By Myanmar Times, Shweproperty.com
Updated at 19 March 2015
ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်လိုသူ တင်ဒါ အောင်မြင်သည့် စာရင်းကိုယခုမတ်လကုန်ပိုင်းတွင် အပြီးသတ် ထုတ်ပြန်သွားရန်ရှိကြောင်း တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့အဖွဲ့ဝင် ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။ "နောက်ဆုံးအဆင့် အင်တာဗျူးတာတွေ အခုလုပ်နေပါပြီ။ အဲဒါပြီးရင်တော့ အပြီးသတ်စာရင်းထုတ်ပြန်သွားမှာပါ " ဟု၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်လိုသူအဖြစ် နောက်ဆုံး ဆန်ခါတင်ကျန်ရှိသည့်ကုမ္ပဏီစာရင်းများအရ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီအများစုဖြစ်ခြင်းကြောင့်တင်ဒါအောင်မြင်မည့် ကုမ္ပဏီမှာလည်း တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများ ဖြစ်နိုင်ခြေအလားအလာများလျက်ရှိကြောင်း တင်ဒါရွေးချယ်မှု လုပ်ငန်းစဉ်နှင့် ဆက်စပ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်လိုသူအဖြစ် နောက်ဆုံးဆန်ခါတင် စာရင်းတွင်ကုမ္ပဏီ ၁၂ ခုကျန်ရစ်ပြီး ယင်းအနက် နိုင်ငံသားကုမ္ပဏီ တစ်ခုသာ ပြည်တွင်းအခြေစိုက်အဖြစ်ပါဝင်ပြီး ကျန်ကုမ္ပဏီ ၁၁ ခုမှာ တရုတ်နိုင်ငံ အခြေစိုက်ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။ "ကျွန်တော် သိရသလောက် နောက်ဆုံး အဆင့်ညှိနှိုင်းမှုမှာ အကျိုးအမြတ်ရာခိုင်နှုန်းနဲ့ပတ်သက်လို့ မြန်မာဘက်ခြမ်းက တောင်းဆိုထားတဲ့ဟာနဲ့ တည်ဆောက်လိုသူဘက်ကပေးနိုင်တဲ့ အခြေအနေမှာ သဘောတူညီမှု မရသေးလို့ ကြန့်ကြာနေတာ" ဟု ဂိုးဒင်းလ်လန်းဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီ အမှုဆောင်အရာရှိ ဦးဖိုးချိုက မြန်မာတိုင်း(မ်)ကို ပြောသည်။ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်သန်းက နောက်ဆုံးအဆင့်တင်ဒါရွေးချယ်မှုသည် ထိလွယ်ရှလွယ်သဖြင့် အသေးစိတ် စိစစ် လုပ်ဆောင်လျက်ရှိကြောင်း၊စိစစ်ရွေးချယ်ပြီးစီးပါက ဗဟိုကော်မတီသို့ တင်ပြပြီးမှသာ ထုတ်ပြန်သွားရန်ရှိကြောင်းဆိုသည်။ "နောက်ဆုံးအဆင့် တင်ဒါစိစစ်မှုကို သတိထားလုပ်ဆောင်နေပါတယ်" ဟု ဦးအောင်ကျော်သန်းက ပြောသည်။ ပါရမီ စွမ်းအင်ကုမ္ပဏီများအုပ်စု အကြီးတန်းစီးပွားရေးအကြံပေး ဦးတင်ချိုက "အစိုးရအနေနဲ့ဒီစီးပွားရေးဇုန်ကနေ တိုင်းပြည်အတွက် ဘယ်လောက်အထိ အကျိုးအမြတ်ဖြစ်ထွန်းမလဲဆိုတာကို စဉ်းစားသင့်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် တိုင်းပြည်အတွက် အကျိုးအမြတ်မရဘဲရင်းမြစ်တွေ ဆုံးရှုံးသွားတဲ့ အရင် တရုတ်ကုမ္ပဏီတွေနဲ့ လုပ်တဲ့လုပ်ငန်းတွေလိုပဲ ဆုံးရှုံးမှုတွေထပ်ဖြစ်လာဦးမှာပဲ" ဟု ဦးတင်ချို ကပြောသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတိက်မှုဝန်ကြီးဌာန၊ နိုင်ငံတကာစီးပွားဆက်ဆံရေးဌာ နညွှန်ကြားရေးမှူးဟောင်း ဒေါ်တင်တင်ဌေးက အထူးစီးပွားရေးဇုန် စတင်ချိန်တွင် ခိုင်မာထိရောက်သည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်းပြောသည်။ "အန်တီတို့အနေနဲ့ တရုတ်နဲ့ပဲဖြစ်ဖြစ်၊ အိန္ဒိယနဲ့ပဲဖြစ်ဖြစ် ပူးပေါင်းလုပ်ဆောင် ရမှာပါပဲ။ တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ဆောင်သူတွေ ဖြစ်ဖို့အတွက်တော့ လုပ်ဆောင်ရမှာဖြစ်တယ်" ဟု ၎င်းကပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်မှုလုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး အစိုးရချင်း ချိတ်ဆက်လုပ်ဆောင်သည့် ထားဝယ်၊သီလဝါ အထူးစီးပွားရေးဇုန်လုပ်ငန်းများကဲ့သို့ မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းချင်း ချိတ်ဆက်လုပ်ကိုင်သွားရန် ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။ မဟာစီမံကိန်းကို ၂၀၁၄ ခုနှစ်၊ မတ်လအစောပိုင်းက ထုတ်ပြန်ခဲ့ပြီး ရည်မှန်းထားချက်အရဧက ၄,၀၀၀ ကျော်မြေဧရိယာတွင် ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၂၇ သန်းဖြင့်စတင်သွားရန် ရှိခြင်းဖြစ်သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်မှုအတွက် ပြည်တွင်းကုမ္ပဏီက တင်ဒါဝင်ရောက်ယှဉ်ပြိုင်ထားသည့် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု အမှုဆောင်အရာရှိ ဦးပြည့်ဝထွန်းကကော်မတီက မြန်မာနိုင်ငံ၏ စီးပွားရေး ရေရှည်ဖွံ့ဖြိုးမှုကို တွက်ဆပြီး တင်ဒါရွေးချယ်မှုလုပ်ငန်းစဉ်ကို ဆောင်ရွက်သင့်ကြောင်း၊ အဆောတလျင် ဆုံးဖြတ်အတည်ပြုခြင်းမျိုး မပြုမိအောင်ဂရုပြုသင့်ကြောင်း ပြောသည်။ "ကျွန်တော်တို့အနေနဲ့ ရေရှည်အခြေအနေကို စဉ်းစားပြီး လုပ်ဆောင်သင့်တာအမှန်ပါပဲ" ဟု၎င်းကပြောသည်။ အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ကျောက်ဖြူမြို့အရှေ့ဘက် တစ်မိုင်ခန့် အကွာရှိမြေနေရာတွင် တည်ဆောက် အကောင်အထည်ဖော်သွားရန် လျာထားခြင်းဖြစ်ပြီး စီမံကိန်းတည်ဆောက်မှုကို နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံချက်များ ချမှတ်၍ ၂၀၄၅ ခုနှစ်ထိရေရှည်စီမံကိန်းအဖြစ် အကောင်အထည်ဖော်သွားရန် ရှိကြောင်း သိရသည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ