By Lily, Shweproperty.com
Updated at 31 October 2022
ရန်ကုန်မြို့မှာ လူနေထူထပ်ပြီး မြေနေရာ ရှားပါးခြင်းကြောင့် အထပ်မြင့် တိုက်ခန်းတွေ၊ ကွန်ဒိုတွေကို နေရာတိုင်းမှာလိုလို တွေ့မြင်လာရပါတယ်။ အထပ်မြင့် တိုက်တာအဆောက်အအုံတွေဟာ ကျောင်းနီး၊ ဈေးနီးခြင်း၊ ဈေးနှုန်းချိုသာခြင်း၊ အသင့်နေနိုင်ခြင်း၊ လုံခြုံမှုရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ ဒါပေမယ့် တိုက်ခန်းနေသူများဟာ အဆောက်အဦး တစ်ခုတည်းမှာ စုပေါင်းနေထိုင်ခြင်း ဖြစ်တဲ့အတွက် စုပေါင်းကျခံရမယ့် အသုံးစရိတ်တွေကိုလည်း မေ့လျော့ထားလို့ မရပါဘူး။ စုပေါင်းနေထိုင်ရာ အထပ်မြင့် တိုက်တာ အဆောက်အဦးများမှာ အဆောက်အဦး ဟောင်းနွမ်းလာခြင်းကြောင့်ပဲဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ခုကြောင့် ဖြစ်စေ ထိခိုက်ပျက်စီးလာခဲ့ရင် တိုက်ခန်းနေသူအားလုံးမှ စုပေါင်းကျခံကာ ပြင်ဆင်ရလေ့ ရှိပါတယ်။ ဒီလိုစုပေါင်းကျခံ တိုက်ခန်းပြင်ဆင်စရိတ် စနစ်မှာ လူအများ မေးလေ့ရှိတဲ့ အချက်လေးတွေကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်နော်။ ကိုယ့်တိုက်ခန်းလေးကို အခန်းသစ်ဖွဲ့မယ်၊ နံရံဆေးသုတ်မယ်ဆိုရင် မြေရှင်ရဲ့ သဘောတူညီချက် လိုအပ်သလား? တကယ်လို့ ကိုယ့်တိုက်ခန်းလေးမှာ အခန်းသစ်ဖွဲ့ချင်တယ်၊ အခန်းကလည်း အခိုင်အမာကြီးမဟုတ်ဘူး၊ အထပ်သားနဲ့ပဲဖွဲ့မယ်၊ အခန်းဆေးရောင်သစ်လေး ပြန်သုတ်မယ်ဆိုရင်တော့ မြေရှင်ရဲ့ သဘောတူညီချက် မလိုအပ်ပါဘူး။ ဒါမှမဟုတ် ကိုယ်က အခန်းကို အခိုင်အမာ အုတ်စီပြီးဖွဲ့မယ်၊ ထပ်ခိုးဆောက်မယ်၊ နံရံကိုဖောက်ပြီးဆောက်လုပ်မယ်ဆိုရင်တော့ မြေရှင်ရဲ့ သဘောတူညီချက် မပါရင် တရားစွဲခံရတဲ့ထိတောင် ဖြစ်လာနိုင်ပါတယ်။ အဆောက်အအုံ တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ မိလ္လာကိစ္စ၊ ဆေးသုတ်မယ့် ကိစ္စမျိုးတွေမှာ အဆောက်အအုံမှာ နေထိုင်ကြသူတွေအားလုံး စုပေါင်းထည့်ဝင်ဆောင်ရွက်ကြရဖို့ ဥပဒေရှိသလား? ဥပဒေအဖြစ်နဲ့ သီးခြားပြဋ္ဌာန်းထားခြင်းတော့ မရှိသေးဘူး။ အများဆိုင် အိမ်ရာတွေမှာဆိုရင်တော့ တိုက်ခန်းပိုင်ရှင်တွေရဲ့ စုပေါင်းကော်မတီ တစ်ခုဖွဲ့စည်းထားပြီး လစဉ် ဝန်ဆောင်မှုအတွက် စုပေါင်း ထည့်ဝင်ငွေ စုဆောင်းကြလေ့ ရှိပါတယ်။ အဆောက်အအုံရဲ့ ပြင်ဆင်စရိတ်ကို အဲဒီစုပေါင်း ထည့်ဝင်ငွေတွေနဲ့ ပြင်ဆင် ဆောင်ရွက်ကြရပါတယ်။ အဆောက်အဦး ပြင်ဆင်မှုအတွက် စည်ပင်ကို လျှောက်ထားဖို့ လိုအပ်ပါသလား? လိုအပ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အသေးစားပြင်ဆင်မှုနဲ့ အကြီးစားပြင်ဆင်မှုဆိုပြီး ကိုယ်ပြင်ဆင်မယ့် ပမာဏအလိုက် ပြင်ဆင်ခွင့်လျှာက်ထားနိုင်ပါတယ်။ အဆောက်အဦး ပြင်ဆင်ဖို့အတွက် စည်ပင်နဲ့ မြေရှင် သဘောတူညီဖို့ လိုအပ်ပါသလား? ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ဥပဒေပုဒ်မ (၇၄) အရ မြို့တော် နယ်နိမိတ်အတွင်း လူနေအဆောက်အဦး တစ်ခုခုရဲ့ ပျက်စီးမှုအခြေအနေဟာ မြို့တော် အင်္ဂါရပ်ကို ထိခိုက်စေရင်ဖြစ်စေ နောင်တချိန်မှာ အန္တရာယ် ရှိလာနိုင်သည်ဖြစ်စေ စည်ပင် ကော်မတီဟာ ပိုင်ရှင်သို့မဟုတ် နေထိုင်သူကို မူလအတိုင်း ပြန်လည်ပြင်ဆင်ရန် ဆင့် ဆိုနိုင်ပြီး အဆောက်အအုံ ပိုင်ရှင်က ငြင်းဆန်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့် စည်ပင်နဲ့ မြေရှင် သဘောတူညီဖို့ မလိုအပ်ပါဘူး။ ဒါဆိုရင်တော့ တိုက်ခန်းနေသူတွေ သိထားသင့်တဲ့ စုပေါင်းကျခံပြင်ဆင်စရိတ်နဲ့ ပတ်သတ်ပြီး ဗဟုသုတတစ်ခု ရလိမ့်မယ်လို့ ယုံကြည်မိပါတယ်ရှင်။ Shwe Property ရဲ့ မိတ်ဆွေများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။ ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေ ဆောင်းပါးများ အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွား နေအိမ်ဝယ်ခါနီးရင် စဉ်းစားဖို့လိုမယ် အိမ်ငှားထားရှိတဲ့အိမ်ကို ဝယ်မယ်ဆိုရင် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေများကို တရားဝင်ခွဲစိတ်ရောင်းချတော့မယ်ဆိုရင် Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ