By The Kumudra, Shweproperty.com
Updated at 28 January 2015
ငြိမ်သက်နေတဲ့အိမ်ခြံမြေဈေးကွက်က တင်းကျပ်နေတဲ့ အနေအထားကနေ ပေါက်ကွဲထွက်သွားရင် ဈေးကွက်တခုလုံး ကမောက်ကမ ဖြစ်သွားနိုင်တယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
အိမ်ခြံမြေဈေးကွက်က ဈေးငြိမ်နေပြီး ဈေးအရမ်းထိုးဆင်းသွားမယ့် အခြေအနေမဖြစ်အောင် ထိန်းနိုင်မှသာ အဆင်ပြေနိုင်မယ်။ အစိုးရကလည်း မြေဈေးအဆမတန်မြင့်နေတာကို ကျအောင် နည်းလမ်းစုံနဲ့ ထိန်းချုပ်နိုင်အောင်လုပ်ဆောင်နေတယ်။ ဈေးကျဖို့လုပ်တာက မှန်ကန်ပေမယ့် ဖြည်းဖြည်းချင်းကျတာမျိုးမှ စီးပွားရေးအကျိုးသက်ရောက်မှု ရှိနိုင်မယ်လို့ အကျိုးဆောင်တချို့နဲ့ ကျွမ်းကျင် ပညာရှင်တချို့က ပြောပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "ဒီနှစ်မှာတော့ ဈေးတွေတန်းနေတယ်၊ တစ်နှစ်လုံး ဒီပုံစံအတိုင်းသွားနိုင်တယ်၊ အိမ်ခြံမြေဈေးမြင့်နေတော့ အစိုးရက အခွန်နဲ့ပတ်သက်ပြီးထိန်းမယ်လို့ ယူဆရတယ်၊ ဈေးကွက်က တင်းကျပ်နေတဲ့ အခြေအနေကနေ ပေါက်ထွက်လာမှာ စိုးရိမ်ရတယ်"လို့ ပြောပါတယ်
မြေဈေးကို ကျစေချင်ပေမယ့် ဈေးထိုးဆင်းသွားရင် အန္တာရာယ်ဖြစ်နိုင်တာကြောင့် ဖြည်းဖြည်းချင်းကျလာအောင် လုပ်ဆောင်သင့်တယ်၊ အရမ်းတင်းကျပ်ပြီး ပေါက်ကွဲထွက်လာတာမျိုးကိုတော့ စိုးရိမ်မိတယ်လို့သိရတယ်။
အိမ်ခြံမြေဈေးကွက်အပြောင်းအလဲက မူဝါဒနဲ့ဥပဒေတွေအပေါ်မူတည်ပြီး နိုင်ငံရေးတည်ငြိမ်မှုကလည်း အကျိုးသက်ရောက်မှုရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်နေကြတာကြောင့်လည်း ၂၀၁၅ တစ်နှစ်ပတ်လုံး အရောင်းအဝယ်အေးနိုင်တယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။
ဇာမဏီအကျိုးဆောင်က ဦးကျော်စွာက "ဈေးကွက်အခုလိုဖြစ်သွားပြီး အပြောင်းအလဲကို စောင့်ကြည့်နေကြတာက အိမ်ခြံမြေအခွန်နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေ၊ ပေါ်လစီစည်းမျည်းစည်းကမ်းတွေ ဘယ်လိုပြောင်းလဲလာမလဲ၊ အခွန်တွေနဲ့ သတ်မှတ်ချက်တွေက ပြည်ပနိုင်ငံတွေလိုဖြစ်သွားမလား၊ ငွေကြေးခဝါချမှုတွေကလဲ လုပ်နေတော့ ၂၀၁၄ မှာ နည်းနည်း အပြောင်းအလဲတွေ များသွားတယ်၊ ထပ်ပြောင်းလဲနိုင်တာတွေ ရှိလာမလားလို့ စောင့်ကြည့်နေကြတာ"လို့ ပြောပါတယ်။
အခွန်ဆိုင်ရာ ဥပဒေမှာလည်း မြေဈေးအပေါ် သက်ရောက်မှုရှိနိုင်တဲ့ အချက်တွေ ပါလာနိုင်တာကြောင့် အားလုံး စောင့်ကြည့်နေကြတယ်။
၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေက သည်နှစ်တင်မက ၂၀၁၆ ခုနှစ်အထိ ဈေးကွက်အခြေအနေအပေါ် မူတည်တယ်။ ၂၀၁၆ ရောက်ရင်တော့ ဈေးကွက်က တည်ငြိမ်ပြီး ပြန်ကောင်းလာနိုင်ဖို့ ရှိတယ်လို့ အကျိုးဆောင်တချို့ကဆိုပါတယ်။
မြေရင်းနှီးမြှုက်နှံမှုလုပ်ထားတဲ့ ဝယ်ရောင်းသမားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတချို့ ငြိမ်နေတာရှိသလို တချို့ အပြောင်းအလဲကို စိတ်ပူပြီး ထုတ်ရောင်းကြတာတွေကြောင့် ဈေးကွက်က ဈေးမကျပဲ ငြိမ်နေတာလို့ သိရတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ