By Myanmar Times, Shweproperty.com
Updated at 4 June 2015
ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက် ရေး လုပ်ကိုင်မည့်ကုမ္ပဏီများကို နောက်ဆုံး ရည်ရွယ်အဆင့်ရွေးချယ်ထားပြီးဖြစ်သော် လည်း နှစ်ဖက်ညှိနှိုင်းမှုများ အဆင်မပြေပါက လုပ်ကိုင်ခွင့်ပေးသွားမည်မဟုတ်ဘဲဆက်လက်တင်ဒါခေါ်ယူသွားမည်ဟု၎င်းစီးပွားရေးဇုန်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင် ဦးသန်းမောင်ကမြန်မာတိုင်း(မ်)ကို ပြောသည်။
လုပ်ကိုင်ခွင့်ပေးအပ်သွားရန် နောက်ဆုံး အဆင့် ရည်ရွယ်ထားသည့် ကုမ္ပဏီများ၊ ဇုန် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့များအကြား ညှိနှိုင်း ဆွေးနွေးခြင်းကို ယခု ပြီးခဲ့သည့်လလယ်ပိုင်း က နေပြည်တော်၌ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
"တကယ်ပေးမယ်လို့ စီစဉ်ထားတဲ့ ကုမ္ပဏီ တွေကို နောက်ဆုံးရည်ရွယ်အဆင့်အနေနဲ့ ရွေးထားပြီးပါပြီ။ ဒါပေမဲ့ နှစ် ၅၀ စာ လုပ်ပိုင် ခွင့်ကို သေသေချာချာမညှိနှိုင်းဘဲနဲ့ ပေးလိုက် ရင် ဒေသအတွက် နစ်နာမှာစိုးရတယ်။ညှိနှိုင်း လို့ အဆင်မပြေရင် ရပ်ထားမှာရမှာပါ" ဟု ဦးသန်းမောင်က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် တည် ဆောက်ရန် တင်ဒါခေါ်ယူရာတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ကုမ္ပဏီပေါင်း ၃၀ ကျော်က တင်ဒါတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခင်က ၎င်းစီးပွားရေးဇုန်ကို ယခုနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများစတင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် လုပ်ကိုင်ခွင့်ပေးအပ်ရန် နောက်ဆုံးရည်ရွယ်ထားသည့် လုပ်ငန်းများနှင့် ညှိနှိုင်းမှုအဆင်မပြေပါက တည်ဆောက်ရေးလုပ်ငန်း များ စတင်နိုင်မည့်ကာလပင် ထပ်မံနှောက် နှေးသွားနိုင်ဖွယ်ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ကနဦးတည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်း၊ ကုန်ထုတ်လုပ်ငန်းများပါဝင်မည့် စက်မှုဇုန် တည်ထောင်ခြင်းနှင့် လူနေ အိမ်ရာ တည်ဆောက်ခြင်း စသည့် စီမံကိန်း သုံးရပ်ကို လုပ်ဆောင်သွားမည်ဖြစ်သည်။
ထို့အတွက် တင်ဒါယှဉ်ပြိုင်သူများသည် စီမံကိန်း သုံးခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် ထားသည့် ကုမ္ပဏီများနှင့် စီမံကိန်းနှစ်ခုကိုယှဉ်ပြိုင်ထားသည့် ကုမ္ပဏီများပါဝင်သည်ဟု ၎င်းကပြောသည်။ "လောလောဆယ်မှာ နှစ်ဖက်အကျိုး ကျေးဇူးကို ညှိနှိုင်းရမှာဖြစ်တဲ့အတွက် ရည် ရွယ်အဆင့်မှာပါတဲ့ ကုမ္ပဏီတွေကို ထုတ်ပြောဖို့ မဖြစ်သေးပါဘူး။ ညှိနှိုင်းမှု အောင်မြင်ပြီးတော့မှ ထုတ်ပြန်ပေးမှာပါ။ မအောင်မြင် ရင်တော့တင်ဒါပြန်ခေါ်မှာလား ကျန်ခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ဆက်ညှိမလား ဆိုတာက စဉ်းစားဆဲသာဖြစ်ပါတယ်" ဟု ဦးသန်းမောင် ကပြောသည်။
၎င်းစီးပွားရေးဇုန်သည် စက်မှုလုပ်ငန်း များ တည်ဆောက်ရန် မြေဧရိယာတစ်ခု တည်းပင် ၆၁,၇၇၉ ဧကရှိကာ ၂၀၂၅ ခုနှစ် တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရန်လျာထားကာ ကနဦး တည်ဆောက်ရေး လုပ်ငန်းများတွင်ပင်'ကန်'ဒေါ်လာ ၂၂၇ သန်း ကျော် ကုန်ကျမည်ဟု ဇုန်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်းက တရားဝင် ပြောကြား ထားပြီးဖြစ်သည်။Myanmar Kyut Phyu Holding Public အတွင်းရေးမှူး ဦးတင်အောင်က "တင်ဒါရွေးချယ်မှုက နောက်ဆုံးအဆင့် ရောက်နေပြီလို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီကလည်းလုပ်ငန်းစတင်ဖို့အတွက် ရှယ်ယာတွေကို ထုတ်ပြီး ရောင်းတော့မှာပါ" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီးပွား ရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းများ ရှိသော်လည်း ၎င်းတို့အနက် သီလဝါ အထူး စီးပွားရေးဇုန် တစ်ခုတည်းသာ ကုန်ထုတ် လုပ်ငန်းများလည်ပတ်နိုင်ရန် ပြင်ဆင်သည့် အနေအထားသို့ ရောက်ရှိလာခြင်းဖြစ် သည်။ ထားဝယ်အထူးစီးပွားရေးဇုန်သည် တည်ဆောက်လုပ်ငန်းများကို ရပ်ဆိုင်းထား သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ပထဝီမြေအနေအထားအရအိန္ဒိယနိုင်ငံ အရှေ့ ပိုင်း ဒေသများနှင့် တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ဒေသများအတွက် အဓိက ရေလမ်းကုန်စည်ကူးသန်းမှု ထွက်ပေါက် ဖြစ်လာနိုင်သည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ