By နှင်းရတနာဇေ, Shweproperty.com
Updated at 10 July 2013
ကာလကြာရှည်နေထိုင်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေအတွက် ရန်ကုန်မြို့မှာ အိမ်ငှားရမ်းခ ဈေးနှုန်း အလွန်မြင့်မားတာနဲ့ လက်ရှိအချိန်အထိ အိမ်ရာပိုင်ဆိုင်ခွင့် မရှိသေးတဲ့အတွက် အခက်အခဲကြုံနေကြရပြီး မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တဆင့် တိုက်တွန်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ လက်ရှိအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကွန်ဒိုအငှားအများစု ကုန်သလောက်ရှိနေပြီး နိုင်ငံခြားသားတွေအတွက် လုံးချင်းအိမ်အငှားဈေးနှုန်းလည်း အလွန်မြင့်မားတာကြောင့် အိမ်ရာပိုင်ဆိုင်ခွင့်ကို မျှော်လင့်နေကြတာပါ။
Mac Kingsey ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Managing Director Kelvin Murphy က “နိုင်ငံခြားသားတွေအတွက် ရန်ကုန်မြို့ရဲ့ သင့်တင့်တဲ့နေရာတစ်ခုမှာ လျှပ်စစ်မီးအပြည့်အစုံရရှိတဲ့ အိမ်တစ်လုံးကို ငှားရမ်းလိုတယ်ဆိုရင် အနိမ့်ဆုံးဒေါ်လာ ၁၀,၀၀၀ လောက်တစ်လကို ကုန်ကျပါတယ်၊ ဒီဈေးနှုန်းဟာ လူနေမှုစရိတ်အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဟောင်ကောင်ထက် အနည်းငယ်သာ လျော့နည်းပါတယ်၊ ရန်ကုန်မြို့မှာ နောက်ပိုင်း ဟိုတယ်တွေ အခန်းအခက်အခဲရှိတဲ့အပြင် ကွန်ဒိုမီနီယံတွေကိုလည်း စိတ်တိုင်းကျ ရှာလို့မဖြစ်နိုင်တာတွေ ရှိပါတယ်” လို့ ဆိုပါတယ်။
ကာလကြာရှည်နေထိုင်ဖို့ လုံးချင်းအိမ်နဲ့ ကွန်ဒိုမီနီယံငှားရမ်းလိုတဲ့ နိုင်ငံခြားသားတွေအတွက် လုံခြုံမှုနဲ့ ရေမီး ဝန်ဆောင်မှု အပြည့်အ၀ ရရှိဖို့ အဓိကလိုအပ်ပြီး ငှားရမ်းတဲ့ဈေးနှုန်းကလည်း သင့်တင့်မှုရှိစေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအနှံအပြားမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေနေထိုင်ဖို့ ပတ်ဝန်းကျင်ရွေးချယ်ရာမှာ ပိုပြီးစိုးရိမ်မှုတွေ ရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတွေထံက သိရပါတယ်။
“အခုနှစ်ပိုင်းမှာ ကွန်ဒိုအငှားတွေ တော်တော်များတယ်၊ အဓိကကတော့ ဒီမှာ ကြာကြာနေရမယ့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေပေါ့၊ သူတို့က နောက်ပိုင်း ပတ်ဝန်းကျင်လုံခြုံမှု လိုအပ်ချက်တွေပါထည့်ပြီး တောင်းဆိုလာတယ်၊ ဈေးနှုန်းကတော့ နိုင်ငံခြားသားဆိုရင် ပိုပြီးမြင့်တာတော့ အမှန်ပါပဲ၊ ကွန်ဒိုတွေက အခုဆို ကုန်သလောက်ဖြစ်နေပြီး၊ လုံးချင်းကတော့ ဈေးပိုမြင့်တာပေါ့” လို့ ရွှေမြန်မာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးမောင်မောင်လတ်က ပြောပါတယ်။
နိုင်ငံခြားသား လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားသား အိမ်ရာပိုင်ဆိုင်ခွင့်နဲ့ ပြန်လည်ရောင်းချခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တောင်းဆိုဖို့ပြင်ဆင်နေပြီး လုပ်ငန်းဖက်စပ်ဆောင်ရွက်မယ့် မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI)ကိုလည်း တောင်းဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ