By Yangon Media Group, Shweproperty.com
Updated at 7 February 2017
ယခုဖေဖော်ဝါရီလဆန်းပိုင်းအစတွင် ရန်ကုန်အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်လာမှုကြောင့် အိမ်ဆောက် ပစ္စည်းဈေးနှုန်းများမြင့်တက်လာကြောင်း ရန်ကုန်အခြေစိုက် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေရောင်းဝယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် ဆောက်လုပ်ရေးဈေးကွက် အတွင်း အရောင်းအဝယ်များမြင့်တက်လာပြီး အိမ်ဆောက်ပစ္စည်းဈေးနှုန်း များမှာလည်း ဆက်တိုက်မြင့်တက်လာနေကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်း ကျောက်စရစ်နှင့်ဘိလပ်မြေဈေးနှုန်းများ သိသိသာသာ မြင့်တက်လာနေခဲ့ပြီး ကျန်အိမ်ဆောက်ပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်မှု သိပ်မရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလက ကျောက်စရစ်တစ်ကျင်းလျှင် ကျပ် ၅ဝဝဝဝ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ တစ်ကျင်းလျှင် ကျပ် ၇ဝဝဝဝ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ယင်းအပြင် ဘိလပ်မြေတစ် အိတ်ဈေးနှုန်းမှာလည်း ဆင်တံဆိပ်ဘိ လပ်မြေ(ထိုင်း) တစ်အိတ်လျှင် ယခင်လက ကျပ် ၆ဝဝဝ ဝန်းကျင်သာရှိခဲ့ပြီး ယခုအခါ ကျပ် ၆၅ဝဝ သို့မြင့်တက်ခဲ့ပြီး ဆင်တံဆိပ်ဘိလပ်မြေ (မြန်မာ) တစ်အိတ်လျှင်ကျပ် ၅ဝဝဝ မှ ကျပ် ၅၄ဝဝသို့ မြင့်တက်လာခဲ့ကာ Alpha တံဆိပ်ဘိလပ်မြေမှာလည်း တစ်အိတ်လျှင် ကျပ် ၅၁ဝဝ မှ ကျပ် ၅၅ဝဝ သို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် မိဘမေတ္တာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ ဒေါ်သီတာက ''အိမ်ဆောက်ပစ္စည်း တွေက အရောင်းအဝယ်လိုက်လာ တော့ ဈေးလည်းလိုက်တက်လာတယ်။ ပြီးတော့ ကျောက်စရစ်ဆိုရင် တစ်ကျင်းကို အခုချိန်မှာကျပ် ၇ဝဝဝဝ လောက်ရှိနေပြီး ဒီထက်ဆက်တက်မယ့်အနေအထားရှိတယ်။ အမြင့်ဆုံး ကျပ်တစ်သိန်းလောက်အထိ ထပ်တက်သွားဖို့ရှိတယ်။ အဓိကကတော့ ကျောက်စရစ်စုပ်ထုတ်တာကလည်း နည်းလာတော့ ကျောက်စရစ်ရှားလာတဲ့ သဘောရှိတယ်'' ဟု ဖေဖော် ဝါရီ ၅ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ အုတ်ဈေးနှုန်းများမှာ လက်အုတ်တစ်လုံးလျှင် ကျပ် ၉ဝ ဝန်းကျင်၊ စက်အုတ်တစ်လုံးလျှင် ကျပ် ၁၂ဝ ဝန်းကျင်ရှိကြောင်းသိရသည်။ သဲတစ်ကျင်းလျှင် ကျပ် ၈ဝဝဝ ဖြင့်ဈေး နှုန်းတည်ငြိမ်နေကြောင်း သိရသည်။
အောင်သပြေ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ ကိုကောင်းက ''ဈေးကတော့ တောက်လျှောက်တက်လာတယ်။ ဒါပေမဲ့ ဈေးကွက် အလားအလာကတော့ ဘယ်လိုဖြစ်လာဦးမလဲဆိုတာကတော့ ခန့်မှန်းလို့မရသေးဘူး''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ရန်ကုန်မြို့ ရှိဆောက်လုပ်ရေး လုပ်ငန်းသုံး အရောင်းဆိုင်များအနေ ဖြင့် ဘိလပ်မြေများကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်းပြီးအုတ်များကို ဆားပုလင်း၊ တိုက်ကြီး၊ လှော်ကား၊ နေ ပြည်တော်၊ ကျောက်စလစ်များကို မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသများ၊ သဲများကို မှော်ဘီ၊ ပင်လယ်ဝမှ ထုတ်ယူပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
Ref : Yangon Media Group
Photo Credit : Social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ