By Builders Guide, Shweproperty.com
Updated at 20 November 2017
ရန်ကင်းမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေတွင် ဂျပန် Kajima ကုမ္ပဏီမှ ဟိုတယ်နှင့် အိမ်ရာလုပ်ငန်းဆောက်လုပ်ရန် ကန်ဒေါ်လာ သန်း ၄ဝဝခန့်ရင်းနှီးမြှုပ်နှံမည်ဟုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်း သိရသည်။
ယင်းစီမံကိန်းသည် ရန်ကင်းလမ်းနှင့် ဆရာစံလမ်းထောင့် တွင် ရှိပြီး နှစ် ၇ဝကြာလုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကာ ပြည်တွင်းတွင် ရာခိုင်နှုန်းပြည့်ဂျပန်နိုင်ငံသားပိုင်ဆိုင်သော ကြီးမားသည့်စီမံကိန်းတစ်ခုဖြစ်သည်။
မြေသည်အစိုးရပိုင်မြေဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် အစိုးရမပါပဲ ပုဂ္ဂလိကမှ သီးသန့်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်းကို သိရသည်။
ယင်းစီမံကိန်းတွင် အထပ်၂ဝပါ ဟိုတယ်တစ်ခုအပါအဝင် အထပ်မြင့်အဆောက်အအုံသုံးခုပါဝင်ပြီး စီမံကိန်းပြီးစီးပါက ကြမ်းခင်းဧရိယာပမာဏ ၁၇ဝ,ဝဝဝ စတုရန်းမီတာ(၄၂ဧကကျော်) ရှိလာမည်ဟု ဂျပန်ကုမ္ပဏီထံမှ သိရသည်။
ယင်းအဆောက်အအုံသည် မြို့ပြအစိတ်အပိုင်းတွင် ပါဝင်နေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားစေရန် ဆောင်ရွက်ချက်လည်းပါဝင်မည်ဖြစ်သည်။ ထို့အပြင်သဘာဝဘေးကာကွယ်ရေးအတွက် အစားအစာနှင့် ရေသိုလှောင်မှု စနစ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခုစီမံကိန်းသည် နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ Kajima ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရပြီး ဂျပန်မြို့ပြယဉ်ကျေးမှုတစ်ခုကို အာရှနိုင်ငံတစ်ခုတွင် ဖြန့်ကြက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားကြောင်း သိရသည်။
စီမံကိန်းတည်နေရာကို ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်း Kajima Corporation သည် ၂ဝ၁၇ခုနှစ် ဇူလိုင် ၁၁ရက်တွင်ပြုလုပ်သော မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ၁ဝ/၂ဝ၁၇ တွင် Kajima Yankin PPP Co.,Ltd အမည်ဖြင့် လုပ်ကိုင်ခွင့်တစ်ခုရရှိထားကြောင်း သိရသည်။
ယင်းစီမံကိန်းတည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ရန်ကင်းလမ်းနှင့် ဆရာစံလမ်းထောင့်မြေကွက် ကိုးကွက်အား ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုထားခြင်းဖြစ်သည်။
ယင်းစီမံကိန်းအကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်ကုမ္ပဏီတို့သည် နိုဝင်ဘာ ၁၈ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
Ref & Photo Credit : Builders Guide
Posted By : Ra Wai (Shwe Property)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ