By EMG, Shweproperty.com
Updated at 7 October 2013
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများဆိုင်ရာ ဥပဒေ တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေသကြီးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရေးဆွဲမည်ဖြစ်ရာ ယခုလအတွင်း စတင်ရေးဆွဲရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာအခက်အခဲ ရှိသူများ အမှန်တကယ် နေထိုင်ခွင့် ရရှိရန်အတွက် ရည်ရွယ်၍ ယင်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းရန် စီစဉ်နေခြင်းဖြစ်ပြီး ဥပဒေတွင် တန်ဖိုးနည်း တန်ဖိုးမျှတ အိမ်ရာများ ရောင်းချရေး ကော်မတီ ဖွဲ့စည်းရန်၊ ရောင်ချရေး ကော်မတီတွင် ပါဝင်သည့် သူများ၏ ဆွေမျိုးသားချင်းများအား အိမ်ရာများ ဝယ်ယူခွင့် မပေးရန်၊ မည်သည့်လူမျိုးများအား ဝယ်ယူခွင့်ပေးမည် ဥပမာ-လုပ်သက် ၂၅ နှစ်အထက် အစိုးရ ဝန်ထမ်းများအား ဦးစာပေးရန် စသည့်အချက်များကို ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်း၏ ပြောကြားချက်အရ သိရသည်။
ဒေါက်တာညိုညိုသင်း အနေဖြင့် အဆိုပါ ဥပဒေကို မူလက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ရေးဆွဲပေးရန် တိုက်တွန်းကြောင်း အဆိုကို ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ပြုလုပ်ခဲ့သည့် ပထမကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းရန် စီစဉ်ခဲ့သော်လည်း အစိုးရအဖွဲ့ ရေးဆွဲလျှင် ကြာနိုင်သောကြောင့် ယင်းအဆိုကို ရုပ်သိမ်းပြီး ၎င်းကိုယ်တိုင်ရေးဆွဲ၍ လာမည့်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး အပြီးတွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ တည်ဆောက်လျက်ရှိသော ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်း စီမံကိန်းများကိုလည်း ၂၀၁၅ မတိုင်မီ အပြီးတည်ဆောက်မည်ဖြစ်ပြီး ၁၈ ထပ် အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး ဈေးနှုန်းအနေဖြင့် ကျပ်သိန်း ၁၀၀ နှင့် ၂၀၀ အကြား ရှိနိုင်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်မှ ဒဂုံမြို့သစ် မြောက်ပိုင်း ၄၈ ရပ်ကွက်တွင် တည်ဆောက်နေသည့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းနှင့် ၄၂ ရပ်ကွက်တွင် တည်ဆောက်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ အခန်းပေါင်း ၈၀၀ ကျော် ပါဝင်ပြီး တန်ဖိုးများ အနေဖြင့် ခန့်မှန်းအနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော်ရှိနိုင်ကြောင်း ခန့်မှန်းထားရာ အခြေခံ လူတန်းစားများ ဝယ်ယူနိုင်မည့် အနေထား မရှိကြောင်း သိရသည်။
အဆိုပါ အိမ်ရာများအား လုပ်သက်ရင့် ဝန်ထမ်းများ၊ ကျောင်းဆရာမများ ဦးစားပေး ဝယ်ယူခွင့် ရရှိရေး စီမံပေးသွားမည် ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ