By The Myanmar Times, Shweproperty.com
Updated at 17 August 2017
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် အခွန်ဆောင်ရန်အတွက် သတ်မှတ်ကျင့်သုံးရမည့်ရာဖြတ်တန်ဖိုး စံနှုန်းသတ်မှတ်ချက်အသစ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက အတည်ပြုထုတ်ပြန်လိုက်ပြီး စံနှုန်းများကို ယခင်နှစ်ထက် လျှော့ချသတ်မှတ်လိုက်သည်။မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ သြဂုတ် ၃ရက် ရက်စွဲပါ စာအမှတ် (၂/၃ ၄/ ၄ ဦး ၆ (၃၁၂)(စီမံ/ဘဏ္ဍာ) အရ ထုတ်ပြန်ချက်ကို မန္တလေးတိုင်းဒေသကြီးအိမ်ခြံမြေကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ရုံးတွင်သြဂုတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်ကြေညာထားပြီးယခင်နှစ်သတ်မှတ်ချက်များထက် ပျမ်းမျှ ၂ဝ ရာခိုင်နှုန်းအထိ လျှော့ချထားသည်။
မန္တလေးမြို့အတွင်း ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်များအတွင်း ဧရိယာအလိုက်တစ်ဧကစံနှုန်းများအဖြစ်သတ်မှတ်ထုတ်ပြန်ရာ၌ ချမ်းအေးသာစံမြို့နယ်အတွင်းအောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ ၈၄ လမ်းပေါ်(လမ်း ၃ဝ နှင့် ၃၅ လမ်းကြား) နှင့် ချမ်းအေးသာစံ အနောက်ရပ်ကွက်၈၄ လမ်းပေါ် (၂၈ လမ်းနှင့် လမ်း ၃ဝ) ကြားမှာဈေးနှုန်းအမြင့်မားဆုံး ဖြစ်နေကာ တစ်ဧကလျှင်ကျပ်သန်း၁၇,၂၈ဝ မှ ၁၈,၇၂ဝ အတွင်း ရှိနေသည်။
အဆိုပါဧရိယာအတွင်း ယမန်နှစ်က တစ်ဧကလျှင်ကျပ် ၂၁,၆ဝဝ သန်းမှ၂၃,၄ဝဝ သန်းကြား သတ်မှတ်ခဲ့သည်။မြို့တွင်း၌ ဒုတိယဈေးနှုန်း အများဆုံးအဖြစ် ချမ်းအေးသာစံမြို့နယ် ကဉ္စဏမဟီရပ်အတွင်း လမ်း ၈ဝ(၂၆လမ်းမှ ၃၅ လမ်းကြား) တွင် တစ်ဧကလျှင် ကျပ်သန်းပေါင်း၁၅,၈၄ဝ သန်းမှ ၁၇,၂၈ဝ အတွင်းသတ်မှတ်ထားသည်။မြို့သစ်ဧရိယာအတွင်းတွင် ချမ်းမြသာစည်မြို့နယ်အတွင်း သိပ္ပံလမ်းမပေါ် (လမ်း ၆ဝ မှမင်္ဂလာမန္တလေးအနောက်ဘက် ရေနီမြောင်းအထိ) မှာ စံနှုန်းသတ်မှတ်ချက် အမြင့်ဆုံး ဖြစ်နေကာတစ်ဧကလျှင် ကျပ်သန်းပေါင်း၁၄,၁၈ဝ သန်းမှ ၁၄,၈၅ဝ သန်းအတွင်း သတ်မှတ်ထားသည်။
အဆိုပါဧရိယာကို ယခင်နှစ်က တစ်ဧကလျှင်ကျပ်သန်းပေါင်း ၁၈,၉ဝဝ သန်းမှ ၁၉,၈ဝဝ သန်းအတွင်းသတ်မှတ်ခဲ့သည်။ မြို့သစ်ဧရိယာအတွင်း ယခု စံနှုန်း ဒုတိယအများဆုံးအဖြစ် မြို့သစ် (၁) ဧရိယာအတွင်း၆၂ လမ်းမပေါ်တွင် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁၂,၂၄ဝ သန်းမှ ၁၂,၉၆ဝ သန်းအတွင်း သတ်မှတ်ထားသည်။ယခင်က အိမ်ခြံမြေစံနှုန်းများနှင့် ပတ်သက်၍ ရာဖြတ်တန်ဖိုးသတ်မှတ်ချက်များမှာ ဈေးကွက်အတွင်းလက်တွေ့အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများထက် များပြားသည်ဟု ဝေဖန်မှုများ ရှိခဲ့ကာအိမ်ခြံမြေအရောင်းအဝယ်အေးရခြင်း အကြောင်းရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်းအိမ်မြေအကျိုးဆောင်အများစုက သုံးသပ်ခဲ့ကြသည်။
''အခု အိမ်မြေစံနှုန်းသတ်မှတ်ချက်တွေဒီလိုလျော့လာတာ ဝမ်းသာမိပါတယ်။ ဒါပေမဲ့တစ်ဖက်မှာအခွန်နှုန်းထား သတ်မှတ်ချက်တွေက ဈေးကွက်မှာ အရောင်းအဝယ်အတွက် အတိုင်းအတာတစ်ခုအထိ အတားအဆီးဖြစ်နေနိုင်သေးတယ်။ အထူးသဖြင့်တန်ဖိုးမြင့်တဲ့ အိမ်မြေအကွက်အကွင်းတွေအတွက်ပါ''ဟု မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ဝင်းက ယခုလ ၁ဝ ရက်တွင်ပြောသည်။
လက်ရှိ သတ်မှတ်ချက်အရ ဝင်ငွေရလမ်းပြနိုင်ခြင်း မရှိပါက အိမ်မြေတန်ဖိုး တစ်ကျပ်မှ ကျပ်သိန်း၃ဝဝ အထိကို ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝ၁ မှ ကျပ်သိန်း ၁,ဝဝဝ အထိကို ၂ဝရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရန် သတ်မှတ်ထားရာအခွန်သတ်မှတ်ချက်မှာ တန်ဖိုးမြင့်အိမ်မြေများအတွက် ပိုမိုစဉ်းစားဖွယ် ဖြစ်နေသည်။လက်ရှိအခွန်စနစ် မတိုင်မီက အိမ်မြေတန်ဖိုး တစ်ကျပ်မှ ကျပ်သိန်း ၁,ဝဝဝ အထိကို၃ ရာခိုင်နှုန်း၊ကျပ်သိန်း ၁,ဝဝ၁ မှ ကျပ်သိန်း၅,ဝဝဝ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝ၁မှ ကျပ်သိန်း၁ဝ,ဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်း၊ကျပ်သိန်း ၁ဝ,ဝဝ၁ မှ ကျပ်သိန်း ၁၅,ဝဝဝ အထိကို ၂ဝရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,ဝဝ၁ နှင့်အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာ ဝယ်ယူသူများအတွက် ပိုမို လုပ်သာကိုင်သာရှိခဲ့သည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ