By The Voice, Shweproperty.com
Updated at 3 December 2018
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတ တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိခဲ့သူများအနေနှင့် တိုက်ခန်းသော့ကို မန္တလေးမြို့တော်စည်ပင်၊ အဆောက်အအုံနှင့် ကုန်ရုံဌာနတွင် ယနေ့ (ဒီဇင်ဘာလ ၃ ရက်)မှ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အဆိုပါဌာန ကြေညာချက်အရ သိရသည်။
ယင်းတိုက်ခန်းများကို သြဂုတ်လအတွင်းက ဝယ်ယူခွင့်ရရှိခဲ့ခြင်းဖြစ်သော်လည်း လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းမပြီးစီးခြင်းကြောင့် တိုက်ခန်းသော့အပ်နိုင်ရန် ကြန့်ကြာနေရသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ ပြည်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
အဆိုပါတိုက်ခန်းများကို ဝယ်ယူခွင့်ရရှိခဲ့သူများက စက်တင်ဘာလလယ်ပိုင်းတွင် ငွေအကျေပေးသွင်းရသကဲ့သို့ ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူသူများအနေနှင့်လည်း ကနဦး ငွေးသွင်းခြင်းနှင့် လစဉ်ငွေသွင်းခြင့်ကို ပေးချေရကြောင်း၊ ငွေသွင်းပြီး သုံးလခန့်ကြာမှသာ တိုက်ခန်းသော့ ရရှိခြင်းဖြစ်ကြောင်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများက ပြောကြားသည်။
ငွေသွင်းပြီးပါက မိမိဝယ်ယူခွင့် ရရှိထားသော တိုက်ခန်းတွင် ချက်ချင်းနေခွင့်ရချင်သော်လည်း ယခုကဲ့သို့ သုံးလကျော်ကြာမှသာ နေခွင့်ရရှိခြင်းဖြစ်ကြောင်း၊ ငွေသွင်းပြီးသည့်နောက် မည်သည့်အချိန်တွင် တိုက်ခန်းသော့ရမည်ဆိုသည်ကို မသိရှိရကြောင်း ဝယ်ယူခွင့်ရရှိသူအချို့က ပြောကြားသည်။
“စည်ပင်သာယာက တိုက်ခန်းတွေ ဆောက်ပေးတာ၊ မဲဖောက်ပေးတာ ကျေးဇူးတင်တယ်။ သို့ပေသိ သူက အကုန်အသာစီး ယူထားတာ။ သူတို့ သတ်မှတ်ထားတဲ့ရက်တွေ ငွေသွင်းရတယ်။ သူတို့ သတ်မှတ်ချက်တွေ အကုန်လိုက်နာရတယ်။ ဘယ်ကိုသွားပါ၊ ဘယ်သူ့လက်မှတ်ထိုးပါဆိုတာ အကုန်လုပ်ရတယ်။ ဒီဘက်က အကုန်လုံးပြီးပေမယ့် သူတို့ မပြီးတဲ့ဟာကျ ဘယ်ဟာမှ တာဝန်ခံမပေးဘူး။ ဘာကြောင့် ကြန့်ကြာနေတယ်။ ဘယ်လိုအခြေအနေရှိတယ်။ ဘယ်တော့ပြီးပါမယ်ဆိုတာ ကြေညာချက်တစ်စောင်တောင် ထုတ်မပေးနိုင်ဘူး”ဟု တိုက်ခန်းဝယ်ယူခွင့်ရရှိသူ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများကို ၆၇၂ ခန်း ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ငွေပေးချေခြင်းမပြုသည့် တိုက်ခန်းနှင့် ပြန်လည်အပ်နှံသည့် တိုက်ခန်းပေါင်း ၁၀၀ ကျော်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်မှ သိရသည်။
Ref : The Voice
Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ