By Myanmar Times, Shweproperty.com
Updated at 18 November 2015
ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အိမ်ရာမဲ့ကျူးကျော်နေထိုင်သူများ အတွက် မြေဂရန်ထုတ်ပေးရန် မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက် လျက်ရှိရာ သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာ နှင့် မြောက်ဥက္ကလာ မြို့နယ်များရှိ ကျူးကျော် နေထိုင်သူများအတွက်သာ မြေဂရန်ထုတ်ပေး မည်ဖြစ်ပြီး၊ ကျန်မြို့နယ်များအတွက် အစီအစဉ်မရှိဟု တာဝန်ရှိသူများက ပြောကြားသည်။
"ပြောထားတဲ့အတိုင်း လေးမြို့နယ် အတွက်ပဲ လုပ်ပေးမှာပါ။ ကျန်တဲ့မြို့နယ်တွေ အတွက် လုပ်ပေးဖို့ အစီအစဉ်မရှိသေးပါ ဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးရင် ဂရန်ထုတ်ပေးမှာ ဖြစ်ပေမယ့် စည်ပင်က သတ်မှတ်ထားတဲ့မြေတန်ဖိုးကိုတော့ ပေး သွင်းရမှာ ဖြစ်ပါတယ်၊ အခုထက်ထိတော့ စိစစ်ဆဲ ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ မြေကွက် ဂရန် ချထားမပေးရသေးပါဘူး" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာနမှ ဌာနမှူး ဦးသန်းလွန်ဦးက ပြောသည်။
အဆိုပါဌာနသို့ မြို့နယ်လေးမြို့နယ်က တင်ပြလာသည့် ကျူးကျော်နေထိုင် သူစာရင်း အရ တောင်ဥက္ကလာပမြို့နယ်တွင် ကျုးကျော် အိမ်ထောင်စုပေါင်း ၉၂ စု၊ မြောက်ဥက္ကလာပ မြို့နယ်တွင် အိမ်ထောင်စု ၂၃၀၊ ဒေါပုံမြို့နယ်တွင် အိမ်ထောင်စု ၁၀ စုနှင့် သာကေတမြို့နယ် တွင် ၅၁ စုရှိခဲ့ပြီး၊ ဒေါပုံနှင့် သာကေတမြို့နယ် တို့ ထပ်တိုးအိမ်ထောင်စုများလည်း ရှိခဲ့သည်ဟု သိရသည်။
ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့နယ်ပေါင်း ၃၃ ခုရှိသော်လည်း အထက်ပါလေးမြို့နယ်အတွင်းရှိ ကျူးကျော် နေထိုင်သူများအတွက် မြေဂရန် ထုတ်ပေး သွားမည်ဖြစ်ပြီး၊ နိုဝင်ဘာလ ၁၇ ရက်နေ့ အထိ မြို့နယ်လေးမြို့နယ်မှ တင်ပြထားသည့် ကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်းမှာ ၄၁၄ စုရှိသည်ဟုလည်း အဆိုပါဌာနက ပြောသည်။ ရန်ကုန် စည်ပင်သာယာနယ် နိမိတ်အတွင်း စည်ပင်ပိုင်မြေကွက်များပေါ်တွင် ကျူးကျော်နေထိုင်သူများကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ လက်ထက်ဖြစ်သည့် ၁၉၉၃ ခုနှစ်တွင် မြေဂရန် များကို စီမံချက်ဖြင့် ထုတ်ပေးခဲ့ပြီး၊ ၂၃ နှစ် အကြာ ၂၀၁၅ ခုနှစ်တွင် ယင်းစီမံချက်ကို ပြန်လည် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
မြေနေရာ အကန့်အသတ်ရှိနေသည့်အတွက် ကျူးကျော်နေထိုင်သူအားလုံးနီးပါးကို မြေဂရန်ချထားပေးနိုင်ရန် အခက်အခဲရှိသည်ဟုလည်း မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာကောင်မတီ၊ အုပ်ချုပ်ရေးမှူး ဦးဌေးဦးက ပြောသည်။ "ရွေးကောက်ပွဲ မတိုင်ခင် လူကြီးတွေက အကြွေးကျန်မယ်ထင်လို့ ပြည်သူတွေ အဆင်ပြေအောင် လုပ်ပေးလိုက်တဲ့သဘော ဖြစ် နိုင်ပါတယ် ၊ မျှော်လင့်ချက် ကင်းမဲ့နေတဲ့သူ တွေ အတွက် အိမ်ရာပိုင်ဆိုင်နိုင်ဖို့ လုပ်ပေးတဲ့ သဘောဖြစ်ပါတယ်" "မြောက်ဥက္ကလာမှာ ကျုးကျော်တဲပေါင်း ထောင်နဲ့ချီရှိတယ်၊ မီးတားမြေတွေကို အကွက်ချပြီးပေးရင်တောင် ထောင်ကျော် ပေးရမှာဖြစ်ပြီး ငမိုးရိပ်ချောင်းကမ်းပါးက ရေတက်ရေကျ ဧရိယာ ကလည်း ရေအရင်းအမြစ်က ကိုက် ၁၅၀ ထိ ပိုင်တဲ့အတွက် ပြွတ်သိပ်နေတဲ့ ကျုးကျော်တဲတွေကိုတော့ ပြန်ပေးလို့မရပါဘူး" ဟု ဦးဌေးဦးက ပြောသည်။
၁၉၆၅ ခုနှစ်တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ မြို့သစ် များကို အကွက်ချ ဖော်ထုတ်ခဲ့ရာ၌ မီးတား ကွက်နှင့် မြေနေရာလွတ်များ အများအပြား ဖော်ထုတ်ထားခဲ့သော်လည်း မြေပြင်တိုက် ဆိုင် စစ်ဆေးမှုများအရ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်လာသည့် ယနေ့အချိန်တွင် ယင်း မြေကွက်များပေါ်၌ အထောက်အထားမဲ့ ကျုးကျော်နေထိုင် သူများ များစွာရှိနေသည့်အတွက် မြေဂရန်ထုတ်ပေးရန် စီစဉ် ဆောင် ရွက်ခြင်းဖြစ် သည်ဟုလည်း သိရသည်။ အထက်ပါလေးမြို့နယ်အတွင်း ကျူးကျော် နေထိုင်သူများကို စိစစ်ပြီး အထူးစီမံချက် ဖြင့် မြေဂရန်ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ပြီးခဲ့သည့် စက်တင်ဘာလ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ လက်ရှိတွင် စာရင်းကောက်ယူပြီး ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့တင်ပြပြီးမှသာ မြေဂရန်များ ထုတ်ပေးသွားနိုင်မည်ဟု သိရသည်။
အထောက်အထားမဲ့ ကျုးကျော်နေထိုင် သူများအတွက် မြေနေရာပြန်လည်ချထားပေး ရန် စာရင်းကောက်ယူရာတွင် သတ်မှတ်ထားသည့် စည်းကမ်း ချက်များမှာ အနည်းဆုံး ၁၂ နှစ်ဆက်တိုက် တစ်ဆက်တည်း နေထိုင် သူ ဖြစ်ရမည့်အပြင် အဆောက်အအုံပါ တစ်ပါတည်းပါရှိရမည်ဖြစ်သည်။
ထို့ပြင်စည်ပင်သာယာရေးကော်မတီပိုင် လမ်းနယ်အတွင်း ကျုးကျော်တဲများ ထိုးထား ခြင်း၊ ရေမြောင်းများပိတ်ဆို့ ဆောက်လုပ်ထား ခြင်း ရှိမရှိ၊ နောက်ဖေး လမ်းကြားမြေများတွင် ဆောက်လုပ်ထားခြင်း ရှိ၊ မရှိ၊ ဘေးပတ်ဝန်းကျင်နေ ထိုင်သူများမှ ကန့်ကွက်ရန် မရှိ ကြောင်း ထောက်ခံချက်များ ရရှိရန် လိုအပ် မည်ဖြစ်သည့်အပြင် အခြားသောဝန်ကြီးဌာန ပိုင် မြေနေရာများပေါ်တွင် ကျုးကျော်နေထိုင် သူများမှာ ယခု စီမံချက်တွင်ပါဝင်နိုင်မည် မဟုတ်ပေ။မြေဂရန် ချထားပေးရာ၌ ပေ ၂၀၊ ၆၀ နှင့် ပေ ၄၀၊ ၆၀ အကျယ်အဝန်းရှိ မြေကွက် များ သတ်မှတ်ကာ မြေဂရန်များထုတ်ပေးသွား မည်ဖြစ်ပြီး၊ ယင်းသတ်မှတ်မြေနေရာများ ပေါ်တွင် အဆောက်အအုံ နှစ်လုံးရှိပါက နေထိုင်သူနှစ်ဦး၏ အမည်ဖြင့်သာ ပူးတွဲမြေဂရန်ချထားပေးမည်လည်း ဖြစ်သည်။
မြေဂရန်လျှောက်ထားရာ၌ စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် မြေဂရန် စာအုပ်ဖိုးနှင့် စတုရန်းပေအလိုက် မြေနေရာ တန်ကြေးကို ပေးသွင်းရမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ "တောင်ဥက္ကလာကတော့ စာရင်းကောက်ပြီးသွားပါပြီ။ အိမ်ထောင်စု ၂၀၀ မပြည့်ပါဘူး။ အခုနေနေတဲ့ နေရာမှာပဲ ပြန်ချပေးမှာပါ။ ၁,၂၀၀ စတုရန်းပေမှ ဂရန်ထုတ်လို့ရတဲ့အတွက် အဲဒီမြေထဲမှာရှိတဲ့ တဲနှစ်လုံးပဲ ဖြစ်ဖြစ်၊ တဲသုံးလုံးပဲဖြစ်ဖြစ် စုပြီး ဂရန်ထုတ် ပေးဖို့ဖြစ်ပါတယ်" ဟု တောင်ဥက္ကလာပမှ မြို့နယ်စည်ပင်သာယာရေးကော်မတီ အုပ်ချုပ် ရေးမှူး ဒေါ်ရည်လေးအောင်က ပြောသည်။
မြေဂရန်ချထားပေးရာတွင် သမဝါယမ မြေကွက်၊ စစ်မှုထမ်းဟောင်းဆိုင်ရာ မြေနေရာများနှင့် စီမံကိန်းမြေနေရာများ ပါဝင်မည် မဟုတ်ဟုလည်း ၎င်းကပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြေဂရန်ထုတ်ပေးရေးအစီအစဉ် မှာ အထက်ပါလေးမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း လက်ထက် ကတည်းက ခေတ်အဆက်ဆက် အသုံးပြုခဲ့ သည့် မြေကွက်များပေါ် နေထိုင်သူများ အတွက် မြေဂရန် ထုတ်ပေးခြင်းဖြစ်ပြီး၊ အခြား နေရာများရှိ ကျူးကျော်နေထိုင်သူများကို လာရောက်စာရင်းကောက်ယူခြင်း မရှိသေးကြောင်း တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ကျူးကျော်နေထိုင်သူတစ်ဦးက ပြောသည်။ "သူတို့ပြည်ခိုင်ဖြိုးနဲ့ ပတ်သက်တဲ့ မြေတွေကိုပဲ စာရင်းကောက်သွားတာပါ၊ ခင်ဗျားတို့ မေးမှ ကျွန်တော်တို့ သိရတာပါ။ ကျွန်တော်တို့ ကိုလည်း လာပြီးစာရင်းမကောက် ပါဘူး"ဟု ၎င်းကပြောသည်။ မြို့နယ်လေးမြို့နယ် အတွင်းရှိ စည်ပင်ပိုင် မြေနေရာများပေါ်တွင် နေထိုင်သူများကို သက်မှတ်စည်းကမ်းများနှင့်အညီ စာရင်းကောက်ယူရာတွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း ကောက်ယူခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ အုပ်ချုပ်ရေးမှူးများက ဖြည့်စွက်ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ခန့်မှန်း တွက် ချက်မှုအရ ရန်ကုန်မြို့တော်တွင် နေထိုင် သည့် လူဦးရေ ၅ ဒသမ ၂၁ သန်း (၂၀၁၄ ခုနှစ် သန်ခေါင်းစာရင်း) အနက် လူဦးရေ ၁ ဒသမ ၈ သန်းခန့်ထိ အိမ်ရာပိုင်ဆိုင်ခြင်း မရှိသေးသည့်အပြင် ရန်ကုန်မြို့တော်၏ နှစ်စဉ် အိမ်ရာတိုက်ခန်းလိုအပ်ချက်မှာ အခန်းပေါင်း ၇၅,၀၀၀ မှ ၁၀၀,၀၀၀ ခန့်ထိရှိသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ