ့ တန်ဖိုးနဲ့ အိမ်ကွက်တွေ ပေးတာ။ နောက်တစ်လမှ ၈,၀၀၀ ပဲတောင်း တာ။ အရမ်းကျေးဇူးတင်တယ်။ ဒါပေမဲ့ အခု တကယ်လိုတဲ့လူရော၊ လောဘသမားရော ဝိုင်းပြုံလာကြပြီ။ သေချာစိစစ်ပြီး တကယ် လိုအပ်တဲ့ သူကိုသာ ပေးသင့်တယ်။ အဲဒီလိုမဟုတ်ရင် 'ပေးကားပေး၏ မရ' ဆိုတာလိုဖြစ်နေမယ်။ သူများ လုပ်နေတဲ့အလုပ်ကို မနာလိုလို့၊ ဖျက်လိုဖျက်ဆီးပြောတာမဟုတ် ပါဘူး။ အားလုံးအဆင်ပြေတော့ ပိုတောင် ဝမ်းသာသေးတယ်။ ဒါပေမဲ့ လူတွေက လောဘ ကြီးတယ်လေ" ဟု ရွာတွင်နေထိုင်ရန် စာရင်း လာပေးသော ဦးဝင်းအောင်က ပြောသည်။ မအူပင်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူ အဖွဲ့ဝင် ဦးအောင်ကျော်မင်းက "အစိုးရအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနက တန်ဖိုးနည်းအိမ်ရာတိုးချဲ့ရေးနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များရှိသော်လည်း ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ဖြင့် သွားနေရသည့်အတွက် လူမှုအဖွဲ့အစည်းများ ဆောင်ရွက် သကဲ့သို့ မြန်ဆန်ခြင်းမရှိကြောင်း၊ ယခုကဲ့သို့ လူမှုအဖွဲ့ အစည်းများ၏ ပံ့ပိုးမှုကြောင့် လိုအပ်ချက် ရှိ သော နေရာများတွင် လျင်မြန်စွာ ဆောင်ရွက် နိုင်ကြောင်း" ဇွန်လ ၉ ရက်နေ့က မြန်မာတိုင်း(မ်) ကို ပြောသည်။
"အောင်ချမ်းသာရွာက အစိုးရ စီမံကိန်း မဟုတ်ဘူး။ လူမှုရေးအသင်းတွေက တောင်းဆို ကြတာ။ ဒါပေမဲ့ ပုဂ္ဂလိက က ရွာတည်လို့ မရဘူး။ ရွာတည်မယ်ဆိုရင် သူ့စည်းကမ်း ချက်နဲ့ အုပ်ချုပ်ရေး အဆင့်ဆင့်ရဲ့ ခွင့်ပြုချက် လိုတယ်။ ရည်ရွယ်ချက်ကကောင်းတော့ ကျွန်တော်တို့လည်း သူတိုနဲ့ အတူ တိုင်းဒေသ ကြီး အစိုးရကို တောင်းဆိုရတာပေါ့။ အစိုးရ အဖွဲ့ကလည်း သူ့စီမံကိန်းနဲ့သူ သွားနေတာ ဆိုတော့ ခုထိ ငွေမထောက်ပံ့နိုင်သေးဘူး။ ဘဏ္ဍာနှစ်ကလည်း တစ်ဝက်ရောက်နေ ပြီလေ။ လုပ်ငန်းစဉ်အရတော့ ခွင့်ပြုပေးတယ်။ "ဒီလုပ်ငန်းကို ကောင်းတယ်လို့ မြင်တယ်။ အစိုးရချည်း အကုန်လိုက်မလုပ်နိုင်ဘူးလေ။ အကုန်လုံးလည်း မသိနိုင်ဘူး။ ဌာနဆိုင်ရာ အဆင့်ဆင့်အောက်ခြေက အသံတွေကို လည်း အစိုးရက မှန်မှန်ကန်ကန် မကြား ရဘူး။ ဒီတော့ လစ်ဟာမှုတွေရှိတယ်။ ဒါကို လူမှုအဖွဲ့အစည်းတွေက ဝိုင်းကူပေးတယ်။ သူတို့လုပ် ချင်တာကို အစိုးရကို သေချာပြောပြတော့လည်း အစိုးရဘက်က တတ်နိုင်တဲ့နည်းနဲ့ ဝိုင်းကူပေးတယ်။ ဒီလိုသာ အချင်းချင်း အဆင်ပြေမယ်ဆိုရင် ကျွန်တော်တ့ို ဟာကွက် တွေကို အတတ်နိုင်ဆုံး ဖြည့်နိုင်မယ်လို့ ထင်တယ်" ဟု ဦးအောင်ကျော်မင်းက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ