By Myanmar Builders Guide, Shweproperty.com
Updated at 25 September 2018
တန်ဖိုးနည်းအိမ်ရာများကို အိမ်ငှားခဈေးနှုန်းကဲ့သို့ လစဉ်ငွေသွင်းပြီး နှစ်ရှည်ချေးငွေစနစ်ဖြင့် ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
အဆိုပါနှစ်ရှည်ချေးငွေစနစ်ဖြင့် ရောင်းချပေးမည့်အစီအစဉ်ကို လာမည့်နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပြီး နှစ် ၃ဝ စနစ် ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုကတော့ တန်ဖိုးနည်းတိုက်ခန်းဝယ်မယ်ဆိုရင် ဘဏ်မှာ တိုက်ခန်း တန်ဖိုး၂၀ ရာခိုင်နှုန်း အရင်ပေးသွင်းပြီးကျန်တဲ့ ၈ဝ ရာခိုင်နှုန်းကို ၁၅ နှစ် အရစ်ကျနဲ့ လစဉ်ပုံမှန်ပေးသွင်းသွားရမယ်။ နောက်ပိုင်းမှာ Down Payment မသွင်းနိုင်တဲ့သူတွေအတွက် လစဉ်ကြေးပေးသွင်းပြီး ရောင်းချနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်” ဟု ၎င်းက ပြောသည်။
ယခုလက်ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချသည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ ဝယ်ယူခွင့်ရရှိသော်လည်း (Down Payment) ကနဦး ၂ဝ ရာခိုင်နှုန်းငွေပေးသွင်းရန် မရှိသောကြောင့် လာရောက်ဝယ်ယူခြင်း မရှိသူ များပြားနေကြောင်းလည်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တန်ဖိုး နည်းတိုက်ခန်းများ ဝယ်ယူလိုပါက ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) တွင် အိမ်ရာဝယ်ရန် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိရမည်ဖြစ်ပြီး စုဆောင်းငွေပြည့်မီပါက ဝယ်ယူနိုင်ကာ ကျန်ငွေကို ၁၅ နှစ်အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးနေကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
ယခုလက်ရှိတွင် တန်ဖိုးနည်းတိုက်ခန်းဝယ်ယူထားသူများအနေနှင့် တစ်လလျှင် လစဉ်ကြေး ကျပ် ၉ သောင်းမှ တစ်သိန်းကျော်ဝန်းကျင်အထိ ငွေပေးသွင်းနေရပြီး တိုက်ခန်းပိုင်ဆိုင်မှုစာအုပ်ကို ငွေအားလုံးပေးသွင်းပြီးသည့်
အခါမှသာ ရရှိမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ယခုလက်ရှိ တန်ဖိုးနည်းတိုက်ခန်းများကို ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ် သိန်း ၁၃ဝ ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိပြီး ယင်းတိုက်ခန်း၏တန်ဖိုး ၂၀ ရာခိုင်နှုန်းကို ကနဦး Down Payment ပေးသွင်းရသောကြောင့် ရန်ကုန်တွင်အိမ်ငှားနေထိုင်နေ သည့် အစိုးရဝန်ထမ်းများ ကုမ္ပဏီဝန်ထမ်းများအတွက် ဝယ်ယူရန် အခက်အခဲ ရှိနေကြောင်း၎င်းတို့ထံမှ သိရသည်။
မြို့ ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ယုဇန အိမ်ရာအပိုင်း (၁) နှင့် (၂)၊ ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရွှေပေါက်က္ကံ တန်ဖိုးနည်းအိမ်ရာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ