By News Watch, Shweproperty.com
Updated at 20 March 2017
စည်ပင်ဥပဒေ ပုဒ်မများအရ အိမ်ပိုင်ရှင်ဖြစ်သူ အနေနှင့် အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်များကို ဧပြီလ ၁ ရက်မှစ၍ မဖြစ်မနေ လျှောက်ထားရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန၊ ဌာနမှူး ဦးလှမျိုးက ပြောကြားသည်။
လိုင်စင် လျှောက်ထားမှုများ မလုပ်ဆောင်ပါက ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း အရေး ယူခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်မှာ ဥပဒေ ပြဋ္ဌာန်းပြီးသား ဖြစ်သော်လည်း အိမ်ပိုင်ရှင်များ အနေနှင့် မေ့လျော့နေခြင်းသာဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းလိုင်စင် လျှောက်ထား၍ အခွန်ကောက်ခံရခြင်းမှာ စီးပွားဖြစ် အိမ်ငှားရမ်းနေသူများအတွက် ရည်ရွယ် လုပ်ဆောင် ရခြင်းဖြစ်ကြောင်း ဦးလှမျိုးက ရှင်းပြသည်။
“တချို့က အိမ်ငှားတဲ့လုပ်ငန်းကို စီးပွားရေး လုပ်ငန်းကြီးတစ်ခုအနေနဲ့ လုပ်နေကြတဲ့သူတွေ ရှိတယ်။ အိမ်ငှား လုပ်ငန်းလိုင်စင် ဆိုတာကလည်း အခုမှ ဖြစ်လာတာ မဟုတ်ပါဘူး။ အရင်ကတည်းက ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့က အခွန် ရှောင်နေတဲ့သူတွေကို ပြန်လိုက်တဲ့ သဘောပေါ့”ဟု ၎င်းက ပြောဆိုသည်။
ပြည်တွင်း အိမ်ငှားလုပ်ငန်းမှာ မိရိုးဖလာ လုပ်ငန်းအဖြစ်သာ ရှိနေသေးကြောင်း၊ မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်ငန်းလိုင်စင် လျှောက်ထားစေ၍ အခွန် ကောက်ခံခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ ယင်းသို့ အခွန်ကောက်ခံခြင်းကို အိမ်ရှင်များအနေနှင့် လက်ခံရမည် ဖြစ်သကဲ့သို့ မြို့တော်စည်ပင် အနေနှင့်လည်း အိမ်ရှင်နှင့် အိမ်ငှားများအကြား အငြင်းပွားဖွယ် ကိစ္စများကို တာဝန်ယူ ဖြေရှင်းပေးရန်လိုကြောင်း မန္တလေးမြို့တော်ရှိ ဖိုးလမင်း အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင် ဦးဝဏ္ဏစိုးက ပြောကြားသည်။
အိမ်အငှား လုပ်ငန်းလိုင်စင် လျှောက်ထားမည်ဖြစ်သော်လည်း၊ စီးပွားဖြစ် ငှားရမ်းသူ မဟုတ်သောကြောင့် ပေးဆောင်ရမည့် အခွန် ငါးရာခိုင်နှုန်းမှာ ပမာဏ များနေကြောင်း၊ မိရိုးဖလာ ပုံစံဖြင့်သာ အိမ်ငှားတင်ထားခြင်း ဖြစ်သောကြောင့် အိမ်၊ ခြံ၊ မြေ ဥပဒေအရ ငှားရမ်းခ၏ တစ်လစာကို အကျိုးတော်ဆောင်ကို ပေးရကြောင်း၊ ယခုအိမ်ငှားခ ငါးရာခိုင်နှုန်း အခွန်ဆောင်ရမည် ဖြစ်သောကြောင့် အိမ်ရှင်များ နစ်နာကြောင်း မန္တလေး မြို့သစ်တွင် အိမ်တစ်လုံး ငှားရမ်းပေးထား သည့် အသက် ၅၄ နှစ်အရွယ် ဒေါ်စန်းစန်းမြင့်က ပြောဆိုသည်။
အိမ်ငှားရမ်းခြင်း လုပ်ငန်းလိုင်စင် လျှောက်ထားရန်ကိစ္စနှင့် ပတ်သက်၍ အများပြည်သူ သိရှိစေရန် ပညာပေး ကာလအနေနှင့် ၂၀၁၇ ဧပြီလမှ ဇွန်လအထိ သတ်မှတ်ထားပြီး ပညာပေးကာလ ပြည့်ပြီးနောက်တွင် အိမ်ငှားရမ်းခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း မရှိပါက မြို့တော် စည်ပင်သာယာရေး ဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း၊ အိမ်ငှားရမ်းခြင်း၊ လုပ်ငန်း လိုင်စင်အရ ငှားရမ်းခ၏ ငါးရာခိုင်နှုန်းကို အခွန် ကောက်ခံမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
Ref : News Watch
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ