By Lily, Shweproperty.com
Updated at 5 November 2024
ရန်ကုန်မြို့က တိုက်တွေမှာ အခုတလော ဒုက္ခပေးနေတာ ညောင်ပင်တွေပဲလို့ပြောရမယ်။ နောက်ဖေးဝရံတာ အပြင်ဘက်နံရံတွေ၊ တိုက်ရဲ့ လက်လှမ်းမမီတဲ့ ခေါင်မိုးအစပ်နဲ့ ဘေးစပ်နေရာတွေ၊ နောက်ဖေးနံရံတွေ၊ လူမနေတဲ့ တိုက်ခန်းနံရံတွေမှာ ညောင်ပင်တွေကို တွေ့လာရပါတယ်။ ညောင်ပင်ရဲ့ သဘောက အသက်ပြင်းတယ်၊ ဘယ်နေရာမှာမဆို တွယ်ကပ်ပြီး ပေါက်နိုင်တယ်၊ အမြစ်မာကြောတယ်၊ အစေး စေးကပ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်နှက်နေတယ်။ ဘုရား၊ ကျောင်းကန်တွေမှာ ညောင်ပင်ပေါက်ရင်တော့ ဗောဓိညောင်ပင်ဆိုပြီး ရေလောင်းပြုစုဖို့ ကောင်းပေမယ့် လူနေအိမ်ယာ၊ တိုက်တာအဆောက်အဦးတွေမှာတော့ ညောင်ပင်ဟာ တိုက်ကို ပြိုကျစေနိုင်တဲ့အထိ ကြီးတဲ့ ရန်သူပါပဲ။ ဒါကြောင့်လည်းတိုက်နံရံမှာ ညောင်ပင်တွေ့တာနဲ့ လူတွေခေါင်းနပန်းကြီးကြရတာပါပဲ။ ညောင်ပင်က အပင်သေးသေးလေးဆိုရင်တောင် လက်နဲ့အလွယ်တကူဆွဲနှုတ်လို့မရနိုင်အောင် မာကြောပါတယ်။ တချို့ကလည်း အပင်ခုတ်သမားခေါ်ပြီး ခုတ်ပစ်ကြတယ်။ ဒါပေမယ့် အပင်ဟာ မသေသမျှတော့ အရွက်စိမ်းတွေနဲ့ ဝေဆာကြီးထွားနေဦးမှာပါပဲ။ ဒီတော့ ညောင်ပင်တွေကို သူ့အလိုလို ခြောက်သွေ့သေဆုံးကုန်အောင်လုပ်ဖို့ ဒီနည်းလမ်းတွေ သိထားဖို့ လိုတာပေါ့။ အပင်သတ်ဆေးသုံးပါ ညောင်ပင်တွေကိုပါ သေစေနိုင်တဲ့ အပင်သတ်ဆေးကို စိုက်ပျိုးရေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ ညောင်ပင်ရဲ့ အမြစ်နားကို အပင်သတ်ဆေးလောင်းထားပေးနိုင်ပါတယ်။ ဒါဆိုရင် အရွက်တွေတဖြည်းဖြည်းခြောက်လာပြီး အပင်မြန်မြန်သေစေပါတယ်။ တစ်ကြိမ်တည်းနဲ့ မသိသာရင် ထပ်ခါထပ်ခါ အသုံးပြုပေးပါ။ ဓာတ်ဆီ၊ ရေနံဆီသုံးကြည့်ပါ အပင်ရဲ့ ထိပ်ခြားကို ဖြတ်၊ ဓားနဲ့ ဆွပြီး ဓာတ်ဆီ၊ ရေနံဆီ လောင်းထည့်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာလည်းထိရောက်တယ်လို့ ဆိုကြပါတယ်။ မြေသြဇာနဲ့ အဆိပ်ရောကျွေးပါ ဒီနည်းလမ်းကတော့ အစာထဲကို အဆိပ်ခတ်တဲ့ နည်းလမ်းပါပဲ။ ညောင်ပင်က အပင်အစာအမှတ်နဲ့ ဆွဲယူစားသုံးမိပြီး အဆိပ်မိသေဆုံးသွားမယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ပုဂံဘုရားတွေမှာရှိတဲ့ ညောင်ပင်တွေကိုတောင် နှိမ်နင်းနိုင်တဲ့ နည်းလမ်းလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရေနံဆီဝတ်နဲ့ ပတ်ထားပါ ဒါကတော့ ရိုးရာနည်းလို့ပြောလို့ရပါတယ်။ ရေနံဆီတွေ သုတ်လိမ်းထားတဲ့ အဝတ်နဲ့ ပင်စည်ကို ပတ်ထားမယ်ဆိုရင် အပင်တဖြည်းဖြည်းသေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်းတွေကတော့ အဆောက်အဦးမှာ ညောင်မြစ်တွယ်ကပ်နေလို့ ရှင်းလင်းဖို့ ခက်ခဲနေသူတွေအတွက် စရိတ်နည်းတဲ့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ညောင်ပင်ကင်းစင်တဲ့ အိမ်ဂေဟာများ ထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ Written By : Lily ( ShweProperty.com )
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ