By Fifthwave News, Shweproperty.com
Updated at 24 May 2019
ယခုနှစ် ဇွန်လ ၁ ရက်မှစ၍ လယ်ယာမြေ ပုံစံ ၇ များကို စနစ်တကျ နာမည်ပြောင်းနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
“မြေယာကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရတဲ့နေရာမှာ တဖက်ကနေ အခြားနည်းလမ်းဆောင်ရွက်ရတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းရတဲ့ကိစ္စရှိသလို မြေသိမ်းကိစ္စလဲ ရှိပါတယ်။ ဒီအခြားနည်းလမ်းဆောင်ရွက်တဲ့နေရာမှာလဲ ဥပဒေအရ ကျွန်တော်တို့ကို ပေးထားတဲ့ အခြေနေဟာ ၂၀၁၂ လယ်ယာမြေဥပဒေမှာ အခြားနည်းလမ်းကို ပုံစံ ၇ ရရှိသူကိုပဲ အရေးယူရမှာ ဖြစ်နေပါတယ်။ ဒီကိစ္စကလဲ ပုံစံ ၇ က တခြားသူ နာမည်ဖြစ်ပြီးတော့ လုပ်တဲ့သူက တစ်ယောက်ဖြစ်နေပါတယ်။ အဲ့တော့ ဥပဒေအရလဲ ဒီကိစ္စကို ဆောင်ရွက်ဖို့ အခက်အခဲဖြစ်နေပါတယ်။ ပုံစံ ၇ နာမည်ပေါက်တဲ့သူနဲ့ ပုံစံ ၇ နာမည်မပေါက်ဘဲ ဝယ်ထားတဲ့ သူကနေ အခြားနည်းလမ်း လုပ်ကိုင်နေသလိုဖြစ်နေပါတယ်။ ဒါကြောင့် အခြားနည်းလမ်း ခွင့်ပြုချက်မရဘဲ တည်ဆောက်သလိုမျိုးဖြစ်နေတယ်။ “ဟု ၎င်းကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဌာနဘက်မှ ပုံစံ ၇ နာမည်ပြောင်းရန်အတွက် ညွှန်ကြားချက် ထွက်ရှိလာပြီဖြစ်သောကြောင့်ဇွန်လ ၁ ရက်မှစတင်ကာ ပုံစံ ၇ များ နာမည်ပြောင်းရနိုင်ပြီဖြစ်သည်။
ထို့ကြောင့် ရန်ကုန်တိုင်းအနေဖြင့် ဇွန်လ ၁ ရက်မှစ၍ ပုံစံ ၇ များကို စနစ်တကျ နာမည်ပြောင်းနိုင်အောင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လယ်ယာမြေကဏ္ဍနှင့် အခြားနည်းလမ်း ရရှိပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် နေသူများ အားလုံးအတွက် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးနိုင်သည့် နယ်ပယ်အားလုံးကို ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။
” ဒီနာမည်ပြောင်းလို့ရရင်တော့ လယ်ယာမြေကို ဝယ်တယ်၊နာမည်ပြောင်းမယ်၊ ပြီးမှ သူတခြားနည်းလမ်း လျှောက်မယ်၊ တခြားနည်းလမ်းမလျှောက်ဘဲနဲ့ ကိုယ့်ဟာကို လုပ်မယ်ဆိုရင်လဲ ပုံစံ ၇ နာမည် ပြောင်းထားတဲ့ လူကိုသာ အရေးယူဆောင်ရွက်မှုကို ဆက်ပြုနေမှာဖြစ်ပါတယ်။ “ဟု ဝန်ကြီးချုပ်က ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေများနှင့်ပတ်သက်၍ အခြားနည်းလမ်း လျှောက်ထားခြင်းမရှိဘဲ ပေါ်ပေါက်နေသည့် အမှုပေါင်း ၁၈၀၀၀ ခန့် ရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍လည်း စနစ်တကျ ဥပဒေဘောင်ထဲသို့ ပြန်လည်သွင်းနိုင်ရန်ပြည်ထောင်စု ဝန်ကြီးဌာနဘက်ကို သဘောထား တောင်းခံထားသည်ဟုဆိုသည်။
“၂၀၁၂ လယ်ယာမြေ ဥပဒေအရဆို ဒဏ်ရိုက်ရမှာဖြစ်ပါတယ် ။ဒဏ်ရိုက်ပြီးရင် မြေကိုသိမ်းရမှာပါ ။အဲ့မြေကို လယ်ယာမြေအဖြစ် ပြန်လည်အသုံးပြုရမှာဖြစ်ပါတယ်။ဒဏ်ရိုက်ပြီးတာတောင် အခြားနည်းလမ်း ပေးသုံးလို့မရပါဘူး။ဒါပေမယ့် ဒီကိစ္စကို အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်မယ်ဆိုရင် ဥပဒေရဲ့ အခွင့်အလမ်းတွေထဲကနေ ၂၀၁၂ လယ်ယာမြေဥပဒေ မတိုင်ခင်က ပေါ်ပေါက်ခဲ့တဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအခွင့်လမ်းပေးပြီး ဆောင်ရွက်သွားမလဲဆိုတာ ညှိနှိုင်းဆောင်ရွက်ကြရမှာပါ ၊ဒီနေရာမှာ မန္တလေးတိုင်းဘက်ကတော့ တစ်ဧကကို ၁၀ သိန်း ရိုက်တယ်တို့ ရှမ်းပြည်ဘက်မှာ သိန်း ၂၀ ရိုက်တယ်တို့ ပြီးရင် ဒါကို အခြားနည်းလမ်းပေးဖို့အတွက် ဆောင်ရွက်ခဲ့တာမျိုးဖြစ်ပါတယ်။ ဥပဒေအရဆို ဒဏ်ရိုက်ပြီးတာတောင် အခြားနည်းလမ်းပေးလို့ မရတဲ့အခြေနေပါ။ “ဟု ၎င်းကပြောသည်။
ယင်းကဏ္ဍကို ဥပဒေလုပ်ထုံးလုပ်နည်းများအပြင် ပြည်ထောင်စုဝန်ကြီးဌာန နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့၏ လမ်းညွှန်မှုအောက်က ဆောင်ရွက်သွားကြရ မည့် အခြေနေမျိုးရှိကြောင်းသိရသည်။
ထို့ကြောင့် မြေများနှင့်ပတ်သက်၍ အထူးအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနကို သဘောထားတောင်းခံထားရာ ရန်ကုန်တိုင်းအတွက် ဖွဲ့စည်းခွင့်ရရှိပြီဖြစ်သည်။
“မြေဟာ အခြားနည်းလမ်းပြောင်းသွားရင် ဈေးပြောင်းလဲချက်ရှိပါတယ်။ ဒီအခြေနေကို တန်ဖိုးတစ်ခု ငွေပေးပြီး အခြားနည်းလမ်းကို လွယ်လွယ် ပြောင်းလို့ရတယ်ဆိုရင် အားလုံးက အခွန်ဆောင်ပါမယ်၊ အခြားနည်းလမ်း ပြောင်းလဲရေး အတွက် ဒဏ်ကြေးကျခံပါမယ်ဆိုပြီးတော့ ထင်ရာ ဆောင်ရွက်လာနိုင်စရာတွေ ရှိပါတယ်။ “ဟု ဆိုသည်။
ရန်ကုန်တိုင်းသည် မြေနှင့်ပတ်သက်ပါက စနစ်တကျ ကိုင်တွယ်နေရသည့် အခြေနေဖြစ်သောကြောင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ကိုင်တွယ် ဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုသည်။
ရန်ကုန်တိုင်းတွင် ဗဟိုကို တင်ပြထားမှုနှင့် ပြီးခဲ့သည့် အစိုးရလက်ထက်က ကျန်ရှိခဲ့သည့် မြေသိမ်းအမှု တွဲပေါင်း ၅၀၀၀ ခန့် စစ်ဆေးနေရပြီး ယင်းအမှုတွဲ များအနက် အမှုတွဲ ၁၀၀ ကျော်ခန့်သာ ကျန်ရှိသော ကြောင့် ယင်းတို့ကို စိစစ်ပြီး ဗဟိုကို ပေးပို့ရန် ပြင်ဆင်နေကြောင်းသိရသည်။
Ref & Photo Credit : Fifthwave News
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ