By Eleven Media Group, Shweproperty.com
Updated at 2 May 2016
ရက်တစ်ရာ စီမံကိန်းအတွင်း စံနမူနာအဖြစ် တန်ဖိုးနည်း အိမ်ရာတစ်ခု ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ယခင်က ဆောက်လုပ်ထားခဲ့သည့် တန်ဖိုးနည်းအိမ်ရာများမှာ တန်ဖိုးနည်းအိမ်ရာဟု သတ်မှတ်၍မရကြောင်း၊ ထို့ကြောင့် ပြည်သူများ အမှန်တကယ် တန်ဖိုးနည်းအိမ်ရာများ ရရှိစေရန်အတွက် နေပြည်တော်ရှိ ဆောက်လုပ်ရေးပိုင်မြေတွင် အထပ်ငါးထပ်ရှိပြီး အခန်းပေါင်း ၄၀ ပါဝင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို စံနမူနာအဖြစ် မေ ၁ ရက်တွင် စတင် ဆောက်လုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“ပြည်သူ့အိမ်ရာလုပ်ငန်းတွေ အရင်တုန်းကတော့ ဆောက်ခဲ့တဲ့ဟာမှာ တန်ဖိုးနည်းအိမ်ရာဆိုပြီး တန်ဖိုးက မနည်းဘူးဖြစ်နေတယ်။ တန်ဖိုးက နည်းနည်းများနေတယ်။ ပြည်သူလူထုတွေ မတတ်နိုင်တဲ့ တန်ဖိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ ဌာနကြီးအနေနဲ့ သိချင်တယ်။ ကျွန်တော်တို့ ရက် ၁၀၀ စီမံကိန်းထဲမှာ ငါးထပ် အခန်း ၄၀ ပါတဲ့ စံနမူနာ ဖြစ်တဲ့ တန်ဖိုးနည်း အိမ်ရာတစ်ခုကို ဆောက်မှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
တန်ဖိုးနည်းအိမ်ရာ၏ ဈေးနှုန်း သတ်မှတ်နိုင်ရန်အတွက် စံနမူနာ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ခြင်းဖြစ်ပြီး အဆိုပါအိမ်ရာတွင် တည်ဆောက်မည့်အခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
“တန်ဖိုးဘယ်လောက်အထိ နည်းနည်း ဆောက်ပေးလို့ရလဲဆိုတာကို စံချိန်စံညွှန်း ယူမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါကို ဆောက်လို့ရတယ်ဆိုရင် နောက်ပိုင်းစံနမူနာအတိုင်း အဲဒီ စံချိန်စံညွှန်းထက်လည်း ကောင်းရမယ်။ တန်ဖိုးနည်းတယ်ဆိုတဲ့ အဆင့်ကို လည်းရောက်ရမယ်။ ဒါလေးကို ကျွန်တော်တို့ ရက် ၁၀၀ အတွင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ ဆောက်မှာပါ။ စံပြအိမ်ရာ ဆောက်လို့ရပြီဆိုရင် အခြေခံစံနှုန်းကိုရသွားပြီ။ တန်ဖိုးနည်း အိမ်ရာကို ဘယ်လောက်နဲ့ စပြီး ဆောက်လို့ရပြီဆိုတာကို ဝန်ကြီးဌာနတစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်လို့ရပြီ။ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ အိမ်ရာအခက်အခဲကိုလည်း ကျွန်တော်တို့ဌာနအနေနဲ့ ဖြေရှင်းပေးရမယ်ဆိုတာကိုလည်း တာဝန်တစ်ခုအနေနဲ့ ကျွန်တော်တို့ ခံယူထားပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ပြည်သူများအခက်အခဲဖြစ်နေသည့် ဂရန်ပြသနာများ ဖြေရှင်းနိုင်ရန်အတွက် ဂရန်အမျိုးအစားပေါ် မူတည်၍ မေ ၁ ရက်တွင် သတ်မှတ်ချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
အိမ်၊ မြေ စသည့် ဂရန်အမျိုးအစားများပေါ် မူတည်ကာ ၄၅ ရက်ထက် မပိုစေသည့် ကြာမြင့်မည့် အချိန်ဇယားများကို အများပြည်သူ သိရှိနိုင်ရန်အတွက် ယင်းကဲ့သို့ ထုတ်ပြန် ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။
“ဂရန် သွားလျှောက်တဲ့အခါမှာ ပိုက်ဆံတွေကုန်၊ အဆင့်တွေများပြီးတော့ တော်တော်နဲ့ မရဘူးပေါ့။ ကျွန်တော်လည်း ပြည်သူလူထုပါ။ ကျွန်တော်လည်း ခံစားခဲ့ရပါတယ်။ တော်တော်များများ မေးကြည့်တော့လည်း အဲဒီလိုပါပဲ။ ဂရန်သွားလျှောက်တဲ့အခါမှာ ပိုက်ဆံလည်းကုန်တယ်။ အချိန်လည်းကုန်တယ်။ ရချင်မှလည်းရမယ်ဆိုတဲ့ အနေအထားကို ကျွန်တော်တို့ ဖြေဖျောက်ပြီးတော့ ရက် ၁၀၀ စီမံကိန်းမှာလည်း လျှောက်တဲ့ ဂရန်အမျိုးအစားပေါ်မှာ မူတည်ပြီး မေ ၁ ရက်ကစပြီး တိတိကျကျ ကြေညာပါမယ်။ ပြည်သူတွေ အားလုံးသိအောင် ကြေညာပါမယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ